ဒေါ်လာဘီလီယံများစွာရင်းနှီးဆောက်လုပ်ခဲ့သည့် နေပြည်တော်မြို့နှင့်အစိုးရအဖွဲ့ရုံးဌာန၊အိမ်တော်ကြီးများကို မူလတည်ဆောက်ခဲ့သူများမှ ဆယ်စုနှစ်တခုပြည့်အောင်ပင်မနေလိုက်ရပဲ လွှဲပေးကြရတော့မည်။
နိုင်ငံအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ” မြန်မာပြည်၏အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့်အမှန်တရားပင်ဖြစ်။ ” ဟု ဆိုလိုက်ကြောင်း
မြေးဖြစ်သူ နေရွှေသွေးအောင်မှ တဆင့်ထုတ်ပြန်ကျေညာပြီးသည်နောက်ဝယ် အာဏာကို ငြိမ်းချမ်းစွာလွှဲပြောင်းပေးတော့မည်ဟု လက်ခံလျှက်”ဟင်း”ချမိပါ၏။ စွန့်လွှတ်ခြင်းသည်လည်း မြင့်မြတ်သော
ကိစ္စတခုမဟုတ်လော။ သာဓု ၁ကြိမ်ခေါ်လိုက်ပါသည်။
၂၀၁၆သည် မြန်မာပြည်သစ်၏ နိဒါန်းဖြစ်မည်။ ရွေးကောက်တင်မြောက်ခံလိုက်ရသော အစိုးရသစ်သည် လူထုအသံနားထောင်ရင်း အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုလုပ်ကြရပေလိမ့်မည်။ ဤတွင် မီဒီယာဟု
ခေါ်သော ကြားခံနယ်ကဏ္ဍသည်လွန်စွာအရေးပါလာပါမည်။ သည်တွင်-သည်မှ-သည်သို့ဆိုမည်။

တွင်းနှင့်ဆည်

ဖားကန့်ဒေသတွင်ကြောက်စရာ့တွင်းတူး၍ ကျောက်မျက်ရတနာရှာချက်များကိုတွေ့ကြရသည်။ စက်ယာဉ်ယန္တရားပေါင်း၂သောင်းမျှနှင့် လုပ်သားအင်အား ၁သိန်းကျော်တို့မှ နေ့မီးညမီးနှင့်
တူးထုတ်နေကြခြင်းဖြစ်သည်။ ဒေါ်လာ သန်းချီတန်သော မွန်းစတားစက်ကြီးများသည် မြေတွင်းရောက်ကျောက်မျက်များကို အလုအယက်ကုပ်ယူနေကြသည်။ မြန်မာ့မြေရောက် မြေတူးမြေသယ်စက်ကြီးများ
စက်အင်အားပမာဏမှာ ကမ္ဘာ့စံချိန်တန်းဝင်လောက်ပါပေသည်။
ကျောက်စိမ်းလုပ်ငန်းလည်ပါတ်ငွေပမာဏသည်လည်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးစာရင်းအရ ၂၀၁၄နှစ်က ဒေါ်လာ ၃၁ဘီလီယံ ရှိသည်ဆိုသဖြင့်
စက်လည်းရှိ၊ ငွေရင်းမြစ်လည်းရှိသော အခြေအနေတွင် အဘယ်ကြောင့် တိုင်းပြည့်အခြေခံအဆောက်အအုံ(Infrastructure)တည်ဆောက်ခြင်းကို ကိုယ်တိုင်မပြုနိုင်ကြသနည်း။
နိုင်ငံအနှံ့ချိပ်ဆက်မောင်းနှင်သွားလာနိုင်သည့် ကား/ရထားလမ်းကွန်ယက်မဆောက်ကြသနည်း၊ လျှပ်စစ်ထုတ်ရာမှထွက်လာသော လျှပ်စစ်လိုင်းကွန်ယက်တာဝါကြီးများမဆောက်ကြသနည်း။
ရေသွယ်တူးမြောင်း/ဆည်တမံများ မတူးဖို့ကြသနည်း။
အစိုးရ၏ စီမံမှုညံ့လွန်းခြင်းကို မြင်ကြရမည်။ အာဏာပိုင်၊အစိုးရ၏ အဂတိလိုက်စားမှုကို တွေ့ကြရမည်။ ငွေမည်းများလျှံထွက်နေမှုကိုသိကြရမည်။
တကယ်တော့ စိန့်ပြည်၏ချမ်းသာကြွယ်ဝလာမှုနှင့် သူတို့သည်းချေကြိုက်ကျောက်စိမ်း၏ စမ်းထလာမှုကို ဈေးကွက်စီးပွားရေးအလိုက် ကမ္ဘာ့အဆင်မှီများဖြင့်မြှင့်တင်လိုက်ပါက ယခုဝင်ငွေကို ၂ဆကျော်မက
ရလိမ့်မည်။

