2
အခုပြောမဲ့အကြောင်းကတော့ ဆိုးဆေးတွေအကြောင်းပါ။ဘာလို့ဒီအကြောင်းကို ပြောရတာလဲဆိုရင် ကျွန်တော်တို့နေ့စဉ်ဘ၀မှာ စားသောက်နေရတဲ့အစားအစာတွေမှာဆိုးဆေးတွေပါဝင်နေလို့ပါပဲ။ဒီနေရာမှာ ဆိုးဆေးကို ပရိတ်သတ်များအလွယ်တကူမြင်နိုင်တဲ့ဆိုးဆေးရှိသလို မမြင်နိုင်တဲ့ဆိုးဆေးတွေလဲရှိပါတယ်။ဘာတွေလဲ

မျှစ်တွေကို ဆိုးဆေးအနီရောင်တွေ၊အ၀ါရောင်တွေဆိုးကြတာကို မြင်ဘူးကြပါလိမ့်မယ်။ဒါပေမယ့်အခုတင်ပြမယ့်အကြောင်းအရာတွေက ပရိတ်သတ်တွေ အလွယ်တကူသတိမထားမိတဲ့ ဆေးဆိုးထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။

ပထမဆုံးစပြောရရင် ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ၀က်သား၊အမဲသား၊ဆိတ်သားတွေအကြောင်းက စရပါလိမ့်မယ်။ဒီအသားတွေကို ဆိုးဆေးတွေဆိုးထားသလား??ဟုတ်ကဲ့ အင်းစိန်ရွာမမှာသားသတ်ရုံတွေရှိပါတယ်။အဲဒီသားသတ်ရုံတွေမှာ ဘယ်လိုသတ်ကြလဲဆိုတော့ သူတို့ကအရင်ဆုံး သွေးတွေကို ထုတ်ပါတယ်။နွားရဲ့လည်ပင်းကို ဓါးထက်ထက်နဲ့ အပေါက်သေးသေးလေးဖေါက်ပါတယ်။သွေးတွေပန်းထွက်လာတာပေါ့၊သွေးထွက်တာနဲနဲနည်းသွားပြီဆို၇င် အပေါက်ကိုထက်ချဲ့ပါတယ်။ထွက်လာတဲ့သွေးတွေနဲ့ ၀က်ဆိုလဲဝက်သွေးပေါ့၊အမဲဆိုလဲ အမဲသွေးခဲတွေလုပ်ပါတယ်။အသားတွေကို ခွာတဲ့အခါမှာ အသားတွေမှာ သွေးမကျန်သလောက်ပါပဲ။အဲဒီအသားဖြူဖြူတွေကို ဆိုးဆေးအနီတွေနဲ့ ဆိုးပါတယ်။အသားကရဲနေတော့လတ်ဆက် တယ်ပေါ့။သူတို့ကို ဘာလို့ဆိုးရတာလဲမေးတော့ ၀ယ်တဲ့သူတွေက အသားဆိုနီနေမှကြိုက်တယ်။ဖြူနေရင်မရောင်းရလို့ပါတဲ့။

နောက်တစ်ခုက ငါး။ပုဇွန်။
ငါးဒိုင်တွေမှာတော့ငါးတွေဝယ်လာတုန်းက ပါးဟက်တွေကနီနေပါတယ်။ဒါပေမယ့် အချိန်ကြာလာရင် ပါးဟက်တွေက မည်းလာပါတယ်။စဉ်းစားကြည့်ပါ သတ္တ၀ါတွေသေပြီးတာနဲ့ တဖြည်းဖြည်းအတွင်းကနေပုပ်လာမဲလာတာပါပဲ။လူတောင်သေပြီးရင် အသားတွေမဲပြီး ခြောက်သွားတတ်တာ သဘာဝပဲလေ။ငါးသည်တွေဆီရောက်တဲ့အခါ ငါးတွေက ပါးဟပ်တွေမဲနေပြီ။ဒီတော့ဘာလုပ်လဲ။ငါးတွေရဲ့ပါးဟပ်ထဲကို ဆိုးဆေးအနီမှုန့်တွေ ပက်ထည့်ပါတယ်။ငါးကပါးဟက်လေးတွေနီနေတာပေါ့။ဝယ်တဲ့သူတွေကလဲ ငါးပါးဟက်ကို ဖြဲကြည့်ကြတယ်။နီနေမှ။ပြီးတော့အိမ်ရောက်တော့ရေဆေးတဲ့အခါ သွေးတွေထွက်တယ်လိုကထင်ကြတယ်။တကယ်တော့ဆိုးဆေးတွေအရည်ပျော်ကုန်တာပါ။
ပြီးတော့ပုဇွန်…ပုဇွန်ကို အပြာရောင်ဖြစ်အောင်ဆိုပြီး မဲနယ်တွေဆိုး၊တချို့က ဒုတ္တာတွေဆိုးသတဲ့။မဲနယ်ဆိုတာ သဘာဝဆိုပေမယ့်စားသုံးဖို့မသင့်တော်ပါဘူး။

