Thief

-တမြန်နေ့က အိမ်ကို သူခိုးကပ်တယ်ဗျ… ကပ်မကပ်က ခြေရာလက်ရာပျက်တာ ကြည့်ရင် သိတာပေါ့…

-ပထမဆုံး စ၀င်ကတည်းက သော့က ပုံစံပျက်နေပြီ…

-ဒုတိယ ကျွန်တော် ကျော်ကျော်သွားတဲ့ အိမ်ရှေ့ တည့်တည့်က ကြောင်ချေးပုံ ခြောက်ပုံ… သုတ်သုတ် သုတ်သုတ်နဲ့ အိမ်ထဲကို ၀င်လိုက်တော့ သတိမထားမိဘဲ နင်းမိထားတာ ဖြစ်မယ်… ကြောင်ချေးနင်းထားတဲ့ ဖိနပ်ရာ နဲ့ ၃ ၄ လှမ်း ထားတာ…

-ပြီးတော့ ဖိနပ်ကို ချွတ်ပြီး ခြေဗလာနဲ့ ၀င်သွားတာ ဖြစ်မယ်…အိမ်ရှေ့ က တီဗွီက အန်းတိတ်ကိုး ဘယ်မက်မလဲ…

-ပြီးတော့ အိမ်ရှေ့ နဲ့ နောက်ဖေး ဆက်ထားတဲ့ သစ်သားကြမ်းခင်းလေး ကျိုးနေတယ်… အဲဒါ မနင်းရမယ့်နေရာ ကျွန်တော်ပဲ သိတယ်… အဲနားလေးက နင်းလိုက်ရင် ပျော့လို့ ရှောင်ပြီး သွားသွားနေတာ ကြာပေါ့… ဟားဟား… ကြမ်းခင်းအောက်မှာလဲ ကြွက်တိုးထားတဲ့ အမှိုက်စတွေ ဒီကောင်နင်းမိမှာ မြင်ယောင်သေး… ထင်တဲ့ အတိုင်းပဲ ခြေဖ၀ါးရာနဲ့ အောက်က အမှိုက်စတွေ ကပ်ပါသွားပုံပဲ…

-မျက်နှာကြက်က ကြက်ခိုးနဲ့ ပင့်ကူအိမ်တွေလဲ တော်တော်ရှင်းသွားတယ်ဗျ…ကျေးဇူးဗျ… ခေါင်းငုံ့ ၀င်နေရတာ ကြာပြီ… ရှင်းရမှာ ပျင်းလို့ ထားထားတာလေ…အဟီး…ဒီတိုင်း မမြင်မစမ်းနဲ့ ၀င်ရင် အဲကွန်းအောက်ဒိုးက ရန်ဖြစ်ရလွန်းလို့ အိမ်ထဲ ထည့်ထားတဲ့ အထိုင် သံတန်းကိုလဲ ၀င်ဆောင့်ဦးမှာဗျ… သူက ဘေးတစောင်း ၀င်မှရတာ မသိဘဲကိုး…

-အဖေအခန်းလဲ မက်ပြီး ၀င်ဦးမယ် ထင်တယ်… ၀င်လဲ အဲဒီမသုံးဘဲထားတဲ့ ဖျာလိပ်ထုပ်လိုက်ကြီးက အထဲကနေ ခံနေတော့ တော်တော်ကို ကျပ်ကျပ်သိပ်သိပ် ၀င်မှ ရမှာ… တံခါးပိတ်လိုက်တာနဲ့ အဲ့ဖျာလိပ်ထုပ်က ပြန်ပြုတ်ကျပြီး အထဲကနေ တယောက်က နောက်ပြီး တွန်းသလို ဖြစ်ဖြစ်နေတာ… ၀င်တော့ ၀င်ခဲ့တယ်ဗျ…အဲသဟာလဲ သူဘယ်လို လုပ်ပေးထားတယ် မသိ ဖွင့်လိုက်ရင် ပြုတ်မကျတော့ဘူးဗျ… ရှဲ့ရှဲ့…

-မီးဖိုချောင်လဲ ၀င်မွှေခဲ့ပုံပဲ… ဒါပေမဲ့ စ၀င်ကတည်းက တလွဲချည်းပဲ ဆိုတော့ သူလဲ သတိထားသွားပုံပဲ… နောက်ဖေးက ပထမအပုံကို မနင်းမိဘဲ အန်ထားတာကိုတော့ နင်းမိထားတယ်ဗျ.. ခြေဖ၀ါးရာကြီးက ထင်းနေတာပဲ…

