14247355-laptop-internet-surfing-browsing-the-world-wide-web-from-a-laptop-internet-connection

 

-မနေ့က ကျွန်တော့်ခယ်မကို သူ့အဖေ ကျွန်တော့် ယောက္ခထီးက မေးတယ်… ” နင်တို့ ဖေ့ဘွတ်သုံးတာ ဘာကောင်းလဲတဲ့…???”

 

-ကျွန်တော် ဖြေလိုက်ချင်ပါတယ်… သို့ပေမဲ့ ကိုယ်ပြောလို့ ဖောင်းသွားရင် မကောင်းဘူးလေ…

-ဖေ့ဘွတ်အကြောင်းမပြောခင်.. ထုံးစံအတိုင်း လေနည်းနည်းလေး ရှည်ပါရစေဗျာ…

-အင်တာနက် နဲ့ ကျွန်တော် စတွေ့ပုံလေးကိုပါ…

 

-၂၀၀၂ ဧပရယ်လောက်မှာ အင်တာနက်ကို စတွေ့ဖူးခဲ့တယ်ဗျ… အဲတုန်းက မြန်မာပြည်က ရပြီလား မရသေးလားတော့ မသိဘူး…

-တွေ့ပုံက ကျွန်တော် Forever Group ကို ကွန်ပျူ တာ သင်ဖို့ အလုပ်သင်သဘောပေါ့ နဲ့ အဲလမှာ စရောက်တာကိုး…

-ရလဲ သေချာတယ် မတွင်ကျယ်သေးဘူး…  IBM ခေါ် PC တကိုယ်ရည်သုံးကွန်ပျူ တာ တွေကို ဆင်ပေးတော့ ဖုန်းပေါက် Modem ပေါက် ဝေးစွ Network ပေါက် RJ45 ပေါက်တောင် မထည့်ပေးရဘူး… အရင်က အခုလို တခါတည်း Motherboard မှာ မပါဘူးဗျ သပ်သပ်ထည့်ပေးရတော့ … အသုံးမတည့်ဘူးဆို ငွေကုန်လို့ မထည့်ကြဘူး…

-ဘာလို့ မထည့်လဲ ဆိုတော့… ၂၀၀၂ က ကွန်ပျူ တာ တလုံး ဆင်တာပဲ တသောင်းခွဲရတယ်… ကွန်ပျူ တာဈေးဆို တွေးသာ ကြည့်ပေတော့… အဲကြောင့် အဲခေတ်က ၀ယ်ထားတဲ့ လူကြီးတွေ မပစ်နိုင်ကြဘူး… ပြင်ပြင်ပြီး ပြန်ကို သုံးတာ… ဒါက စကားချပ်…

-ဒါဆို ကျွန်တော်အင်တာနက်ကို ဘယ်လိုသုံးလဲ… FG က ကွန်ပျူ တာတွေက Apple ပန်းသီးတံဆိပ် iMac တွေလေ… သူတို့က တခါတည်း Compact ခေါ်မယ်… အတွဲလိုက်ပါတယ်… မလိုချင်လို့ ဖြုတ်ထားပေးပါပြောမရဘူး… ၀ယ်ရင် အကုန် ပါတာပဲ… အဲမှာ Modem ပေါက် ဖုန်းပေါက်တခါတည်းပါတယ်… အဲသဟာမှာ လိုင်းဖုန်းကိုထိုးပြီး ဘောပွဲသတင်းတွေ ကြည့်တာဗျ…. စီနီယာတွေ ကြည့်တာ ပြောပါတယ်… ကျွန်တော်က ပညာသင်ကိုး…

 

-၂၀၀၄ မှာကျတော့ ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်လောက် … ဒဂုံစင်တာလဲ ဖွင့်ပြီး… Promotion လုပ်တဲ့ ပွဲတခုမှာ… စတွေ့တာက mail4U ဆိုပြီး ကမ္ဘာဦးခေတ်က လူရိုင်းပုံနဲ့ E Mail ဆိုတာကို စပြီး မိတ်ဆက်ပေးတာနဲ့  ရင်းနှီးခဲ့တယ်…

-လစဉ်ကြေး နှစ်စဉ်ကြေးတွေနဲ့ပေါ့…. မ၀ယ်ခဲ့ပါဘူး… ဟီး….