စစ်နှင့်ဘိန်း

မြန်မာနယ်သည် ဘိန်း၆၄၇ တန်ထွက်ကာ ကမ္ဘာတွင်ဒုတိယအထုတ်နိုင်ဆုံးတိုင်းပြည်ဟု ကုလသမဂ္ဂစာရင်းများကပြဆိုသည်။ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု၏ ၂၅%မျှထုတ်နေသော မြန်မာ့မြေသည် ဒေါ်လာ
ဘီလီယံ၂၀ကျော်ဝင်ငွေလည်းပေးပါ၏။ ဘိန်းမှထွက်သည့် တနှစ် ဘီလီယန်ချီသော ငွေမည်းများသည် ပြည်တွင်းစစ်များကိုဖြစ်စေသည်။ လူများကို သေစေသည်။
သို့သော်….
မြန်မာ့လူဦးရေ သန်း၅၀ကျော်တွင် ဂျီဒီပီ အမျိုးသားကုန်ထုတ်လုပ်မှုမှာ ၇၀ဘီလီယံကျော်သာရှိ၏။ ထိုအထဲတွင် မှောင်ခိုကျောက်မျက်သတ္တုနှင့် ဘိန်းမပါ။
အဆိုပါငွေစိမ်းဖြူများဘယ်သွား/ဘာဖြစ်သနည်း။

ခရိုနီနှင့်ဘူဇွာ

အင်္ဂလိပ်ပေးခဲ့စဉ်က ဖွံ့ဖြိုးမြင့်တက်မှုတို့ရှိနေသော မြန်မာပြည်အပေါ် တော်လှန်ရေးကောင်စီ စစ်အစိုးရတက်စီး၍ မြန်မာပြည်၏စီးပွားရေးကို ချုပ်ကိုင်ထားသော တရုတ်၊ ကုလား များကို စူဇကာ
ဘူဇွာစစ်ဆင်ရေးများဖြင့် ပြည်သူပိုင်သိမ်း တိုင်းပြည်မှနှင်လေသောအခါ ယခုမြင်နေကြရသော မြန်မာပြည်ကျန်ရစ်ပါသည်။ ဗန္ဓုလစောင်ကုလားသူဌေးမျိုး၊ ကျားဘမ်းတရုတ်သူဌေးမျိုးတို့အား တိုင်းပြည်မှနှင်ထုတ်
သူတို့ငွေအရင်းအမြစ်များအား ပြည်သူပိုင်သိမ်းယူခြင်းဖြင့် မြန်မာပြည်လူထုဘာရခဲ့သနည်း။
အရင်းရှင်၊ ငွေရှင် ကြေးရှင်သည် နှင်ထုတ်မျိုးဖြုတ်ရန်မဟုတ်။ သူတို့သည် ငွေကြေးကိုနားလည်သည်။ မောင်းနှင်နိုင်စွမ်းကိုသိသည်။ ခိုင်းစားတတ်သည်။
ယခုအမေရိကားတွင် ငွေရှင်ကြီးများ၏မိသားစု ၀.၁%ပိုင်ဆိုင်ဓနအင်အားသည် ကျန်လူထု ၉၀%ပိုင်ဓနအင်အားနှင့်ညီသည်ဆိုပါသည်။
ထို့ကြောင့် မြန်မာပြည်ဝယ် သူဌေးလိုသည်။ ငွေရှင်လိုသည်။ ငွေရှင်ရှိရမည်။
စီးပွားရေးလုပ်ငန်းရှင် ငွေရှင်ကြေးရှင်တို့ကို မကောင်းမြင် ဆန့်ကျင်ခြင်းဟူသည် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်နို့နံ့ မစင်နေခြင်းဟုသာ.. ဟူလို။

