ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

suu

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
========================
DASSK -ဟလို….

RFA -အစ်မရေ…နေကောင်းလား…

DASSK -ဟုတ်ကဲ့ နေကောင်းပါတယ်။

RFA -အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး  ညီလာခံအပေါ် အစ်မရဲ့ သဘောထား …သိပါရစေခင်ဗျ ။

DASSK – ဒီငြိမ်းချမ်းရေး ညီလာခံကပေါ့နော်… ၊ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘာပါပဲ။ ဒီလိုပဲ အစ်မ နားလည်တယ်။
တကယ့်ငြိမ်းချမ်းရေး ညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီး လုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ်
ငြိမ်းချမ်းရေး ယူနိုင်မလဲ ၊ ပေးနိုင်မလဲ။

RFA -ဟုတ်ကဲ့ ။ အစ်မ မနေ့က ပြောတဲ့ထဲမှာ ၂၁ ရာစုထဲမှာ ကျင်းပတဲ့ ပင်လုံညီလာခံပေါ့နော်။ အဲဒါ ဘယ်လို အနှစ်သာရလဲ။

DASSK – ပင်လုံစိတ်ဓါတ်ကို အခြေခံတယ်လို့ ပြောပြီးပြီလေ။ ကိုခင်မောင်စိုး … နားမထောင်ဘူးလား ။

RFA- သေချာနားထောင်ပါတယ်ခင်ဗျ။ အစ်မက ၂၁ ရာစုဆိုတော့ ကျနော်တို့  ၂၀ ရာစုနဲ့ နည်းနည်း ကွာမှာပေါ့။

DASSK -ကွာတာပေါ့ ။ အဲ့ဒါကို ပြောတယ်လေ… ။ အဲဒီ ၂၀ ရာစုနှစ်က စခဲ့တဲ့ စိတ်ဓါတ်ဟာ ၂၁ ရာစုနှစ်မှာလည်း…
အခုချိန်ထိ အကျူံးဝင်ပါတယ်။ ညီညွတ်မှုအင်အားနဲ့ အောင်မြင်မှုကို ရယူမယ်ဆိုတာတော့ တကယ်ပြောမယ်ဆိုရင်
ဘယ်ခေတ်မှာမဆို အကျုံးဝင်ပါတယ်။

RFA- အရင် ပင်လုံစာချုပ်ကို ချုပ်ဆိုစဉ် ကာလက လက်နက်ကိုင် အင်အားစုတွေထက်တော့ …
အခုက အများကြီး များလာတာပေါ့နော်။ နောက်ပြီး တချို့ အဖွဲ့တစ်ခုနဲ့တစ်ခုကလည်း… စေ့စပ်ဆွေးနွေးရေးလုပ်တဲ့
လုပ်ငန်းစဉ်တွေကို ကြည့်တဲ့အခါမှာ တချို့က ပိုမိုလွယ်ကူတယ်။ တချို့က  တော်တော်ခက်နေတယ်ဆိုတဲ့ သဘောတွေလည်း
ရှိနေတော့… အဲ့ဒါတွေကတော့ အများကြီးကျော်လွှားရမယ်နဲ့ တူတယ်နော။

DASSK- ဟုတ်တာပေါ့။ အဖွဲ့တွေက များတာကိုး။ များသလောက် ပိုပြီး လုပ်ရမယ်။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်လည်း
များသလောက် အင်အားတွေကို စုလိုက်လို့ရှိရင် ပိုပြီး ကြီးမှာပေါ့ ။

RFA-ဟုတ်ကဲ့။ အစ်မ ဝန်ကြီးလုပ်ချင်တဲ့သူတွေကို အစ်မသတိပေးတာ နှစ်ကြိမ် ရှိသွားပါပြီ။
အဲ့ဒီရောဂါတော်တော် ဆိုးလို့လား ခင်ဗျ။

DASSK -အဲဒီ ရောဂါက….. အစောကြီးကတည်းက ရှိခဲ့တာ… (သဘောကျစွာ.. ရယ်လျက်… )
၈၈လောက်ကတည်းက အဲဒီ ရောဂါကို သတိပြုမိခဲ့တာ…

