ဗိုလ်အောင်ကျော်ဆိုတာ ဘယ်သူလဲ၊
ဘယ်လိုလူလဲဆိုတာက တချို့လူငယ် လေးများ မသိကြတော့ပါ၊ မသိအောင်လုပ်ထားခဲ့ကြလို့ မသိခဲ့တော့တာကို အပြစ်တင်လို့လဲမဖြစ်ပါ။
စစ်အာဏာရှင် အစိုးရများခေတ် တလျှောက်လုံးမှာကျောင်းသားခေါင်းဆောင်၊ ကျောင်းသားအရေးအခင်း၊ကျောင်းသားလှုပ်ရှားမှု၊
ကျောင်းသားသပိတ် ဆိုတဲ့စကားလုံးတွေကို မကြားလို၊နားခါးတယ်။ဒါကြောင့် အတတ်နိုင်ဆုံး ဖုံးကွယ်ဖိနိပ်ထားခဲ့ကြပါတယ်။
တကယ်တော့ ဗမာ့လွတ်လပ်ရေးသမိုင်းကို မပြောလို့မသင်ကြားလို့မရနိုင်ပါ။ လွတ်လပ်ရေးသမိုင်းကိုပြောတိုင်း ကျောင်းသားလှုပ်ရှားမှုသမိုင်းကလည်း မပါလို့မဖြစ်ပါ။ ၁၉၂၀ ပထမကျောင်း သားသပိတ်၊၁၉၃၆-ဒုတိယကျောင်းသားသပိတ်၊၁၉၃၈-တတိယကျောင်းသားသပိတ်။ သမိုင်းဆက်သွားတဲ့ ရဲဘော်သုံးကျိပ်မှာလဲ၊ဗိုလ်တေဇ၊ ဗိုလ်ဇေယျာ၊ ဗိုလ်လက်ျာ၊ ဗိုလ်စကြာတို့က ကျောင်း သားခေါင်းဆောင်တွေ။ရဲဘော်သုံးကျိပ်ခေါင်းဆောင်တွေ၊ဗိုလ်အောင်ကျော် ၁၉၃၈မှာမကျဆုံးခဲ့ရင် ရဲဘော်သုံးကျိပ်ထဲတောင်ပါသွားမယ် ထင်ပါရဲ့။တချို့ကလေးတွေက ဗိုလ်အောင်ကျော်ကို ရဲ ဘော်သုံးကျိပ်ဝင်ထင်လိုထင်။
ဗိုလ်အောင်ကျော်ဆိုတာ ရဲဘော်သုံးကျိပ်ဝင် မဟုတ်ပါဘူး၊ “ဗိုလ်”ကလဲ စစ်တပ်ထဲကရတဲ့ ဗိုလ်ဘွဲ့ ဗိုလ်ရာထူးလဲမဟုတ်ပါဘူး၊ပြည်သူလူထုက “နေမျိုးသီဟသူရ”ဘွဲ့နဲ့တကွ ကြံတောသုဿာန် မှာ ပေးလိုက်တဲ့ဘွဲ့ပါ။ ကြံတောသုဿာန်မှာပဲ ဗိုလ်အောင်ကျော်ရဲ့အုတ်ဂူ တည်ဆောက်ခဲ့ကြပါတယ်။ ဗိုလ်အောင်ကျော်ကြည်ညိုတဲ့ မျိုးချစ်စာရေးဆရာကြီး ဦးဖိုးကျားရဲ့ အုတ်ဂူရဲ့အနီးမှာ ယှဉ် လျှက်ပါ။ အဲ့ဒီအုတ်ဂူကို ဗိုလ်နေ၀င်း-ရဲဘော်သုံးကျိပ်ဝင်ကြီးက ဖျက်ဆီးခဲ့ပါတယ်။
ကိုအောင်ဆန်းနဲ့ ကိုအောင်ကျော်တို့ဟာ မျိုးချစ်စာရေးဆရာကြီး မဟာဆွေကို အလွန်ကြည်ညိုတယ်။ မဟာဆွေက သူ့ဝတ္ထုတွေထဲမှာ အင်္ဂလိပ်အစိုးရဆန့်ကျင်ရေးတွေ ထည့်ပြီးရေးလေ့ရှိတာ ကိုး။ဆရာကြီးမဟာဆွေက နေသူရိန် ကလောင်အမည်ဝှက်နဲ့ ကြီးပွားရေးမဂ္ဂဇင်းမှာ မကြောက်တရားခေါင်းစဉ်နဲ့ နိုင်ငံရေးဆောင်းပါးတွေရေးတော့ ရေးသူဘယ်သူဆိုတာ သိချင်လို့ ကိုအောင်ဆန်း နဲ့ကိုအောင်ကျော်တို့က ကြီးပွားရေးမဂ္ဂဇင်း အယ်ဒီတာဦးလှ(နောင်အခါလူထုဦးလှ)ဖြစ်လာသူကို ပူဆာကြသတဲ့။ ဦးလှကလဲ အယ်ဒီတာကျင့်ဝတ်နဲ့အညီ မထုတ်ဖေါ်ခဲ့ဘူး။ကိုအောင်ကျော်က ဆရာကြီးမဟာဆွေနဲ့လည်း ပုဂ္ဂိုလ်အရရင်းနှီးပြီးသားပါ။ ဆရာကြီးရဲ့အိမ်မှာ ၀င်ထွက်သွားလာပြီး နိုင်ငံရေးဆွေးနွှေးကြတယ်။ ကိုအောင်ကျော်ကျဆုံးတော့ ဆရာကြီးမဟာဆွေက“အောင်ကျော်နဲ့မဟာဆွေ” ဆိုတဲ့စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။ ထုတ်ဝေသူက ကြီးပွားရေးဦးလှပဲဖြစ်တယ်ထင်ပါတယ်။ ဒီစာအုပ်ကလေးကို ဗိုလ်
အောင်ကျော်ရာပြည့်အထိမ်းအမှတ်အဖြစ် ပြန်ထုတ်ဖို့ ကောင်းပါတယ်။
ဗိုလ်အောင်ကျော်ရဲ့ အတ္ထုပ္ပတ္တိကို ဗိုလ်အောင်ကျော်ရဲ့တူမအရင်းဖြစ်သူ ဒေါ်သန်းဌေး မယ်ဇလီကုန်းအလယ်တန်းကျောင်း အုပ်ဆရာမကြီး(ငြိမ်း)က ရေးသားပြုစုထားတာရှိပါတယ်။ စက်တင် ပုံနိပ်တာမတွေ့ရ၊မကြားဘူးသေးပါ။ စာမူကြမ်းကိုတော့ ကျနော်ဖတ်ရဖူးပါတယ်။ခုကျနော်  ဒီဆောင်းပါးကိုရေးနိုင်တာဟာ ဒေါ်သန်းဌေးရဲ့စာမူကိုဖတ်ထားပြီး မှတ်စုထုတ်ယူထားလို့ ရေးနိုင်တာ ဖြစ်ပါတယ်။ ဗိုလ်အောင်ကျော်ရဲ့ဇာတိက ဟင်္သတခရိုင် အင်္ဂပူမြို့နယ် မယ်ဇလီကုန်းဒေသ ရုံးဇင်ရွာဖြစ်ပါတယ်။ အဖဦးကျော်ထင်က အလယ်တန်းကျောင်းဆရာပါ။အမိကဒေါ်ရွှေကျော့တဲ့ စာမ တတ်ရှာဘူး။ ဥယျာဉ်ခြံမြေလုပ်ကိုင်စားသောက်သူပါ။ ဦးကျော်ထင်ဒေါ်ရွှေကျော့တို့မှာ သားသမီး(၁၁)ယောက်မွေးဖွားပြီး ၆ယောက်ပဲအဖတ်တင်ပါတယ်။ ဗိုလ်အောင်ကျော်က အဋ္ဌမမြောက်သား ဖြစ်ပြီးခရစ်နှစ် ၁၉၁၆၊ဖေဖေါ်ဝါရီ၂၇ မြန်မာခုနှစ်၁၂၇၇-တပို့တွဲလပြည့်ကျော်၉ရက် တနင်္ဂနွေမွေး ဖွားသူဖြစ်ပါတယ်။
ကိုအောင်ကျော်ဟာ ရုံးဇင်ရွာက မြန်မာဘာသာသင်ကျောင်းမှာပဲ ပဉ္စမတန်း အောင်လို့အဋ္ဌမတန်းအထိ ပညာသင်ယူခဲ့ပါ