-ပြီးတော့ အပေါ်ထပ်ကို တက်သွားသေးတယ်… ခုနက ကြောင်စာအန်ဖတ်က အနီအစိလေးနဲ့ ခြေရာ လှေကားမှာ တွေ့တယ်… သော့လဲ ကြိုးကြိုးစားစားဖွင့်လိုက်ပုံပဲ သော့တုလေး တ၀က်ကျိုးစက သော့ခလောက်ထဲမှာ… နောက်တော့ ပွင့်သွားပါတယ်… နဂိုတည်းက အဲသော့က အဟန့်အနေနဲ့ထားတာလေ… သော့တံမလိုဘူး အောက်ကို ဆွဲချလိုက်ရင် ပွင့်နေပြီ… ဟားဟား သူခံလိုက်ရပြီလေ…

-ပွင့်လို့ ပျော်ပြီး မ၀င်လိုက်နဲ့ ကြောင်တွေ အပေါ်တက်မှာစိုးလို့ တံခါးအောက်မှာ လွတ်တဲ့ နေရာကို သစ်တုံးနဲ့ ခံထားတာ… ခလုတ်က တိုက်ဦးမှာ… ဒါပေမဲ့ အဲဒါတော့ မသေချာဘူးဗျ… အပေါ်တံခါးနဲ့ သစ်တုံးက ပုံပျက်တာပဲ တွေ့ရတယ်… တိုက်မတိုက်က မှန်းမရဘူး… လက်ရာပျက်တာပဲ သိရတယ်…

-အပေါ်မှာလဲ သူစိတ်ညစ်မှာပဲ… အလှူ လုပ်တုန်းက အောက်ထပ်မှာ ရှုပ်မှာစိုးလို့ ကုလားထိုင်တွေ အပေါ်တင်ထားတာ လမ်းလျှောက်စရာ နေရာတောင် မရှိဘူး… မင်္ဂလာဆောင် လက်ဖွဲ့တွေကလဲ မိုးကြီးတုန်းက မိုးပက်ပြီး ပါကင်ပုံစံကောင်းတာ တခုမှ မရှိတော့ဘူး…

-ကျွန်တော့်အခန်းတော့ ၀င်ခဲ့တာ သေချာတယ်… မီးကြိုးမလောက်လို့ အိပ်စတန်းရှင်းဆွဲထားတဲ့ ကြိုးက ပလပ်ပြုတ်နေတယ်… ၀င်ဝင်ချင်းဘယ်ဘက်မှာ ထားထားတဲ့ ကျွန်တော့ အ၀တ်ဟောင်းပုံ ပြုတ်ကျနေတယ်… အဲကွန်းမလာလို့ ပန်ကာ သွယ်ထားပြီး ပလပ်မဖြုတ်ဘဲထားလို့ ပန်ကာကြိုးလဲ ၀င်တိုက်ခဲ့ပုံပဲ ပန်ကာလဲပြုတ်ကျနေတယ်… နည်းနည်းတော့ ပိန်သွားတယ်…

-ငိုးမ သူခိုး… ယီးပဲ… ငါ့ပစ္စည်းတွေ ဖျက်ဆီးသွားတယ်…






– အဲအချိန်မှာပဲ!!!!!
-ယောကျာင်္း … ယောကျာင်္း…. ရှင်ဘာတွေ ယောင်နေတာလဲ!!!!
-အင်းးးးးး !!!!!
-ဘေးကို ကြည့်လိုက်တော့ မိန်းမက ကလေးကို ယပ်ခတ်ပေးနေတယ်…
-အော်… တော်သေး… အိမ်မက်ပဲ…
-ညဘက်ကြီး မီးပျက်လို့ ပူပြီး ကယောင်ကတန်းမက်ပြီး ထယောင်နေတာပဲ…. :)

-ps; တကယ်တော့ အိမ်မက်ထဲက သူခိုးက ညံ့တာ.. လှေကားအောက်က အမေ ရှူးရှူးပေါက်နေကျ သေးအိုးထဲမှာ ရွှေတွေ အပြည့်ဆိုတာ မသိလိုက်ဘူး… သူလဲ ၀င်ချင်မှာ ဟုတ်ဘူးလေ… အဲနားမှာ ခြတောင်ပို့ကလဲ ရှိနေတော့ ဘယ်သူထင်မှာလဲရို့… ဒါက ရတနာအိုးဆိုတာကို…. :)

 

 

ရေမြေ့သနင်း

Yae Myae Tha Ninn

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 114 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...