RFA- အော်..ဟုတ်ကဲ့။ အစ်မ…..လူတစ်ယောက်က သူ့မှာ ဘယ်လိုအရည်အချင်းရှိပါတယ်။
ဘယ်လို တာဝန်ထမ်းခွင့်ပြုပါလို့ ပြောတာမျိုးကို  အစ်မ လက်ခံစဉ်းစားလေ့ရှိတယ်လို့ ကျနော်ထင်တယ်။
အခုကျတော့ ဘာဖြစ်လို့ ဒီလို သတိပေးတာလဲ ခင်ဗျ။

DASSK -အများအားဖြင့်လေ… ကိုယ့်မှာ အရည်အချင်းတကယ်ရှိလို့ရှိရင်.. .ဖော်ပြဖို့လည်း သိပ်မလိုဘူး။
သိကြတာပဲ… အသိုင်းအဝိုင်းက သိကြတာပဲ.. ။ တာဝန်ပေးပါ…. ဆိုတာလည်း တကယ် တာဝန်ယူချင်တဲ့သူက
တာဝန်ကို ကျေပြွန်အောင် လုပ်ခဲ့တာပဲ… ။ ပေးတဲ့တာဝန်ကို တစ်ခုပြီးတစ်ခု ကျေပြွန်အောင် လုပ်ခဲ့တဲ့အခါကျတော့..
တာဝန်ပေးပါ..လို့တောင်မှ ပြောဖို့မလိုအောင် အော်..ဒီလူက တော်တာ် တာဝန်ကျေတဲ့လူပဲဆိုတာကို သိနေတဲ့အခါ…
တာဝန်ကို လိုက်ကို ပေးကြရပါတယ်။

RFA -မင်္ဂလာဈေး မီးလောင်တာနဲ့ ပတ်သက်ပြီး  စည်ပင်သာယာအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ မှာ အဲဒီဈေးကို ပထမအကြိမ် မီးလောင်လို့
ပြုပြင်တည်ဆောက်ခဲ့စဉ်တုန်းက စနစ်တကျ မရှိဘူးလို့… ပြောကြတယ်ခင်ဗျ။ အခုတစ်ကြိမ် မီးလောင်တဲ့နေ့က ဈေးရှေ့လမ်းပေါ်
ချထားတဲ့ ဘလောက်တုံးတွေကြောင့် မီးသက်ကားတွေ ဝင်မရတာလည်း ပြောကြပါတယ်။ ရန်ကုန်မြို့မှာ အဆောက်အဦးတွေကို
ခွင့်ပြုချက်မရပဲ တည်ဆောက်နေတာကိုလည်း တားဆီးနိုင်ခြင်း မရှိလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ်မတို့ပါတီက လွှတ်တော်ကို တင်ပြခဲ့
တာလည်း ကျနော်တို့ကြားရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အစ်မတို့ အစိုးရလက်ထက်မှာ ဘယ်လို
ကိုင်တွယ်ဆောင်ရွက် မလဲခင်ဗျာ… ။