သူတို့လာပြန်ချေပြီ

အင်္ဂလိပ်ကိုလိုနီခေတ်က လယ်မြေနှင့် မြို့နေလိုအပ်ချက်များအတွက်အိန္ဒိယသားသိန်းသန်းချီကို အင်္ဂလိပ်တို့ မြန်မာပြည်ထဲတင်သွင်းခဲ့ဖူးသည်။ ထိုထိုသူများသည်
မြန်မာတိုင်းနိုင်ငံအနှံ့အခြေချနေထိုင်လိုက်ကြသည်မှာ မျိုးရိုးစဉ်ဆက် ၃-၄ဆက်မကတိုင်သည်လည်းရှိကြလေပြီ။
ထိုခေတ်က ရန်ကုန်သည် အိန္ဒိယမြို့နှင့်သဏ္ဍန်တူလွန်းလှသည်ဟု မြန်မာပြည်အလည်အပါတ်လာသော ရာဘင်နတ်တဂိုးပြောခဲ့ဖူးသည်။ ထိုအတိုင်းပင်ရန်ကုန်သည် အိန္ဒိယသားများလွန်းလှကာ
ကုလားစကားတတ်မှ ဆက်သွယ်ရ။နေထိုင်ရလွယ်သည့်ခေတ်ကို ဖြတ်သန်းဖူးပါသည်။
အင်္ဂလိပ်အုပ်ချုပ်မှုအောက်ဝယ် မြန်မာသည် အာရှတိုက်၏စပါးကျီအဖြစ် စပါးအထွက်ဆုံးတိုင်းပြည်တခုဖြစ်ခဲ့ဖူးသလို ရေနံမြေများမှလည်း ရေနံတို့လှိုင်လှိုင်ထွက်ခဲ့သည်။ ခေတ်မှီတိုးတက်နေသော ရန်ကုန်နှင့်
မြန်မာပြည်၏ အလုပ်အကိုင်ပေါကြွယ်ဝမှုအားဖြင့် ယခုစိန့်ပြည်။ ထိုင်း။ မလေးရှားတို့မှ သူများအလုပ်လာလုပ်ခဲ့ကြသည်။ ထိုစဉ်အချိန်က မြန်မာများဘာလုပ်နေခဲ့ကြပါသနည်း။

အာဆီယံသဘောတူညီချက်တို့ လက်မှတ်ထိုးပြီးဖြစ်သည်။ မြန်မာ့အမျိုးသားအကျိုးစီးပွားမှာ မသေချာသော ပြည်ထောင်စုစနစ်ယောင်အောက်ဝယ် ကျပ်မပြည့်ချေ။ ကျပ်မပြည့်သည်ကို အခွင့်ကောင်းယူ၍
ဈေးကွက်ရှာရောင်း အကောင်းဆုံးဈေးကွက်သမားတို့ မြန်မာပြည်မျက်စပစ်နေကြလေပြီ။ စပါးထွက်သော ဤနိုင်ငံသို့ ဆန်စပါးသွင်းရောင်းရန်ချိန်ဆနေကြပြီဖြစ်သလို မည်သည့်သီးနှံဖြစ်စေ
စိုက်လျှင်ဖြစ်ထွန်းသော မြန်မာပြည်သို့ သီးနှံကုန်စိမ်းသွင်းရောင်းရန်အားထုတ်နေလာမှုများကိုတွေ့ကြရမည်။ ဆားနှင့်ငါးပိ၊ ဂျုံနှင့်သကြားလည်း သွင်းနေကြပြီ။
ယုတ်စွ.. လူရင်းလုပ်ရသော အနုပညာလုပ်ငန်းများသို့ပင် အိမ်နီးချင်းနိုင်ငံများမှ ထိုးဖေါက်လာကြလေသည်။

ယပ်တောင်လေးခပ်လို့

ယောက်ျားတို့ကျောခင်း၊မိန်းမတို့ခြေဆင်းခြင်းခေတ်ကုန်သင့်ပါပြီ။
ကမ္ဘာ့တန်းတူလူတန်းစေ့နေချင်ကြလျှင် သူများတစ်လှမ်းလျှင် ကိုယ်လေးငါးဆယ်လှမ်း လှမ်းကြရတော့မည်။ မြန်မာတွင် ငွေအရင်းအမြစ်ရှိသည်။ ကောင်းမွန်ကျယ်ပြန့်သောမြေနေရာရှိသည်။
ရန်ကုန်မြို့တွင် လူတိုင်းအမှိုက်တစကောက်လိုက်လျှင် လူငါးသန်းအင်အားကြောင့် အမှိုက်စ ၅သန်းလျှော့သွားမည်။ အမှိုက်မချကြပါနှင့်ဟု ပြော၍သာနေသော လူတထောင်ကြောင့်မူ အမှိုက် တစမလျှော့နိုင်။
ခြေလက်ခန္ဓာသန်မာပြည့်ဝလျှက်နှင့် အလုပ်မလုပ်(ချင်)သည့် သူများကို လုပ်အားသူခိုးများဟုသာ ခေါ်သင့်သည်။
လက်ရှိမြန်မာတို့၏ စီးပွားဖြစ်အလုပ်ကြီးများဟူသည် စက်ရုံ၊ စိုက်ခင်းများမှကုန်ထုတ်လုပ်မှုတို့မဟုတ်မူပဲ ပွဲစား၊လော့ဘီနှင့် ဆရာလုပ်၊ ၀န်ဆောင်မှုတို့ဖြင့်သာအထုပ်ကြီးချင်သူများ။ ဟိုဝန်ကြီး ဒီဝန်လေး အမြီးပါအကောင်စိမ်းတို့နှင့်ချိပ်ဆက်၍ ပါမစ်၊ဂွင်ဖန်လုပ်ခွင့်လိုင်စင်လျှောက်စားသူများ၊ ဟိုမှာဝယ်ဒီမှာပြန်ရောင်း ပွဲညွှန့်ပွဲခနှင့်စားသွားသူများနှင့်သာ လုံးလည်လိုက်နေဟန်ရှိပါသည်။
အပ်မှလေယာဉ်အထိဝယ်သွင်း စားသုံးကြရသည့်ခေတ်ကုန်အောင်အရွေ့ရှိအလုပ်တို့ ပြင်းပြင်းထန်ထန်လုပ်ကြရမည်။