-အဲတုန်းက ထင်တာ သူဌေးတွေ၊ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတဲ့ သူတွေပဲ သုံးရတာ ထင်တာကိုး… ဒါနဲ့ပဲ အဆက်ပြတ်သွားလိုက်တာ… …. …

 

-၂၀၀၆ ခုနှစ်မှာ ကျောင်းပြီးလို့ ဆော့ဝဲလ် ကုမ္ပဏီတခုမှာ ၀င်လုပ်ပါတယ်… အဲ့က သူငယ်ချင်းတယောက်က လူတယောက်ကို မေးလ်အကောင့်တခုတော့ ရှိသင့်တယ်ဆိုတာနဲ့ပဲ တစခန်း ပြန်ထ လာရတယ်…

-ဟာ… ပိုက်ဆံပေးရတယ်… သုံးလဲ မသုံးတတ်ဘူး ငြင်းတော့… ဖရီးတဲ့… စိတ်ဝင်စားသွားတယ်…. ပြီးတော့ အဲဒါနဲ့ နိုင်ငံခြားက လူတွေနဲ့ အင်္ဂလိပ်လို ပြောကျင့်ရတော့မယ်ပေါ့…

-စလုပ်တော့… ရှေ့ ကိုယ်ကြိုက်တဲ့ နာမည် ပြီးရင် @sailormoon.com ဆိုပြီး အီးမေးလ်အကောင့်တခုရတယ်… ဟားဟား… အဲတုန်းးကဆို ငါတော့ လူရာဝင်ပြီဆို ပြီး ပျော်သွားလိုက်တာဗျာ…

-တကယ်တော့ လိုချင်တာပေါ့… ပိုက်ပိုက်ပေးရမယ်ဆိုလို့သာလေ… :)

-ဒါနဲ့ နည်းနည်းကြာလာတော့ ထပ်လာတယ်… ဂျီမေးလ်တဲ့…  ဂျီလ်မေးလ်နော်… ဂူဂယ် ဟုတ်သေးဘူး… အဲအဆင့်မရောက်သေးဘူး… အခုကျတော့ ဂူဂယ်ကနေမှ ဂျီမေးလ်ကိုသိတာနော်… မတူဘူး….

-လိုလို့လား… တခုရှိတာပဲ တော်ပြီဆိုတော့… မဟုတ်ဘူး… ဒါက လူသုံးများတယ်တဲ့…. လူသုံးများတယ်တဲ့…. ကျွန်တော်နားမလည်သေးဘူး…

-များတော့ ဘာဖြစ်လဲ… သူမပြောဘူး… သူ့အကောင့်ကို ဖွင့်ပြီး တဂျောက်ဂျောက်နဲ့ ဘာတွေ ရိုက်နေမှန်းမသိဘူး…

-ပြီးမှ အဲလို ရိုက်လို့ရတယ်တဲ့… ဗျာာာာာ… နားကိုမလည်နိုင်တာ… အဲလို တဖက်ကကိုယ့်ကို ပြန် ရိုက်ဖို့ သူငယ်ချင်းမရှိဘူးလေဗျာလို့… ပြီးတော့ အင်္ဂလိပ်လိုပဲ ရိုက်တော့ အီးလဲ အဲလောက်မကောင်းဘူးလို့ ငြင်းသေးတယ်…

-မင်း လျှာမရှည်နဲ့ နာမည်ရွေးတဲ့… ဟင်င်င်… နာမည်က ဒီနာမည်ပဲလေ… ဟုတ်ဘူးတဲ့… နာမည်လှလှ အမေအဖေ မပေးတဲ့ နာမည်တဲ့… အော်… စာရေးဆရာတွေလို ကလောင်လားပေါ့… အေးးးးး ဆိုတာနဲ့… ဟဲ..  တခုပေးလိုက်တယ်…

-နောက်မှ နာမည်တူတာတွေ မတူတာတွေ သိလာတယ်… ဂျီမေးလ်မှာက နာမည် ၏သည်မရွေးတူရင် မရဘူးလေ….

-ဒါနဲ့ စသုံးပြီလား ဆိုတော့…. ဟင့်အင်း…. လူလဲမရှိ(သူငယ်ချင်းမရှိ) ဘယ်လိုရိုက်ရလဲ ဘာပြောရလဲဆိုတာလဲ မသိဆိုတော့….

-သူငယ်ချင်းကလဲ နယ်ကို သွားဆိုတော့ သူကလဲ မမေးဘူးလေ… ပြန်လာမှ မင်းသုံးလားဆိုတော့ သိဘူးလေလို့ ဖြေလိုက်တယ်…

-ဒါနဲ့ ကျွန်တော့ အကောင့် သူပဲဖွင့်( ပက်စဝေါ့က သူပဲရိုက်ပေးထား အကောင့်လဲ သူပဲဆောက်ပေးထားတော့ ) လူတွေ အက်တယ်ဆိုပြီး ရိုက်ပေးတော့တာပဲ….