DASSK -ပထမဦးဆုံး… တရားဥပဒေစိုးမိုးရေးနဲ့ ကိုင်တွယ်ရမှာပဲ။ အခု လွှတ်တော်ထဲမှာ အစ်မတို့ အဖွဲ့ကိုယ်စားလှယ်တွေက တင်ပြသွားတဲ့ကိစ္စက
ရှိနေတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ မကိုက်ညီပဲနဲ့ လုပ်နေတဲ့ ကိစ္စ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ မရှိတာ မဟုတ်ဘူး။ ရှိတယ်။
ဒီလို မလုပ်သင့်တဲ့နေရာတွေမှာ မလုပ်အောင် ၊ မဆောက်သင့်တဲ့နေရာတွေမှာ မဆောက်အောင်၊ မဆောက်သင့်တဲ့ အဆောက်အဦမျိုး
မဆောက်ဖို့… ဒီဟာတွေဟာ စည်းမျဉ်းစည်းကမ်းဥပဒေတွေ ရှိပြီးသား၊ အဲဒါတွေကို မလိုက်နာတာတွေက တော်တော်ပြသနာတက်တယ်။
စည်းမျဥ်းစည်းကမ်းဥပဒေ အသစ်တွေလည်း လိုတာတွေလည်း ထပ် ပြဌာန်းရမယ်ပေါ့။ နောက်ပြီးတော့… ရန်ကုန်မြို့
တစ်မြို့လုံးဟာလည်း စီမံကိန်းနဲ့ လုပ်ရမယ့်မြို့။ ဒီလိုပဲ ဖြစ်ချင်သလိုဖြစ် ဟိုနားခွင့်ပြုချက်ပေးပြီး ဆောက်လိုက်၊ ဒီနားခွင့်ပြုချက်ပေးပြီး ဆောက်လိုက်၊
ဒီလိုလုပ်လို့ ရတာမှ မဟုတ်ပဲ။ တကယ်တော့လည်း အစိုးရကနေပြီးတော့ … ရန်ကုန်မြို့တော်စီမံကိန်းဆိုပြီးတော့ … နိုင်ငံခြားအဖွဲ့တစ်ခုကို
ဆွဲခိုင်းထားတာ …ရှိပါတယ်။ ဒါက နှစ်နှစ်ကျော်လောက်ကတည်းက ဆွဲခိုင်းထားတာ ။ ဒါပေမဲ့ ဆွဲထားတာတော့ ဆွဲထားတာပဲ။
လုပ်ချင်တာတွေတော့ လုပ်နေတာပဲ။ ဘာမှ စပ်ဆက်မှုမရှိဘူး။

 

RFA- ရန်ကုန်မှာက အခု လုပ်ငန်းတွေ ရုံးတွေမှာ အာမခံထားတာလည်း အကုန်သူမဟုတ်ဘူးလို့ ကျနော်တို့ ကြားတယ်ခင်ဗျ
အဲ့တော့ ဒီ အဆောက်အဦးမှန်သမျှ ၊ မော်တော်ကားမှန်သမျှ ၊ အိမ်မှန်သမျှ ၊ ဆိုင်မှန်သမျှ ၊ အာမခံထားရမယ်ဆိုတဲ့စနစ်မျိုး မရှိတော့
လူတွေကအခုလို မီးလောင်ရင် တစ်ခါတည်း ဘဝပျက်သွားကြရော… ။  အဲဒါမျိုးကို အစ်မ ဘယ်လိုကိုင်တွယ်မလဲ… ။

 

DASSK -ဒါကတော့ ဥပဒေအရ လုပ်ရမယ့်ကိစ္စတွေ ဖြစ်တာပေါ့လေ။ နောက်ပြီးတော့လည်း စိးပွါးရေးအခြေအနေနဲ့လည်း ဆိုင်တာပေါ့ ။
နောက်ပြီးတော့ ဒီဥပဒေနဲ့ ဆိုတာမှာ… ဥပဒေအရ အာမခံထားဖို့ ပြောတာတွေ ဘာတွေက သက်သက်ပေါ့နော်။ နောက်…. အဆင့်အတန်းမှီတဲ့
အဆောက်အဦးတွေ ဆောက်ဖို့…၊ အန္တရာယ်ကင်းတဲ့ အဆောက်အဦးတွေဆောက်ဖို့ သတ်မှတ်ချက်တွေအရ လုပ်ဖို့…ဒါတွေကလည်း တရားဥပဒေစိုးမိုးရေးနဲ့လည်း ဆိုင်တယ်။  ဒါတွေက စက္ကူပေါ်မှာပဲ… ဥပဒေထားပြီး သက်ရောက်မှုမရှိရင်လည်း အလကားပဲ… ။

 