တယ်။နောက်ဆက်ပြီးမယ်ဇလီကုန်းးအမျိုးသားကျောင်းမှာ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပါတယ်။ ၁၉၃၁မှာသတ္တမတန်းအစိုးရစစ် စာမေးပွဲအောင်ပါတယ်။ဆက်လက်ပြီး ဟင်္သတမြို့ကမ္မင်းအထက်တန်းကျောင်း (ယခုအ.ထ.က၃)မှာ ၁၀တန်းအောင် သည်ထိဆက်တက် ခဲ့ပြီး ၁၉၃၄မှာ ၁၀တန်း အောင်ခဲ့ပေမယ့် ငွေရေးကြေးရေးအခက်အခဲကြောင့်  တက္ကသိုလ်ကိုချက်ချင်းမသွားနိုင်ခဲ့ပါ။၁၉၃၅ခုနှစ်ကျမှ ဂျပ်ဆင်ကောလိပ်ခေါ် ယုဒသန်ကောလိပ် ကိုတက်ပြီး၁၉၃၅ -၃၆ ပညာသင်နှစ်မှာ အိုင်အေ ခေါ်ဥပစာပထမနှစ်အောင်ပါတယ်။၁၉၃၆-၃၇ပညာသင်နှစ်မှာ စာမေးပွဲကျလို့ ၁၉၃၇-၃၈ ရောက်မှ အိုင်အေဒုတိယနှစ်အတန်းကိုဆက်ပြီးတက်နိုင်ပါတယ်။
ကိုအောင်ကျော်ဟာ စာပေလည်းဝါသ နာပါပြီး နိုင်ငံရေးလည်းဝါသနာပါသူဖြစ်ပါတယ်။ သူဟာ ယုဒသန်ကောလိပ် မြန်မာစာအသင်းကြီးရဲ့အမှုဆောင်တဦးဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂမှာ ကိုအောင်ဆန်းက  သခင်အောင်ဆန်းဖြစ်သွားပြီး တို့ဗမာ အစည်းအရုံးဝင် တဦးအဖြစ်နဲ့ နိုင်ငံရေး လောကထဲကိုခြေစုံပစ်ဝင်သွားလို့ ဥက္ကဌရာထူးလစ်လပ်တော့ ကိုဘဟိန်းက တာဝန်ယူရပါတယ်။ တခြားအမှုဆောင် တနေရာလစ်လပ်ပြန်တော့ ကိုအောင်ကျော် ကိုခေါ်ယူအစားထိုးခဲ့ပါတယ်။ ဒီလိုနဲ့  ကိုအောင်ကျော်လဲ ကျောင်းသားသမဂ္ဂအမှုဆောင်ဖြစ်လာပြီး ကျောင်းသား ခေါင်းဆောင်ဟောင်း များဖြစ်ကြတဲ့ ကိုအောင်သိန်း၊ကိုလှဖေ(နောင်-ဗိုလ်လက်ျာ)တို့နဲ့နိုင်ငံရေးဟောပြောပွဲ နဲ့စာပေဟောပြောပွဲတွေမှာ လိုက်လံဟော ပြောလေ့ရှိပါတယ်။ အိုးဝေမဂ္ဂဇင်းမှာလဲ ဆောင်းပါးရေးဖူးခဲ့ပါတယ်။
၁၉၃၈ခုနှစ်မှာ ၁၃၀၀ပြည့်အရေး တော်ပုံသမိုင်းတွင်တဲ့ရေနံမြေအလုပ်သမားသ ပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ရေနံချောင်း ကျောင်းသားသပိတ်ကိစ္စကိုကူညီဖို့ တကသဥက္ကဌကိုဗဟိန်းနဲ့အတွင်း ရေးမှူး
ကိုဗဆွေတို့ သွားရောက်ခဲ့ရာမှာ မကွေးကို ရောက်တော့ ရေနံမြေသပိတ်တပ်ကြီးချီ တက်လာတာနဲ့ ဆုံပါတယ်။ အင်္ဂလိပ်
အစိုးရကို ကန့်ကွက်ဆန္ဒပြချီတက်လာတဲ့ သပိတ်တပ်ကြီးကို ကျောင်း သားတွေကလဲ အားပေးထောက်ခံတဲ့အနေနဲ့ ကိုဗဟိန်း၊ ကိုဗဆွေတို့လဲ ဟောပြောကြလို့ အဖမ်းခံရပါတယ်။ ကျောင်းသားခေါင်း ဆောင်တွေကိုလွှတ်ပေးဖို့ ရန်ကုန်တမြို့
