ကျနော်နှင့် ပင်လယ်ရနံ့သင်းသော ဝတ္ထုတိုလေးများ
@@@@@@@@@@@@@@@@@@@@@@
မြန်မာပြည်၏ အထက်ပိုင်းဒေသတွင် မွေးဖွားကြီးပြင်လာခဲ့ရသည် ကျနော့်အတွက်
ပင်လယ်ဆိုသည့် စကားရပ်သည် သူစိမ်းဆန်လွန်းနေ၏။ ထိုပင်လယ် ပင်လယ်လေ
ပင်လယ်ကမ်းခြေဆိုသည့် စကားလုံး ရုပ်ပုံများကိုကား စာအုပ်တွေထဲ
တီဗီတွေထဲမှာသာ မြင်ဖူးတွေ့ဖူးခဲ့ရသည်။ ပင်လယ်ကမ်းခြေ၏
အလှတရားများအကြောင်း ပင်လယ်လေ၏ လတ်ဆတ်မှုအကြောင်းတွေကို စာဖတ်များထဲတွင်
ဖတ်ရှုရပြန်တော့ ပင်လယ်ဆိုသည့် ရေပြင်ကျယ်ကြီးဆီသို့
တစ်ခါတစ်ခေါက်လောက်တော့ အရောက်သွားလိုလှပေသည်။ ပင်လယ်ကို မမြင်ဘူး
မတွေ့ဘူးသည့် ကျနော့်၏ ဆန္ဒ ကျနော့်၏ အာသီသ ….. “ကျနော်
ကဗျာဆရာတစ်ယောက်ကို ပင်လယ်ဝကို ခေါ်သွားဘူးတယ်ဗျ … ပင်လယ်ကြီးကို
မြင်တော့ ကဗျာဆရာ ဘာလုပ်တယ်ထင်လည်း … ဟေးးးးး ပင်လယ်ကြီးရေ
မင့်ရင်ခွင်ထဲ ငါအပြေးလာပြီဟေ့ လို့ ပြောပြီး ရေထဲဝုန်းခနဲခုန်ချလို့
ကျနော်တို့မှာ မနည်းလိုက်ဆွဲရဘူးတယ် ….”  ပင်လယ်ကြီးနဲ့ နီးသည့်
မြို့ကလေးမှ ဆရာတစ်ဦး ပြောပြသည်ကို မှတ်သားရဘူးသည်။ ပင်လယ်ဆိုတာ
အညစ်အကြေးတွေကို ဘယ်တော့မှ လက်ခံမထားဘူး ကမ်းခြေကိုပဲ ပြန်ပို့တယ် …
ဒါကကြားဘူးနားဝစကားလုံး …. ပင်လယ်ရေကြီး ဘာကြောင့်ငန်သွားရသလဲ
…ငယ်ငယ်က ဖတ်ဘူးသည့် ပုံပြင် …. ဘာပဲဖြစ်ဖြစ် ပင်လယ်သည်ကား
ကျနော့်စိတ်ကို ဆွဲဆောင်နိုင်လွန်းလှသည်။ ပင်လယ်ပြင်ကြီးထဲမှ
နေလုံးနီနီကြီး ပေါ်ထွက်လာပုံ …. ပင်လယ်ပြင်ကြီးထဲကို နေလုံးနီနီကြီး
တိုးဝင်ပျောက်ကွယ်သွားပုံတွေကို ငေးကြည့်နေလိုလှသည်။ ထိုသို့ဆန္ဒများဖြင့်
ပင်လယ်ကို ကျနော် တမ်းတနေမိသည်။ ပင်လယ်ဆီသို့ ရောက်နိုင်မည့်နေ့ကို
မျှော်လင့်နေခဲ့ရသည်။ “ပင်လယ်ဟာ ကိုပါ အမှောင်တွေလာရင် ….
ရင်ခုန်စွာနဲ့ မျှော်လင့်မိတယ် …..” ဆိုသည့် သီချင်းလေးထဲကအတိုင်း
လရောင်ဆမ်းသည့် ပင်လယ်ကိုလည်း မျှော်ငေးကြည့်ချင်ပါသေးသည်။ ပင်လယ်ကြီးကို
မျှော်ငေးကြည့်နိုင်ဖို့အတွက် ရွေးမြစ်ကမ်းပေါ်က မြို့ကလေးဆီကို ၂၀၁၂
ခုနှစ် နွေကျောင်းပိတ်ရက်မှာ ကျနော်ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမြို့ကလေးမှာ
ကဗျာဆရာ ဖျော်ပေးတဲ့ လက်ဘက်ရည်ကို သောက်ခဲ့ရသလို … နာဂစ်ရဲ့ နှိပ်စက်မှု
ဒဏ်ရာ တစ်စိတ်တစ်ပိုင်းကိုလည်း မြင်တွေ့ခွင့်ရခဲ့တာပေါ့…။
ပင်လယ်ကြီးကို မမြင်ခဲ့ရပေမဲ့ နွေးထွေးတဲ့ စည်းလုံးတဲ့ စာပေအနုပညာကို
ချစ်မြတ်နိုးကြတဲ့ သူတွေနဲ့ တွေ့ဆုံခွင့် စကားပြောခွင့် ရခဲ့တာဟာ
ကျနော့်အတွက် တန်ဖိုးရှိလှတဲ့ ခရီး တန်ဖိုးကြီးလှတဲ့ နေ့ရက် အချိန်တွေ
ဖြစ်ခဲ့တယ်ဆိုတာတော့ အသေအချာ။ ဒီလိုဆုံတွေ့ခွင့်ရခဲ့တဲ့ စာပေအနုပညာကို
ချစ်မြတ်နိုးတဲ့သူတွေထဲကမှ ကိုသတိုးဆိုတဲ့ ဆရာသမားက သူ့ရဲ့ ပတ္တမြားလှံတံ
ဝတ္ထုတိုများ စာအုပ်ကို မြန်မာပြည် တောင်ဘက်စွန်းကနေပြီး မြန်မာပြည်
မြောက်ဘက်ပိုင်းမှာနေတဲ့ ကျနော့်ဆီကို အရောက်ပို့ပေးတဲ့အတွက် ကျေးဇူးပါ။
ပတ္တမြားလှံတံဝတ္ထုတို စာအုပ်လေးကို ဖတ်ပြီးတဲ့အခါ ဆရာသတိုးကို ကျနော်က
ပင်လယ်နံ့သင်းတဲ့ ဝတ္ထုတွေကို ထုဆစ်သူလို့ တင်စားမိပါတော့တယ်။