RFA -ဟုတ်ကဲ့ခင်ဗျ။ အခုနိုင်ငံခြားမှာဆိုရင်တော့… ဆေးရုံတို့…ဈေးဆိုင်တို့.. ကုန်တိုက်ကြီးတွေဆို… အစ်မသိတဲ့အတိုင်းပဲ… မီးလောင်တာနဲ့
မျက်နှာကြက်ကနေ အလိုလို မီးသတ်ပိုက်ကလေးတွေပွင့်လာပြီး ရေတွေကျလာတယ်ပေါ့နော်… ။ အဲဒီတော့ မြန်မာပြည်က မြို့တွေ တည်ဆောက်ပုံ
ကြည့်ရတာ… ပရမ်းပတာ ဖြစ်နေတယ်ခင်ဗျ။ ကျနော့်ကို ရန်ကုန်မှာ အငှားကားမောင်းတဲ့သူတစ်ယောက်က ပြောတယ်။ ခင်ဗျား ကြည့်စမ်းဗျာ..တဲ့။
လမ်းဟိုဘက်ခြမ်းက ပလက်ဖောင်းစင်္ကြန်နဲ့ ဒီဘက်ခြမ်းက ပလက်ဖောင်းနဲ့တောင် အနိမ့်အမြင့်/အထူအပါး မတူဘူးတဲ့ ။ အဲ့တော့…
သာမန်လူတစ်ယောက်တောင် ဒီလို သိနေတာမျိုးကို နတ်မျက်စိတို့… နတ်နားတို့… ရှိနေတဲ့ အုပ်ချုပ်သူတွေ မသိဘူးဆိုတာတော့ မဖြစ်နိုင်ဘူးခင်ဗျ။
အဲဒါ… အခြေခံက ဘာမှားတာလဲ…အစ်မ…

 

DASSK -ခုဏ ကိုခင်မောင်စိုးကို ပြောပြီးပြီလေ… ရန်ကုန်မြို့တော်စီမံကိန်းဆိုပြီးတော့ ဆွဲခိုင်းထားပါတယ်။ ဆွဲထားတဲ့အဖွဲ့ကလည်း တော်တော်တော့
ကောင်းကောင်းမွန်မွန်တော့ ဆွဲထားပါတယ်။ ဒါမယ့်… စီမံကိန်းက စီမံကိန်းပဲ…။ စက္ကူပေါ်မှာ ဆွဲခိုင်းထားပြီးတော့… ပြန်လည်း လှည့်ကြည့်တဲ့ပုံ
မရှိဘူး။ ဒီလိုပဲ …လုပ်ချင်သလိုပဲ လုပ်နေတာပဲ… ။ အဲဒီတော့…စနစ်မရှိတာ..။ စည်းမရှိတာပေါ့ ။

 

RFA- ဒီရက်ပိုင်းမှာ ကျိုက်ထီးရိုး ဘုရား သွားခဲ့တဲ့ ဝန်ကြီးတစ်ယောက်က ဘုရားရင်ပြင်ပေါ်မှာ ဟိုတယ်တွေ ဆောက်ထားတာ သူမကြိုက်ဘူးလို့
Facebook  ပေါ်မှာ ရေးတယ်။ အဲဒီတော့ လူတစ်ယောက်က ပြန်မေးတယ်။  ခင်ဗျားတို့အစိုးရဘက်က ဘာကြောင့်ခွင့်ပြုခဲ့တာလဲတဲ့။
ဝန်ကြီးကပြောတယ်။ အဲဒါ ..ပြည်နယ်အစိုးရလုပ်တာ…တဲ့ ။ အဲ..ဒီရက်ပိုင်းမှာပဲ…အစ်မ .. . ကချင်ပြည်နယ်ဝန်ကြီးတစ်ယောက်က ပြောတယ်ခင်ဗျ။
ဖားကန့်မှာ တရုတ်ပြည်က ဝင်လာပြီး လုပ်ကိုင်နေတဲ့ ကားအစီးရေ ငါးထောင်ကျော် ရှိတယ်။ တရားဝင် ခွင့်ပြုတာက တစ်ထောင်ကျော်ပဲ ရှိတယ်တဲ့။
အဲဒီကိစ္စက ပြည်ထောင်စု အစိုးရက လုပ်တာဖြစ်တယ်…သူတို့နဲ့ မဆိုင်ဘူးတဲ့။ အဲ့တော့ ဒီပြသနာမျိုးက ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကြား
တာဝန်ခွဲဝေမှု မပြတ်သားလို့လား။ ဘယ်လို ဖြေရှင်းသင့်သလဲခင်ဗျ။

