14.2.2016 ညနေ ၅နာရီ ၄၅ မိနစ်တွင် မထက်ထက်ထွန်း အိမ်၌ ဟောကြားပေးသော ဆရာတော် ဦးဇောတိက တရားထဲမှ ကျန်းမာရေးအတွက် သိကောင်းစရာများ
(၁) ကျန်းမာဖို့အတွက် အစာ အများကြီး စားစရာ မလိုပါ။ အချိုဓာတ်ကနေ Cholesterol အဖြစ်ပြောင်းစေပါတယ်။ ဒါ့ကြောင့် အချိုကို လျှော့စားရပါမယ်။
အစာစားတဲ့အခါ အဆာပြေပြီဆိုရင် ရပ်လိုက်ပါ။ လူရဲ့ ဦးနှောက်က အစာစားပြီး အချိန်အနည်းငယ်ကြာလို့ သွေးထဲက အချိုဓာတ်တက်လာမှ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်ရပါတယ်။ ဒါ့ကြောင့် ဗိုက်ဝပြီ ဆိုမှ ရပ်ရင် လိုအပ်တာထက် ကိုယ်ထဲကို ပိုဝင်သွားပါပြီ။
(ဘုန်းဘုန်းဆို ဆီးချို ရှိတာ ကိုယ်လက်လှုပ်ရှားပြီး အစားထိန်းထားရုံနဲ့ ဆီးချို မတက်တော့ပါဘူး၊ အစာလျှော့တဲ့ အတွက် လူကလည်း ပိန်မသွားပါဘူး။)
Longevity ဆိုတဲ့ အသက်ရှည်ကြောင်းစာအုပ်ထဲမှာ အနှစ်ချုပ်တော့ အစာ လျှော့စားပါ လို့ ပြောထားတာချည်းပါပဲ။
(၂) စကားပုံ ရှိပါတယ်။` ခြေထောက်မှာ ရှိန်၊ ၀မ်းမှာ ပိန်´ တဲ့။
ဆိုလိုတာက ခြေထောက်မှာ အပူရှိန် ရှိအောင် နေရပါမယ်။
ဝမ်းကို ပိန်အောင် ဗိုက်မပူအောင် ထားရပါမယ်။
ဘုန်းကြီးဆို ခြေထောက်ကို အမြဲ ခြေအိတ် စွပ်ထားပါတယ်။
(အခု ညနေကတော့ ရာသီဥတုကလည်းပူ ချွေးလည်း ထွက်နေလို့ ခြေအိတ် မ၀တ်တာပါ)
ခြေထောက်ကို နေ့စဉ် ရေနွေးစိမ်ပါတယ်။
ဂျင်းကို ပါးပါးလေးတွေ အ၀ိုင်းလိုက်လှီး၊ပြီးရင် သေးသေးအမျှင်လေးတွေ ပြန်စိတ်ထည့်ပါတယ်။ဒါမှ ဂျင်းထဲက အဆီဓာတ်က ရေထဲမှာ ပျံ့နှံ့သွားအောင်ပါ။ သံပုရာသီး တခြမ်းလောက် ညှစ်ထည့်ပါတယ်။ ဆား(သို့) ဆားခါးတဇွန်းထည့်ပါတယ်။ရေနွေးအကြမ်းပန်းကန်လေးထဲမှာ ရေနွေးနဲ့ ခဏစိမ်ပါတယ်။ နောက်မှ ဇလုံထဲမှာသွန်ထည့်၊ ရေနဲ့ ရေနွေးကို အပူခံနိုင်ရုံ ခြေမျက်စိမြုပ်ရုံလောက်ထည့်ပြီး စိမ်ပါတယ်။ သုံပုရာသီးက Vitamin C ရပါတယ်။ဂျင်းနဲ့ ဆားခါးက အညောင်းအညာပြေစေပါတယ်။အရေပြားကလည်း ဒီဓာတ်တွေကို စုပ်ယူပါတယ်။ ခြေထောက်စိမ်ပြီး စာဖတ်ချင်ဖတ်၊တရားမှတ်ချင်မှတ်ပေါ့။ စိမ်ရင်း အေးသွားရင် ရေနွေး ထပ်ထပ်ဖြည့်ပေးပြီး နာရီဝက်-၄၅ မိနစ်လောက် စိမ်ပါတယ်။
မှန်မှန်လုပ်ပေးရင် အကျိုးထူးပါတယ်။ခြေထောက်ညောင်းညာတာမက တကိုယ်လုံးအတွက် ကောင်းပါတယ်။