-ဒါက ငါ့ကောင်မလေး သူငယ်ချင်း စကားပြောလို့ရတယ်… တဲ့… ဟင်… အဆန်းကြီးပါလား… လူလဲ မမြင်ရပဲနဲ့… စကားပြောရမယ်…

-သိပ်မကြာပါဘူး… မေးလ်တွေ ရောက်လာ … အဲ့ထဲမှာ သတင်းလိုလို၊ သီချင်းတွေ၊ ဆုံးမစာတွေ ပို့လာတယ်… ချက်တင်ခေါ် ဂျီတော့လဲ တွင်ကျယ်လာတယ်…

-ကိုယ်လဲ လျှောက်ရိုက်ရတာ ပျင်းလာတယ်… ပြီးတော့ သူ့သူငယ်ချင်းတွေလေ… နောက်ဆုံး ဖွန်ကြောင်ရင်တောင် ဒီကောင်က ပြန်ကြားမှာ… စဉ်းစားတယ်… လူအသစ်(ဖရန့်အသစ်)ဘယ်လိုရှာမလဲပေါ့…

-အဲ့မှာ ခုနက ပြောတဲ့ မေးလ်တွေထဲမှာ ဖော်ဝေါ့ မေးလ်တွေ (တဆင့်ခံမေးလ်) တွေထဲမှာ လူအကောင့် နာမည်တွေ တွေ့တွေ့နေတယ်….

-စမ်းပြီး အင်ဗိုက်မယ်ဆိုပြီး စ အင်ဗိုက်တော့တာပဲ… ပြီးတော့ သူတို့လက်ခံတာနဲ့… အရင်က ကိုယ့်ကို မေးတတ်တဲ့ စကားတွေ… Hi.. ASL Plz ဆိုတာတွေ နဲ့ စမ်းတော့တာပဲ… Uni ပြီးပြီလား… အော်… မေ့လို့… မြန်းကလိပ်ကလဲ ဘယ်က ဘယ်လို တတ်မှန်းတောင် မမှတ်မိတော့ဘူး… စရိုက်တုန်းက အင်္ဂလိပ်လို စာစီနေသေးတာ… နောက်တော့ မြန်မာလို ရိုက်လိုရမှန်း သိလာတာရော… သူတို့က မြန်းကလိပ် သုံးတာရော နဲ့ သုံးတတ်မှန်းမသိ သုံးတတ်သွားတာ…

-ဒါနဲ့ ပြီးရောလားဆိုတော့ … ဖော်ဝေါ့ မေးလ်ကဆိုလဲ သူငယ်ချင်းရဲ့ သူငယ်ချင်းပဲ ဆိုတော့ ထပ်စဉ်းစားတယ်… ဖြစ်သေးဘူး… နောက်တနည်းဆိုတဲ့ အချိန်မှာ…

-MIRC ၊ YGN Chat ၊ QQ အဲဒါတွေမှာဆို သိသိမသိသိ လူတွေနဲ့ ပြောလို့ရတယ်… ပထမတော့ Public ပေါ့… နောက် အိုကေရင် Private ပြောကြပေါ့…

-အဲကနေ ခင်ရင် ဂျီမေးလ်တောင်း၊ အင်ဗိုက်၊  ချက် ကြပေါ့… နောက်ဆို ဂျီတော့မှာတော့ အစိမ်းဆို အား၊ အနီဆို အလုပ်ရှုပ်၊ အ၀ါ (idle) ဆို လူမရှိတွေ ဖြစ်လာခဲ့တယ်…

-နောက်ဆို နီကို နီထားရတယ်… မနိုင်တော့ရင် အ၀ါ လူမရှိဘဲ ထားထားတယ်… ကိုယ်နဲ့ အိုကေတဲ့ သူမှ ငါရှိတယ်… တမင်လုပ်ထားတာ ပြော… ဟားဟား…. ပြန်တွေးရင် တကယ်ကို ရီရပါတယ်…

 

-ပြီးတော့ စီစီတီဗွီတွေ ရောင်းတဲ့ ကုမ္ပဏီကို ရောက် အကောင့် ၁ ခုကနေ ၂ ခု ဖြစ်… ဒါပေမဲ့ သိပ်နပ်မမှန်ပါဘူး သုံးရတာ… အားမှ သုံးရတာလေ… အလုပ်အားတာရယ်…  ရှေ့မှာ သုံးတဲ့ သူ တယောက်ထမှ အားတာရယ် နဲ့ဆိုတော့… အဲတုန်းက အင်တာနက်သုံးဖို့ ကွန်ပျူ တာ တမျိုးပဲ ရှိတာကိုး… ခုလို ဖုန်းတွေ မပေါသေးဘူးလေ…

 