 

DASSK -တာဝန်ခွဲဝေမှု မပြတ်သားလို့လည်း ဖြစ်တယ်။ ဘော်လီဘော ပုတ်တာ ဝါသနာပါလို့လည်း ဖြစ်နိုင်တယ်လေ။

 

RFA- နိုင်ငံခြားရောက် မြန်မာပြည်ဖွားကျွမ်းကျင်သူတွေ မြန်မာနိုင်ငံပြန်လာပြီး နိုင်ငံထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့အတွက်
အစ်မ စဉ်းစားထားတာများရှိရင် ကျနော် သိပါရစေခင်ဗျာ…

 

DASSK -ဒါက တစ်ဆင့်ပြီးတစ်ဆင့် လုပ်ရမှာပဲ… ။ စဉ်းစားထားတာတော့ ရှိတယ်။ အခုလောလောဆယ်တော့ မပြောချင်သေးပါဘူး။
တချို့အပိုင်းတွေမှာ ဆိုရင်တော့ လုပ်ရတာ လွယ်တယ်လေ။ တချို့တွေက တချိန်လုံး ဒီမှာလာပြီး အမြဲကူနိုင်တာ မဟုတ်ဘူး။
ဒါမယ့် ကူနိုင်သလောက် လုပ်အားပေးချင်သလောက် ပေးချင်တဲ့သူတွေရှိတယ်။ သို့သော်ငြားလည်း အစပ်အဆက်လည်း ရှိရမယ်။
ဒီမှာ ခဏတဖြုတ်လုပ်ပြီးတော့…. ဆက်ပြီး လုပ်လို့မရတာ။                     ဒါမယ့် ခဏတဖြုတ်လုပ်လို့ အဆင်မပြေတဲ့ဟာမျိုးကျတော့လည်း နောက်တမျိုးစဉ်းစားရမယ်။
တချို့ကျတော့… တစ်လနှစ်လ လာပြီးတော့ လုပ်အားပေးနိုင်တဲ့ နေရာမျိုး ရှိသလို ၊ ဒီလို လုပ်လို့မရဘူး…ရေရှည်မှ ဖြစ်နိုင်မယ့်နေရာမျိုးလည်း
ရှိတယ်ပေါ့နော်။ အဲဒါကတော့ အကျယ်အကျယ် စဉ်းစားရမှာပါ။

ဒီလို လွယ်လွယ်နဲ့ ပြောလို့မရပါဘူး။                                                          လာကြဟေ့… လာကြဟေ့ ကူကြဟေ့ဆိုပြီးတော့…
ဒီလည်းရောက်ရော..ဘာလုပ်ရမှာလဲ…ဘယ်ကိုသွားရမှာလဲ…ဘယ်လိုလုပ်ရမှာလဲ… မသိလို့ရှိရင်…အလကားပဲ… သူတို့လည်း ပင်ပန်းမယ်။
ဒီဘက်ကအတွက်လည်း ဘာမှအကျိုးမရှိဘူး။

 

RFA- ဟုတ်ကဲ့ ..။ ကျနော်တို့သတင်းဌာနကို စာရေးပြီး သူတို့ Mail တွေ ဘာတွေ ပို့ပြီးတော့ ပြောကြဆိုကြတာတွေ ရှိတယ်။
ကျနော်တို့ ဘယ်လို အကြောင်းပြန်သင့်ပါသလဲခင်ဗျ။

 