လက်ငင်းခေတ်တွင် ဘိုးဘွားအမွေ သယံဇာတနှင့် ဘိန်းကို မှီခိုအားထားနေကြရသော မြန်မာတို့သည် အမေရိကားအပါအ၀င် စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံကြီးတို့ဖျက်စီးထားသဖြင့်
ဂေဟပျက်ပြယ်နေသော ကမ္ဘာကြီးကို ကယ်တင်ရန်မူ ရွှေစိတ်တော်လည်ကြဟန်ရှိပါသည်။ အမေရိကန်တဦးချင်း ကာဗွန်ဒိုင်အောက်ဆိုက်တနှစ် ၁၇.၂တန်ထုတ်ပစ်နေချိန်တွင် မြန်မာက ၀.၃တန်သာထုတ်၏။
သို့သော် သဘာဝပါတ်ဝင်းကျင်ထိန်းသိမ်းရေး မြန်မာတို့တွင်တွင်ကားအော်၏။ လူထု၏၇၀%ကျော်ကြီးမှာ လျှပ်စစ်မီးကားမရှိ။
လျှပ်စစ်မရှိသဖြင့် ထင်းမီးသုံးချက်ပြုတ်ရခြင်းတို့ကြောင့် သစ်တောတို့လည် ပြုတ်ပြုတ်ပြုန်းကုန်ပေပြီ။ ထင်းမီးသွေးကြောင့်ပြုတ်သော သစ်တောပမာဏသည် ရောင်းစားလိုက်သောသစ်တောထက်များစွာပိုပါသည်။
စူပါပါဝါအင်အားကြီးနိုင်ငံများ၊ ကိုယ့်ထက်ချမ်းသာတိုးတက်နေသော အိမ်နီးချင်းနိုင်ငံများကို ထိပ်တိုက်ရန်လုပ်(ဖူး)သည်။ စစ်အင်အားကား မရှိ။
ဘုရားပင်အမှီဗောဓိညောင်ပင်နှင့်ပွင့်တော်မူပါသည်။ UNDP က ထုတ်ဝေသော ၂ဝ၁၅ ခုနှစ် လူသားဖွံ့ဖြိုးမှုညွန်းကိန်းတွင် အဆင့် ၁၄၈ ရောက်မြန်မာနိုင်ငံလေးသည်လည်း အမှီလို၏။ အမှီနိုင်ငံကြီးတခုလိုသည်။

From America with LOVE!

“အများပြည်သူသဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဖြင့်တက်လာရတော့မည့် အဖွဲ့ချုပ်အစိုးရသစ်သည် လူထုအများစုအကျိုးမဲ့သည့် ဥပဒေများအား ရုတ်သိမ်းပစ်စေလိုသည်။
အများပြည်သူရွေးကောက်တင်မြောက်လိုက်သောသူများက ထုတ်ပေးသောတရားဥပဒေတို့ကိုမူ စိုးမိုးရေးအပြည့်ရှိစေလိုသည်။

အရေခွံထူရမည်ဖြစ်သော အစိုးရသစ်နှင့် လူထုအတွက် အမေရိကားမှ ချစ်ခြင်းအားဖြင့် ၁၀၁၆နှစ်သစ်တိုက်တွန်းချက်များသာတည်း။
မိမိတို့၏ သားသမီးမြေးမြစ်တီတွတ်ကျွတ်ဆတ်များအထိလည်း ရည်ရွယ်ပါ၏။

kai

About kai

Kai has written 859 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.