လုံးရှိကျောင်းသားတွေ ဆန္ဒ ပြတာကို တက္ကသိုလ်က ဦးဆောင်ပါတယ်။ အလံကိုင်တပ်ဗိုလ်ရွေးဖို့တော့ ကိုအောင်ကျော်ကပဲ စာရင်းပေးပါတယ်။ ကိုကြည်မောင်(နောင်ဗိုလ်မှူးကြီးဖြစ်လာသူ)အရွေးခံရပါတယ်။ ကိုအောင်ကျော် က ဗိုလ်အဖွဲ့ဝင်အဖြစ်နဲ့ပဲ တာဝန်ယူရပါတယ်။
ဗြိတိသျှအစိုးရက ဗမာပြည်ကို ကျွန်လုပ်အုပ်ချုပ်ရာ ဗဟိုဌာနဟာ ရန်ကုန်ရှိ အတွင်းဝန်ရုံးကြီးဖြစ်ပါတယ်။ အုပ်ချုပ်မှုယန္တရားကြီး ရပ်ဆိုင်းသွားအောင် ကျောင်းသားတွေက ရုံးကြီးကိုဝိုင်းဝန်း ပိတ်ဆို့ဆန္ဒပြပါတယ်။ အောင်မြင် စွာပြီးဆုံးပြီး ပြန်ကြတော့မယ်လို့ တပ်ဆုတ်
စမှာပဲ အစိုးရရဲ့မြင်းစီးပုလိပ်၊ဂေါ်ရာစစ်သားတွေက နံပတ်တုတ်တွေနဲ့ ကျောင်း သားတွေကိုကျားမကြီးငယ်မရွေးဝင် ရိုက်လို့ ကျောင်းသားချည်း၂၀၀ကျော်ဒဏ်ရာရပြီး ဆေးရုံကြီးကိုပို့ရာမှာ ဗိုလ်အောင်ကျော်ပါဝင်ပါတယ်။ ဆေးရုံမှာပဲ ဗိုလ်အောင်ကျော်ကွယ်လွန်ပါတယ်။ သူ့အမေကိုယ်တိုင်ရောက်ရှိသဂြိုဟ်ခဲ့ပါ တယ်။ ဗိုလ်အောင်ကျော်ကို ပြည်သူလူထုက “နေမျိုးသီဟသူရဘွဲ့”ချီးမြှင့်လိုက်ပါ တယ်။ ဗိုလ်အောင်ကျော်ကျဆုံးတဲ့ဒီဇင်ဘာ(၂၀)ရက်နေ့ကို(ကျောင်းသားနေ့)လို့သတ်မှတ်ပြီး နှစ်တိုင်းအောင်ကျော် နေ့-ကျောင်းသားနေ့ကို ကျောင်းတိုင်းကျင်းပ ခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးမှထုတ်တဲ့ မြန်မာစွယ်စုံကျမ်းမှာကျောင်းသားနေ့သမိုင်းကို အသေအချာဖေါ်ပြခဲ့ကြပါတယ်။
ဗိုလ်အောင်ကျော်နေ့ခေါ်ကျောင်းသား နေ့ဟာ ဗမာ့လွတ်လပ်ရေးသမိုင်းဝင်နေ့ဖြစ်ပါတယ်။ဒီဇင်ဘာ၂၀ပါ။ ယမန်နှစ်က ၁၉၁၅ဟာ အောင်ဆန်းရာပြည့်ပါ။ ဒီနှစ်၂၀၁၆-ဖေဖေါ်ဝါရီ၂၇ဟာ အောင် ကျော်ရာပြည့်ဖြစ်ပါတယ်။အောင်ကျော်ရာပြည့်ပွဲဆင်နွှဲပြီးဗမာ့လွှတ်လပ်ရေးတိုက် ပွဲမှာ အသက်ပေးခဲ့တဲ့  ဗိုလ်အောင်ကျော်ရဲ့ဂုဏ်ကျေးဇူးကို ပြန်လည်ဖေါ်ထုတ်ပြီး ဂါရ၀ပြုကြပါစို့။

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ၂၀၁၆ မတ်လထုတ်တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

kai

About kai

Kai has written 858 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.