DASSK -အဲဒါတော့ သူတို့အလုပ်ပေါ်မှာ တည်တယ်လေ။ သူတို့အလုပ်နဲ့ဆိုင်တဲ့ ဌာနနဲ့ ဆက်သွယ်မှ ဖြစ်မှာပေါ့။
နောက်ပြီးတော့ …. ဒီလိုဟာမျိုး ဆက်သွယ်နိုင်အောင်လည်း အစ်မတို့ စဉ်းစားနေပါတယ်။ ဘယ်လိုလုပ်ပေးရမလဲပေါ့နော်။
ဘယ်လိုနည်းနဲ့ဆိုရင်…နိုင်ငံခြားကနေလာပြီးတော့ ကူညီချင်တဲ့လူတွေ ဥပမာ ဆရာဝန်တွေဆိုလို့ရှိရင် ဆရာဝန်တွေ ဆက်သွယ်နိုင်တဲ့ ဌာနပေါ့နော်။  စသည်ဖြင့်…အဲဒီလို သေသေချာချာ စနစ်တကျလုပ်…မှ ဟိုဘက်က ကူမယ့်လူတွေလည်း အားရမယ်။ ဒီဘက်ကလည်း အကျိုးခံစားရမယ်။

 

RFA- နိုင်ငံခြားမှာ ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေကြရတဲ့ မြန်မာအလုပ်သမားတွေအတွက်ရောခင်ဗျာ။

 

DASSK -ဒီမှာ အလုပ်ရှိမှ…။ ဒီက အခြေအနေကောင်းမှလည်း သူတို့ ပြန်လာနိုင်မှာပေါ့ ။ ဒီပြန်လာဖို့တော့ စီစဉ်လိုက်ပြီးတော့ ဒီမှာ အလုပ်မရှိဘူးဆိုရင်
ပြန်ပြီးတော့ ဟိုမှာရအောင် ပြန်သွားရမယ်ဆိုရင် သူတို့ ၂ခါပင်ပန်းတာပေါ့ ။

 

RFA- အစ်မရေ….ဒီရက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောနိုင်တာ ရှိသေးလားခင်ဗျ။

 

DASSK -(ရယ်လျက်… ) အလုပ်တွေများလွန်းလို့… ဒီရက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာတောင်မှ တော်တော်စဉ်းစားယူရတယ်။
တစ်နေ့ထက်တစ်နေ့ အလုပ်တွေကတော့ များပါတယ်။ ကိုခင်မောင်စိုးပြောတဲ့ ငြိမ်းချမ်းရေးညီလာခံကိစ္စ စ,တာဆိုရင်…
တကယ်တော့.. ဒီ N G A  Agreement ပြီးတာတို့ ဘာတို့ပေါ့နော်။ အဲဒါတွေကတော့ တစ်ဖက်ပေါ့။ ဒါကတော့ အများ သိမြင်နေတဲ့ကိစ္စ။
နောက် နေ့တဓူဝ လွှတ်တော်ထဲမှာလည်း အလုပ် လုပ်ရတာတွေလည်း အများကြီးပဲ။ အခု ဘက်ဂျက်တို့ ၊ စီမံကိန်းတို့… ဒီ ရှိတဲ့ အချိန်အတွင်းမှာ
ပေး လုပ်ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေလည်း အစ်မတို့ကိုယ်စားလှယ်တွေကလည်း ဒီထဲမှာ တက်တက်ကြွကြွ ပါရတာပေါ့နော်။
ဘာဖြစ်လို့ဆို..ဒီဘက်ဂျက်တွေ စီမံကိန်းတွေကို …နောက် အုပ်ချုပ်ရေးကနေပြီးတော့ ဆက်ပြီးတော့ အမွေခံသွားရမှာကိုး။

RFA- အော်… ဟုတ်ကဲ့။ ဒီအစိုးရအဖွဲအတွက် ရာထူးတွေ၊ တာဝန်တွေ ရွေးချယ်မှုတွေရော… တော်တော် ပြီးနေပြီလားခင်ဗျ။

 

DASSK -(ခပ်ရွဲ့ရွဲ့လေသံနှင့် ရယ်သံကလေးစွတ်လျက် တစ်လုံးချင်းစီ ခေါ်ပြီး… ) ကို ခင် မောင် စိုး ….မစပ်စုပါနဲ့။
အချိန်တန်ရင် သိရပါလိမ့်မယ်။

 