                                        (၁)
ဆရာ သတိုးရဲ့ ပတ္တမြားလှံတံ ဝတ္ထုတို စာအုပ်လေးထဲက ဝတ္ထုတိုလေးတွေကတော့
“ကာယအားနဲ့ ဘဝကို ဖြတ်သန်းနေကြရတဲ့ မိသားစုလေးအကြောင်းနဲ့
စာနာနားလည်တတ်သူ ဆရာဝန်ရဲ့ သမီးလေးအကြောင်း ရေးဖွဲ့ထားတဲ့ …….
(၁) လှပသော ဒဏ်ရာ
“ဖြစ်ဖြစ်ချင်းလာပြဖို့ပါပဲ ဒေါက်တာရယ်။ တစ်ရက် . . . တစ်ရက် …နဲ့ ”
ပြောလျက်မှ နှုတ်စကားတွေ တစ်ဆို့ပျောက်ဆုံးကုန်ပြန်သည်။

” ရေကြည်ရာ မြက်နုရာကို ပြောင်းရွေ့လုပ်ကိုင်ကြရင်း တစ်ချိန်က
စည်ကားသိုက်မြိုက်ခဲ့တဲ့ စည်းလုံးညီညွှတ်ခဲ့တဲ့ ရွာကလေးတစ်ရွာရဲ့
ဖြစ်စဉ်လေးကို ထင်ဟတ်စေတဲ့ ….
(၂) သုဉ်းရွာကလေး
        “ရွာမှာ သိဟောင်း ကျွမ်းဟောင်း သူငယ်ချင်းတွေလည်း အတော့်ကို
ရှားပါးနေခဲ့ပြီပဲ။ တချို့က မလေးမှာ … တချို့ကလည်း
ထိုင်းဘက်ရောက်နေတယ်” ဟု ……

“အဖိနှိပ်ခံ လူငယ်တစ်ဦး အရွယ်နှင့်မမျှအောင် ခံစားရတဲ့ စိတ်ဒဏ်ရာ
ဒဏ်ချက်တွေက ပွင့်အန်ပေါက်ကွဲ ထွက်ကျလာသောအခါ…
(၃) အဖြူရောင်သက်သက် ရောင်စဉ်
” ဟေ့ကောင် ဆွေလင်း ”
” မခေါ်နဲ့။ ကျုပ် ဆွေလင်း မဟုတ်ဘူးဆို ”
ဟင့်အင်း ။ သူ ဆွေလင်းပါ။ ကျွန်မသိတယ်။ ကျွန်မ မသိနိုင်တာ ရုတ်တရက်ကြီး
ခက်ထန်ရိုင်းကြမ်းသွားတဲ့ သူ့အပြုအမူတွေ။

