မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ပြာသို လဆန်း ၁၂ ရက် ၊ ကြာသာပတေးနေ့။

 

မင်္ဂလာပါ

မန်းဂေဇက်ရွာသူကြီးနဲ့တကွ မိဘပြည်သူများခင်ဗျာ..အဲလေ .. ရွာသူရွာသားအပေါင်းတို့ ကျန်းမာတော်မူကြရဲ့နော်။

မန်းဂေဇက်ရွာထဲ လှည့်ပတ် ဖတ်မိတော့ အတော့ကို ဗဟုသုတစုံပေတာပါပဲလား။

ရွာသူကြီးကလည်း အကွပ်အညှပ်ကောင်းထင်ရဲ့။ ရွာသူရွာသားများကလည်း ထထ ကြွကြွ ညီညီညွတ်ညွတ် ရှိကြပါပေရဲ့၊ ကောင်းလေစွ ကောင်းလေစွ။

တနေ့က အလည်တခေါက်လက်ဦးလှည့်မိတဲ့ တို့တစ်ယောက်တော့ တ၀ဲလည်လည်နဲ့ ပြန်မထွက်ဖြစ်တော့ပြန်ဘူး။ အများတကာရေးတာတွေဖတ်ပြီး သဘောကျရပါသကော..။

အဲ.. သဘောကျတယ်ဆိုမှ ဒီမနက်လည်း ဘတ်စ်ကားပေါ် တွေ့ခဲ့တာတစ်ခု သဘောကျပြီး ပြုံးစိစိ နဲ့  အဟိ..။

ဘာတဲ့..ဘတ်စ်ကားမှာ ကပ်ထားတဲ့စာက…

“ကားပေါ်တွင် အမှိုက် မပစ်ရ ”

ဒါဆို လမ်းပေါ်တော့ ပစ်လို့ရသပေါ့နော်။ မြန်မာစာ၊ မြန်မာစကားများလေ့လာလို့ကုန်နိုင်ဘွယ်ပါလား။ အများနဲ့ သက်ဆိုင်တဲ့ စည်းကမ်းကို နေရာသတ်မှတ်ခြင်းမလိုတဲ့အတွက်  နေရာတိုင်းမှာ စည်းကမ်းရှိခြင်းဆိုတာကို ပေါ်လွင်စေဖို့အတွက်

” စည်းကမ်းရှိပါ၊ အမှိုက်မပစ်ရ။”

ဒါလောက်ဆို အများကို သတိပေးစာအနေနဲ့ လုံလောက်ထင်ရှားမှာပါ။

ခုတော့..ကားပေါ်တွင်အမှိုက်မပစ်ရ ဆိုတော့ လမ်းပေါ်တော့ ပစ်လို့ ရတာပေါ့နော်.. အဟိ။

နောက်တခုမှတ်မိသေးတယ်။ ဂျာနယ်တခုက သတင်းခေါင်းစဉ် တပ်ထားတာလေး။

ဟိုလေ…သမ္မတကြီးရဲ့ လမ်းညွှန်မှုဖြင့် မီးလောင်သွားသော ဈေးကြီးအား…….ဆိုပြီး။

သြော် သြော … မီးလောင်အောင် သမ္မတကြီးက လမ်းညွှန်ခဲ့တာကိုး….ဟီဟိ။

တို့များကို လာလည်ပြန်တော့လည်း မျက်စိနောက်လောက်ပါလားလို့ စိတ်ဆိုးတော်မူကြနဲ့။

သူကြီးနဲ့တကွ ရွာသူ ရွာသားအပေါင်း ကျန်းမာရွှင်လန်းစေကြောင်းရှင်။

မြန်မာပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

ရန်ကုန်မြို့။

၂၁.၁.၂၀၁၆

About Kyi Lwin

Kyi Lwin has written 56 post in this Website..