ပြော….   မပြောချင်တော့ဘူး…
ကျုပ်မို့လို့-
ပိုစ့်လေးတစ်ပုဒ် စိတ်ပါလက်ပါရေးမယ်ဆိုမှဖြင့်
ဟိုက သည်က အဖျက်အဆီးများက ….  တယ်ပေါ သကိုး…
ဒီကနေ့အထိ  ရေးပြီးမတင်ဖြစ်တဲ့ပိုစ့်က   တင်ဖြစ်တဲ့ပိုစ့်ထက်  နှစ်ဆတော့ အနည်းဆုံးရှိမယ်။
..
ဒီရွာ စ၀င် ကတည်းက-
ခပ်အူအူတစ်ယောက်က လမ်းဘေးဈေးသည်ရှင်းမယ်ဆိုလို့
အကျိုးအကြောင်းအဆိုးအကောင်းလေး ရေးမယ်ကြံမိပါတယ်-
ရုတ်ရုတ်သဲသဲတွေလျှောက်လုပ်လို့  ကနဦးပိုစ့်လေး လျှောမွေး ဖြစ်သွားတယ်..
(လမ်းဘေးဈေးသည်ကတော့ ငါးဆလောက် တိုးသွားတယ်ထင်တာပဲ..)
..
အရင်တပတ်က ဘာသာရေးပိုစ့်လေးတွေ ရေးမယ်လုပ်တုန်းရှိသေး
ဇလုံသံတွေရော ပန်းကန်သံတွေရော….
ရှိစေတော့….  နောက်မှ ဆက်ရေးတော့မယ်..
အခုတော့ စိတ်တိုတိုနဲ့ တွေ့ကရာတစ်ခုကောက်ရေးဦးမှ….
……
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က
ကျုပ်တို့သူငယ်ချင်းသုံးယောက် လဘက်ရည်ဆိုင်တစ်ခုမှာဆုံကြတယ်..
ထုံးစံအတိုင်း.. စားဝတ်နေရေး..  စီးပွားရေး.. ပိုက်ပိုက်ရှာရေး….
သူပုန်လူထွက်ကလဲ ခိုလိုညည်း…
ဘိုးတော်လူထွက်ကလဲ ငိုချင်းချ…
ဒါပေသိ.. ကျုပ်က တစ်ခွန်းတော့ ချပြတယ်..

“ ဟေ့ကောင်တွေ..
မင်းတို့ဘာပြောပြော.. ငါဘာပြောပြော..
အရေးကြီးတာက  ပိုက်ဆံကို သုံးလောက်အောင်ရှာရမှာပဲကွ..
အနည်းဆုံးတော့ တစ်လတစ်လ ဆဲဗင်းဒစ်ဂျစ်ပြည့်အောင် ရှာမှကိုရမှာ……”.  ဆိုပြီးတော့ပေါ့..

အဲသည်ကစလို့ ဆယ့်နှစ်နှစ်လောက်အတွင်း
ကျုပ်တို့ဘ၀တွေမှာ လေမုန်တိုင်းတွေတိုက် မြေငလျှင်တွေလှုပ် မီးတောင်တွေကွဲ ..
ရုပ်ရှင်တွေထဲက ဒဆက်စတာတွေအတိုင်းပေါ့…
ဒီကြားထဲကပဲ  ဆဲဗင်းဒစ်ဂျစ်ကို ရောက်တဲ့အခါရောက်လိုက် မရောက်တဲ့အခါမရောက်လိုက်..

အခုတော့…  ကြာခဲ့ပြီ..
ပွဲတွေလဲ ပြီးသွားခဲ့ပြီ….
သူပုန်လူထွက်လဲ အစိုးရရဲ့ ကားမူဝါဒ ဆယ့်နှစ်ကြိမ်မြောက်ပြောင်းအပြီးမှာ ဒေ၀ါလီခံသွားပြီ..
ဘိုးတော်လူထွက်လဲ ဟိုဟာမကိုက်လို့ဖြုတ်လိုက် ဒီဟာမကိုက်လို့ဖြုတ်လိုက်နဲ့ နောက်ဆုံးတော့
အမှန်တကယ်ကိုက်တဲ့ခွေးတစ်ကောင်ကို အဖေါ်ပြုရင်း အိမ်မှာနားသွားပြီ..
ကျုပ်လဲ  .. လောဘသက္ကာယတွေ ခွာရင်း အိမ်မြဲမြဲစောင့်ပြီး ပါရမီဖြည့်ဖက်ကို ရာနှုံးပြည့် ပါရမီဖြည့်ခွင့်ပေးလိုက်ပါပြီ…
ကျုပ်တို့ ၀င်ငွေတွေဟာလဲ  ဆစ်ဒစ်ဂျစ်အလယ်နားဆီ ပလုံကနဲ  ဆင်းသက်သွားကြပါပြီ…။

တလောကတော့-
(အလုပ်မရှိလို့အားအားယားယား) လစဉ်ကုန်ကျစားရိတ်တွေမှတ်ရင်းတွက်ရင်းနဲ့ ပြည်ထဲရေးဝန်ကြီးကို
မျက်လုံးပြူး မျက်ဆံပြူး ပြောမိတယ်….

“  ဟေ့…  ဟေ့…  လစဉ်စားရိတ်တွေက  များလှချည့်လား..ကွာ…
ဒီအတိုင်းဆို ဘယ်လွယ်တော့မလဲ….
ငါတို့တော့  ဆင်ခြင်မှဖြစ်မယ်…. ကွ
အသုံးစားရိတ်ကို ဆဲဗင်းဒစ်ဂျစ် ထပ်မရောက်အောင် ထိန်းထားမှဖြစ်မယ်…”

မိုးကလေး အေးအေးမှာ
ရပ်ကွက်လဘက်ရည်ဆိုင်လေးရဲ့ ချောင်ကျကျစားပွဲမှာ
နှစ်ရာ့ငါးဆယ်တန်နက်စ်ပလိန်းလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း..
အက်စ်ပရာဆိုကော်ဖီခွက်ပေါက်စလေးကို တမ်းတမ်းတတ လွမ်းနေမိသူ အဘိုးကြီးတစ်ယောက်သည်ကား…….

…………………………….

 

 

ဦးဦးပါလေရာ

 

 

ဦးဦးပါလေရာ

About ဦးဦးပါလေရာ

parlayar 46 has written 74 post in this Website..

CJ # 3302011 2011/03/30 1:01:16 am