-ဒီလိုနဲ့ ကျွန်တော် အခုလုပ်တဲ့ ကုမ္ပဏီကို ရောက်တော့ ရာထူးကလဲ အိုင်တီဆိုတော့ ဘာပြောကောင်းမလဲ… သုံးတာပေါ့… အဲ့ချိန်ခေတ်စားတာ ဟာသတို့ ထူးထူးဆန်းဆန်းတို့ဆို Meta Cafe ပဲ… သီချင်းအသစ်တွေ နားထောင်ချင်ရင် The Last FM …

-၂၀၀၉ မှာ ကျွန်တော်တို့ ရုံးတွေကို ပေါင်းတဲ့အချိန် အိုင်တီတွေလဲ စုမိ… ပညာတွေဖလှယ်ကြရင်း… ဖေ့ဘွတ်ကို စတင် မြည်းစမ်းမိတာပဲ…

-ထို့အတူ မန္တလေးဂဇက်ကိုပါ စပြီး သိခဲ့တယ်… လိုချင်တာမှန်သမျှ ဂူဂယ်ကနေ ရှာတယ်… ၀က်ဆိုက်လင့်တွေက တဆင့်လိုချင်တာတွေရှာ ဂဇက်မှာ လာတင်ပေါ့…

-ဘာတွေပါ အပိုပါလာလဲဆိုတော့ သူငယ်ချင်းထောင်ထားတဲ့ ဆိုက် ရွှေစကားမှာ အက်ဒမင်ဖြစ်လာတယ်… ချက်ရွန်းတွေ ကိုယ်တိုင်လုပ်ပေးတယ်…

-ning ဘလော့စပေါ့ ဆိုက်တွေ ပေါ်လာတော့ ကိုယ်ပိုင်ဆိုက်ကို ထောင် သီချင်းတွေ တင်… MTV တွေ တင်နဲ့ ပျော်လို့ မဆုံးသေးဘူး… အဲဒါတွေက ပိုက်ဆံပေးမှ ဆက်ပြီး ထောင်ခွင့်ရမယ်ဆိုတော့… စိတ်ဓာတ်ကျ… ဘာလုပ်ရမှန်းမသိ… အစားထိုးစရာရှာ…

-အဲ့အချိန်ထိ ဖေ့ဘွတ်က ပုံတွေ တင်လို့ရတယ်ပဲ သိတယ်… ဂျီတော့မှာဆို သူငယ်ချင်းဖြစ်မှ ပြောလို့ ရတယ်… ပုံမြင်ရတယ်….ဖေ့ဘွတ်မှာက မလိုဘူး နာမည်ရိုက်လိုက်တာနဲ့ သိချင်တာတွေ သိရတယ်… အဲတုန်းက Security တွေ ဘာတွေ သိပ်နားမလည်ကြသေးတာကိုး…. ဖေ့ဘွတ်က သီချင်းတွေ MTV တွေ တင်လို့ရတာလဲ မသိသေးဘူး…

-နင်(ning)ဆိုက်မရတာနဲ့ မထူးဘူးဆိုပြီးး အဲမှာ စသုံး… ဂဇက်ကိုလဲ ပို့စ်တင်ပေါ့… ဒီလိုနဲ့ ဒီလိုနဲ့… ခုချိန်မှာတော့ မသုံးလို့ မဖြစ်တဲ့ သတင်း Source တခုဖြစ်လာပါတယ်…. ဖုန်းတွေကလဲ ဖောချင်းသောချင်းဖြစ်လာတာကလဲ တကြောင်းပေါ့…

 

ကျွန်တော် အစမှာ ပြောထားသလိုပေါ့… ယောက္ခထီးက ခယ်မကို အမေးမှာ ကျွန်တော် ဖြေချင်တာက….

” အခုကတော့ အလွယ်ဖွင့်လို့ရ… Source လဲ စုံတာက Facebook ပါ… အဲဒီမှာ သတင်းကြည့်မလား၊ အတင်းကြည့်မလား၊ မဟုတ်တာကြည့်မလား၊ ဟုတ်တာကိုပဲ သိချင်လား ကိုယ်ရွေးချယ်မှု ပါပဲလို့… တခုပဲ သူ့ကို ပိတ်ပင်လို့ မရရင် ကျုံးသွင်းပေါ့(လိုချင်တဲ့ဘက်မှာ ကောင်းတဲ့ဘက်မှာ သူသုံးဖို့ လမ်းညွှန်ပေးပေါ့..) အဲလိုနေရာမှာလဲ ကိုယ်ကိုယ်တိုင်လဲ ဂဃနဏ သိအောင် အရင်လေ့လာရင် ကောင်းပါတယ်လို့… ပြောပြလိုက်ချင်ပါတယ်… “

 

 

 

Yae Myae Tha Ninn

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 114 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...