(၃)အစာစားတဲ့အခါ အသီးအရွက်ကို ဦးစားပေးစားတာ ကောင်းပါတယ်။ ပဲကလည်း ပရိုတင်းရတဲ့ အတွက် စားသင့်ပါတယ်။ ထမင်းကိုတော့ လျှော့စားပါ။ တချို့ဆို ပန်းကန်လုံးထဲ ထမင်းဖွဖွထည့်၊ ပန်းကန်ပြားအလယ်မှာ မှောက်လိုက်တော့ လုံးလုံးလေး လှနေတာပေါ့။ပြီးတော့မှ ဘေးမှာ စားချင်တဲ့ အသီးအရွက်၊အသား/ငါးနည်းနည်း အလှပြင်ပြီး စားကြပါတယ်။ ၀သလားဆို ဘယ်ဝပါ့မလဲ။ဒါပေမယ့် ဒီလောက်ပဲ စားမယ်ဆိုပြီး ချင့်ချိန်စားကြပါတယ်။ ဒါဟာ အသက်ရှည်နည်း လမ်းကောင်းတခုပါပဲ။
(၄)ဘုန်းကြီးက ဆေးဆို အများကြီး မသောက်ပါဘူး။တခြမ်း တစိတ်ပဲ သောက်ပါတယ်။ဆေးသောက်ပြီးရင် ကိုယ့်ကိုကိုယ် သတိထားကြည့်နေပါတယ်။ဘုန်းကြီးက မတည့်တာ တခုခုစားမိရင်လည်း ချက်ခြင်းသိပါတယ်။ ဆေးကိုလည်း sensitive ဖြစ်ပါတယ်။ နည်းနည်းသောက်တာနဲ့ ရစေချင်တဲ့ ကောင်းကျိုး ကို ရတတ်ပါတယ်။ ဆေးဆိုတာ side effect ရှိတာချည်းပါပဲ။ တတ်နိုင်သလောက် အနည်းဆုံးသောက်တာ အကောင်းဆုံးပါပဲ။
(၅) အကိုက်အခဲ ပျောက်ဆေးတွေ ဆိုတာ မသောက်တာ အကောင်းဆုံးပါပဲ။ လူရဲ့ ခန္ဓာကိုယ်မှာ သူ့ကိုယ်သူ အလိုလို ပြုပြင်ပေးတာတွေ ရှိပါတယ်။ဒီလို ပြန်ပြင်တဲ့ အလုပ်လုပ်ဖို့ နာတယ်ဆိုတာကို ဦးနှောက်က သိဖို့လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးမှာ အနာပျောက်စေတာ၊အယောင်ပျောက်စေတာပါသလို ဦးနှောက်က အဲဒီ နာကျင်တဲ့နေရာကို မသိအောင် လုပ်ပေးတဲ့ အာနိသင်လည်း ပါပါတယ်။အဲဒီတော့ ခန္ဓာကိုယ်က ကိုယ့်ဖာသာ ပြန်ပြီး ပြုပြင်ဖို့ကို မသိတော့ပါဘူး။ ရောဂါ ပျောက်ဖို့ ပိုကြာသွားတတ်ပါတယ်။ ဒါ့ကြောင့် အကိုက်အခဲ ပျောက်ဆေးတွေ ကို တတ်နိုင်သ၍ မသောက်ပဲ သည်းခံပြီး နေသင့်ပါတယ်။
(၆) စိတ်တိုတာ စိတ်ဆိုးတာတွေဟာ အသက်ကို တိုစေတတ်တာကြောင့် စိတ်ကို ချမ်းသာအောင် နေပါ။ပူပင်သောက နည်းအောင်နေပါ။
(၇) အစာစားရာမှာ လောဘ၊ဒေါသ မပါပါစေနဲ့၊ လောဘက ကြိုက်တာတွေ စားမယ် ထပ်ထပ်ထည့်ပေါ့။ ဒေါသက ငါပြောထားရက်နဲ့ မကြိုက်တာတွေ ချက်တယ်၊ငါ့ကို ပစ်ထားတယ် ဆိုတာ မျိုးပေါ့။သတိနဲ့နေရင် သူတို့ အဆင်မပြေသေးလို့ ဖြေတွေးပြီး ရှိတာလေးနဲ့ သင့်ရုံစားလိုက်တာပါပဲ။
(၈) အရိုးရှင်းဆုံးနေတာ ဘ၀တွက် အကောင်းဆုံးပါပဲ။
သတိရှိ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် တရားတော်နှင့်အညီ နေနိုင်ကြပါစေ။
(ဆရာတော့်တရားကို မှတ်မိသ၍ ပြန်ရေးတဲ့ထဲမှာ အကြားမှားတာပါရင် ပြင်ပေးကြစေလိုပါတယ်။)
U zawtika

padonmar

About padonmar

has written 219 post in this Website..

THAKHIN CJ #12112010 (5/2/16)