ဘဝကို ရိုးသားမှု သစ္စာရှိမှုတွေကို အရင်းတည်ပြီး ဖြတ်သန်းဖို့
ကြိုးစားကြတဲ့အခါ ကိုယ်ထင်သလောက် မရိုးရှင်းတဲ့ ဘဝတွေရှိနေတတ်တယ်။
မြေနိမ့်ရာ လှံစိုက်ခံလိုက်ရတဲ့ ဘဝ……
(၄) ပတ္တမြား လှံတံ
” ရှက်တတ်တဲ့လူများကျတော့လည်း အသေစောကြတယ်။ အရှက်နည်းတဲ့ တစ်ဘဝစံတွေကတော့
ဟွန်း။ မပြောလိုက်ချင်ဘူး။ နင် စောစော သေသွားတာပဲ ကောင်းပါတယ် လွင်ဦးရယ်

မိမိယုံကြည်ချက်အတွက် မိသားစုနဲ့ ဝေးရာအရပ်ကို ရောက်သွားရတဲ့ ဖခင် ….
ထိုဖခင်ကို မိသားစုထံပြန်လာစေချင်တဲ့ သမီး … သူတို့နှစ်ယောက်ကြားက
လွန်ဆွဲပွဲလေး …
(၅) ရွှေရောင် အသစ်နေ့

” မျှော်လင့်ချက်တွေသာ သေဆုံးလျှင် ဘဝလည်း သေမည်ပင်။ မေမေက သမီး၏
အနာဂတ်အတွက် မျှော်လင့်သည်။ ဖေဖေ၏ အိမ်အပြန်နေ့ရက်တွေအတွက်လည်း မဝံ့တဝံ့
ရင်ခုန်စွာ မျှော်လင့်ချက် ရေးရေးပျပျတော့ ယနေ့တိုင်ရှိနေဆဲပင် …
(၆) တောတောင် ရေမြေ
(၇) နက်ဖြန်မနက် ကျောင်းတက်မယ်
(၈) ရေစီးရေလာ
(၉) ရင်ဝေးကြယ်
(၁၀) ဆုံမှတ် တစ်ခုဆီမှ ….
(၁၁) ရောင်းစားခြင်း
(၁၂) မျှော်သူ
(၁၃) ကြိုတင်ပန်ကြားချက်
(၁၄) လက်တံတိုတစ်မည်၊ လက်တံရှည်နှင့် ….
(၁၅) ကျိန်စာသင့်သော
(၁၆) ကမ်းပါးစွန်းမှာ
(၁၇) နှစ်ဦးအမွန်
(၁၈) ဘယ်သူ့ကြောင့်
(၁၉) လက်ဆောင် …….. တို့ပါပဲ …။

ဆရာ သတိုးရဲ့ ဝတ္ထုတိုလေးတွေကို ဖတ်ရင်း တစ်ခါတစ်ခါ နုပျိုသွားလိုက် …
တစ်ခါတစ်ခါ ဘဝအမောတွေထဲ လွင့်မျောသွားလိုက် … တစ်ခါတစ်ခါ
ပင်လယ်ရနံ့လေးတွေ သင်းပျံ့လာလိုက် … ရသစုံနဲ့ လူကို
စီးမျှောပျော်ဝင်သွားစေတယ်ဆိုရင် လွန်တယ်ဆိုကြလေမလား။
ဒါကိုတော့ စာဖတ်သူတွေ လက်တွေ့ဖတ်ရှု့ပြီး ဆုံးဖြတ်ပေးကြပေါ့ ….။
ကျနော်ကတော့ ဆရာ့ကို ပင်လယ်ရနံ့သင်းတဲ့ ဝတ္ထုတိုများကို ထုဆစ်သူလို့ပဲ
တင်စားပါရစေ။ ဆရာ့ရဲ့ ပင်လယ်ရနံ့သင်းတဲ့ ဝတ္ထုတိုလေးတွေ ဖတ်ပြီးတော့
ရွေးမြစ်ကမ်းပေါ်က မြို့ကလေးဆီ အခါအခွင့်သင့်ရင် အရောက်လာလှည်ပါဦးမယ်လို့
……

ဆရာ သတိုးရဲ့ ပတ္တမြားလှံတံ ဝတ္ထုတိုများ စာအုပ်ကို ကောင်းဆုသာ စာပေ၊ အမှတ်
၆၄/ C ၊ ကန်ဘဲ့ဘူတာရုံလမ်း၊ ရန်ကင်းကနေ ဖြန့်ချီထားတာဖြစ်ပြီး
တန်ဘိုးကတော့ ၂၅၀၀ ကျပ်ပါ။ အမြို့မြို့အနယ်နယ်က စာအုပ်ဆိုင်တွေမှာလည်း
ဝယ်ယူရရှိနိုင်မယ်ထင်ပါတယ်။ ကျနော်နေထိုင်တဲ့ မော်လူးအနီးတဝိုက်က
လူတွေကတော့ ကျနော့်ဆီမှာ လာပြီး ငှားယူဖတ်ရှု့နိုင်ပါကြောင်း
ကြေညာမောင်းခတ်ရင်း …….

ပျော်ရွှင်ချမ်းမြေ့ကြပါစေ ….
k.t.w.l
IMG_20160129_225514

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။