RFA- ဟုတ်ကဲ့။ ဟုတ်ကဲ့။ အစ်မ… ၈၈ က စပြီး အစ်မ စကားပြောတိုင်း မြန်မာလိုပြောပြော အင်္ဂလိပ်လိုပြောပြော အသုံးအနှုန်းတွေ…
လေယူလေသိမ်းတွေက ချောမွေ့နေတယ်။ ကျနော်တို့ အားလုံးက ဂုဏ်ယူရ ချီးမွမ်းရတယ်။ ဒါပေမဲ့… ငြိမ်းချမ်းရေး ညီလာခံမှာ
အစ်မ စကားပြောတာတော့ ခါတိုင်းနဲ့ မတူဘူး။ ဘာကြောင့်လဲ … နေမကောင်းလို့လား။

DASSK -မဟုတ်ပါဘူးကွာ…။ စာရွက်ကနေ ဖတ်ရလို့ရှိရင် ဘယ်တော့မှ သိပ်အဆင်မပြေချင်ဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးညီလာခံဆိုတော့လည်း
စာနဲ့ပဲ ဖတ်ရင်ကောင်းမယ်လို့ ထင်လို့ ဖတ်လိုက်တာပါ။

 

RFA- အဲ့တော့ Type သမားက အစ်မလက်ရေးကို ကောင်းကောင်း မဖတ်တတ်လို့လား။

 

DASSK -အဲဒါနဲ့ မဆိုင်ပါဘူး။ စာက ဖတ်ပြီးတော့ ပြောရတာ နည်းနည်း သဘာဝမကျသလိုပဲ  အစ်မအတွက် ။

 

RFA- ကျနော်ကြားလိုက်တာ တစ်နေရာမှာ သာကေတနဲ့ သင်္ကေတ လွဲနေသလိုပဲ… ။

 

DASSK- ဖြစ်နိုင်တယ်… ဘာဖတ်လိုက်မှန်းတောင် မမှတ်မိလိုက်ဘူး။

 

RFA- အစ်မ သာကေတ လို့ ပြောလိုက်တယ်။

 

DASSK -သင်္ကေတ ဖြစ်မှာပါ ။ ဘယ်လိုလုပ် သာကေတ ဖြစ်နိုင်မလဲ။ အစ်မ ဖတ်တာ မှားသွားလို့ဖြစ်မယ်။

 

RFA- အင်း မဖြစ်နိုင်ဘူးလေ။ ကျနော်ထင်တာက.. အစ်မလက်ရေးကို Type ပြန်လုပ်တဲ့သူက မှားများ မှားထားသလားလို့ပါ။

 

DASSK -အစ်မဘက်က မှားတာပါ။ Typing လုပ်တဲ့သူမှာ အပြစ်မရှိပါဘူး။

 

RFA- အော်… ဟုတ်ကဲ့…။ ပုဂ္ဂလိက မီဒီယာသမားတွေက အစိုးရသတင်းတွေ လွှတ်တော်သတင်းတွေ ရယူရာမှာ…
အစိုးရပိုင်မီဒီယာတွေလိုအခွင့်အရေး ဗမာပြည်မှာ မရဘူးခင်ဗျ… ။ အခမ်းအနားတွေမှာ ပြင်ပမီဒီယာတစ်ခုတလေက လွဲလို့ပေါ့နော်…
အစိုးရ ပြန်ကြားရေးဌာန ဝန်ထမ်းတွေကပဲ… အနီးကပ် ရိုက်ကူးခွင့်ရတယ်… အသံဖမ်းခွင့်ရတယ်…။
အဲ့တော့…ပြင်မီဒီယာတွေက အသံတွေ အရုပ်တွေ ကောင်းကောင်း မရဘူးဗျ။ တကယ်တော့ဗျာ.. ဥပမာ မနေ့ကလို(ငြိမ်းချမ်းရေး ဆွေးနွေးပွဲ)
အခမ်းအနားလိုမျိုးမှာ လူများလွန်းလို့… သတင်းထောက်တွေအကုန်လုံးအတွက် မပေးနိုင်ဘူးဆိုလည်း …အစိုးရက သူတို့ ရိုက်ကူးဖမ်းယူထားတဲ့
အသံတွေ အရုပ်တွေကို ချက်ချင်းဆိုသလို ကျန်တဲ့ ပြည်ပကို ပြန်ဝေသင့်တာပေါ့အစ်မရယ်… ။ ဒါ… အားလုံး တိုင်းပြည်အကျိုးစီးပွါးကို
သတင်းမီဒီယာတွေအားလုံး သိသင့်တာပေါ့…တရားဝင်လုပ်တဲ့အခါကျတော့လေ… ။               အဲဒီကိစ္စလေးကို အစ်မစိတ်ကူးထဲ… ဘယ်လိုများ ရှိလဲခင်ဗျ။