ငံပြာရည်တွေမှာလဲ ဒုတ္တာတွေဆိုးထားတယ်ဆိုတာ ဟိုတစ်နေ့က သတင်းစာထဲမှာတွေ့လိုက်ရပါတယ်။

နောက်ထပ်အများကြီးရှိသေးတယ်။တစ်ခါကထားဝယ်သွားတုန်းက ဈေးထဲရောက်တာ အမဲရောင်ဆိုးဆေးအမှုန့်တွေရောင်းနေတာတွေ့လို့ ဘာလုပ်တာလဲလို့မေးကြည့်တော့”မုန့်ကုလားမဲလုပ်တာ”တဲ့။ကောက်ညင်းငချိပ်ကဈေးကြီးလို့ ရိုးရိုးကောက်ညင်းကို အမဲရောင်ဆိုးထားတာတဲ့။

ဆိုးဆေးတွေကို ဘယ်မှာဝယ်လို့ရလဲ။များသောအားဖြင်းဈေးထဲက ပရဆေးဆိုင်တွေမှာ အစုံဝယ်လို့ရပါတယ်။အင်းစိန်ဈေး စီရုံက ပရဆေးဆိုင်မှာ တထုပ်တစ်ရာနဲ့ ရောင်စုံရှိပါတယ်။ဇီးရောင်ယူမလား၊လိမ္မော်ရောင်ယူမလား။အရောင်စုံရသလို အနံ့အတု အရသာအတုတွေလဲရပါတယ်။အုန်းသီးအရသာရှိပါတယ်။အုန်းစိမ်းရည်အရသာပေါ့။သံပရာ၊ဇီး၊နာနတ်၊အစုံရှိသလို။နာနတ်အနံ့တို့၊ဘာလီအနံ့တို့ အနံ့တွေလဲတော်တော်ရပါတယ်။ဒီလိုဆိုင်တွေ ရန်ကုန်မှာ ဒုနဲ့ဒေး။

ဟုတ်ပါပြီ။ဆိုးဆေးတွေစားတော့ဘာဖြစ်လဲ။ဆိုးဆေးတွေဟာ အရမ်းပြင်းထန်တဲ့အတွက် ခန္ဓာကိုယ်တွင်းရောက်ရင် အသည်းကိုထိခိုက်စေပါတယ်။အသည်းခြောက်တာ၊အသည်းကြွပ်တာတွေဖြစ်နိုင်ပါတယ်။ကင်ဆာရောဂါတွေအဓိက ဖြစ်ရတဲ့အကြောင်းက ဆိုးဆေးကြောင့်လဲပါတယ်လို့ ဆရာဝန်ကြီးတစ်ယောက်ကပြောဖူးပါတယ်။အခုဆိုမြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားတာ ခေတ်စားနေပါပြီ။ဟိုလူဆေးရုံတက်ရတယ်။မေးလိုက်တော့ကင်ဆာ။ဒီလူဆေးရုံတက်ရတယ် မေးလိုက်တော့ကင်ဆာ။မြန်မာနိုင်ငံဟာ WHO ရဲ့ ကင်ဆာဖြစ်ပွားမှုနိုင်ငံများစာရင်းမှာ ဒုတိယနေရာမျာရှိပါတယ်။ဘယ်အချိန် ပထမနေရာရောက်လာမယ်မှန်းမသိတာမို့ ပရိတ်သတ်များအနေနဲ့ ဂရုပြုကြဖို့အချိန်ရောက်နေပြီဖြစ်ပါကြောင်း

မောင်စိုင်း

ယခုလက်ရှိဖြစ်ပွားနေတဲ့ ကြောက်စရာကောင်းတဲ့ပိုးသတ်ဆေးတွေအကြောင်းကို အလျဉ်းသင့်သလိုဖော်ပြပေးပါမည်။ပိုးသတ်ဆေးဖြန်းထားသော အသီးအနှံများစားမိပြီးချက်ချင်းသေဆုံးကြသည့်အကြောင်းတွေဖြစ်ပါသည်။

 

mgsai

About mgsai

sai khon has written 9 post in this Website..

မြန်မာပြည်မှာမွေးသည်။ ဘာသာပြန်ခြင်းကို စိတ်ဝင်စားပြီး ယခုအခါ ကိုယ်ပိုင်စာလေးများ ရေးသားသည်။