 

DASSK -ဒီမီဒီယာကိစ္စတွေကလည်း အများကြီး ပိုပြီးတော့ ခေတ်မီအောင်လုပ်ဖို့ လိုပါသေးတယ်။
အစိုးရကပဲ… မီဒီယာကို ချုပ်ကိုင်ထားတာကပဲ နှစ်ငါးဆယ်လောက်မဟုတ်လား။ အဲ့တော့… အခုအပြောင်းအလဲဆိုတာကလည်း
ဘယ်လိုပဲပြောပြော…ဆယ်စုနှစ်တစ်စုတောင်မှ မရှိဘူး ။ ငါးနှစ်ပဲ ရှိသေးတယ်လေ။

 

RFA- အစ်မတို့ပါတီက ပုဂ္ဂိုလ်တချို့ မီဒီယာတွေကို ပြောဆိုတာနဲ့ ပတ်သက်ပြီး အစ်မသတိပေးရတယ်လို့ ကျနော် ကြားဖူးတယ်။
NLD အစိုးရလက်ထက်မှာ ပြင်ပမီဒီယာတွေက မေးမြန်းတာကို အစ်မ ဘယ်လို ပြန်ကြား အသိပေးမလဲခင်ဗျား ။

 

DASSK- ပြောသင့်ပြောထိုက်တဲ့လူတွေကိုတော့ ပြောရမှာပေါ့။ တချို့တွေက မီဒီယာကို ပြောတဲ့အခါမှာ ပြောချင်တာပဲသိတယ်လေ။
ပြောတတ်တာ မပြောတတ်တာကို မဆင်ခြင်တာတွေရှိတယ်။ တခါတလေ အချက်အလက်ကိုတောင်မှ မသိပဲနဲ့… ရမ်းပြီး ပြောတာတွေလည်း
ရှိတယ်။ ဒါတွေကိုလည်း ထိန်းရတယ်။ နောက်ပြီး..တခါတလေကျရင် အဖွဲ့ချုပ်ရဲ့ မူနဲ့ မကိုက်ညီတဲ့ဟာတွေကိုလည်း ပြောတာရှိတယ်။
ပါတီတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ အလုပ် လုပ်မယ်ဆိုလို့ရှိရင်တော့ ပါတီရဲ့ မူအရပဲ ပြောရမှာပဲ။

 

RFA- အစ်မရေ… ကျေးဇူးအများကြီး တင်ပါတယ်နော်။

 

DASSK -ရပါတယ်… Thank you , Good Night !!!

 

 

======================================

 

 

RFA သတင်းဌာန မှ အပါတ်စဉ်ထုတ်လွှင့် တင်ပြနေသော ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှ… အသံဖိုင်အား စာသားအဖြစ် ပြောင်းလဲတင်ပြထားခြင်း ဖြစ်ပါသည်။

RFA အမေး… ဒေါ်အောင်ဆန်းစုကြည် အဖြေများကို ကြားရသည့်အတိုင်း မပြင်မဆင်ဘဲ စာသားအဖြစ် ချရေးခြင်းဖြစ်ပါသည်။ RFA သတင်းဌာနထံကို ဆက်သွယ် အကြောင်းကြားပြီး စာသားအဖြစ် ချရေး တင်ပြခွင့် တောင်းခံထားပါသည်။ )

 

စာစီသူ – သင့်အေးရိပ်

thintayeyeik@gmail.com

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 605 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013