IMG_20160805_181542

ဘခက်
*******
(၁)
”ဘခက်ရဲ့ ရာဇဝင်မှာ မရဘူးဆိုတာ မရှိစေရဘူး”
” ဟာ . . . တယ် ဆို တဲ့ စာပါလားဗျ ”
”ဒီလိုပဲလေ . . . အာစိ(အာစရိ အတိုကောက်)ရ ဒီစကားလုံးနဲ့
လုပ်စားနေရတာပဲဗျ . . . ” ရယ်ကျဲကျဲနှင့် ပြန်ဖြေ၏။
”နို့ နေပါဦး ကိုဘခက်ရ . . . ခင်ဗျား ဒီပညာကို သင်ခဲ့ရပုံနဲ့ ဒီရွာမှာ
အခြေချဖြစ်ပုံလေး ကျနော့ကို ပြောပြစမ်းပါဦး”
” ဟားးးဟားးး အာစိရာ ပြောရရင် အရှည်ကြီးပါ။ ကျုပ်မိဘတွေက
မိတ္ထီလာနယ်ဘက်ကဗျ . . . အဖေက ယာဉ်ထိန်းရဲ . . . ကျုပ် ငါးနှစ်သားလောက်မှာ
ခြေထောက်တစ်ဖက်က မကောင်းဖြစ်တော့ အလှူလုပ်ရင် ပျောက်မယ်လို့ အခါပေးတယ် .
. . အမေက ဗေဒင်တွေ ယတြာတွေ ယုံတယ်လေ . . . အလှူပေးလိုက်တယ် ကျုပ်တို့
သင်္ကန်းဝတ်နေတုန်း အဖေ့ကို လာဘ်စားလို့ အလှူလုပ်နိုင်တာဆိုပြီး
ယာဉ်ထိန်းကနေ ရိုးရိုးရဲအဖြစ် ပျဉ်းမနားဘက်ကို တာဝန်ချလိုက်တယ်။ အဲ့ဒီမှာ
အဖေက ငှက်ဖျားဖြစ်ပြီး ဆုံးပါလေရော။ အဖေဆုံးတော့ အမေက ကျုပ်တို့
မောင်နှမလေးယောက်နဲ့ ရွာကိုပြန်လာခဲ့တာပေါ့။ ရွာမှာ
နှစ်နှစ်လောက်နေတယ်ထင်တယ်။ အဲ့ဒီကနေ မန္တလေး နည်းပညာတက္ကသိုလ်မှာ
အဆောက်အဦးဆောက်တဲ့ဆီကို ပန်းရံသမ အနေနဲ့ အလုပ်လိုက်လာတယ်။
ကျနော်တို့မောင်နှမတွေက အဲ့ပုသိမ်ကြီးမြို့ နယ်
ရှင်တော်ကုန်းရွာကျောင်းမှာ ကျောင်းတက်ပေါ့။ အဖေ သုံးနှစ်ပြည့်တော့
အဖေ့အတွက် ကောင်းမှုဖြစ်အောင်ဆိုပြီး အမေက ကျုပ်ကို သင်္ကန်းဝတ်ခိုင်းတယ်။
ကျုပ်လည်း သင်္ကန်းဝတ်လိုက်တယ်။ ရေတံခွန်တောင်ဘက်က
ဘုန်းကြီးကျောင်းမှာပဲဗျ။ သင်္ကန်းဝတ်နဲ့ တော်တော်ကြာကြာနေခဲ့တာ။ အသက် ၁၉
နှစ်ကျော်တော့ ရဟန်းခံရမဲ့အချိန်မှာ ပြဿနာ စတာပဲ။ ကျုပ်ခြေထောက်တစ်ဘက်က
မသန်တော့ သိမ်ဝင်လို့ မရဘူး။ ရဟန်းမဖြစ်တော့ဘူးပေါ့။ တစ်သက်လုံး
ကိုရင်ကြီး ဘဝနဲ့ နေရမဲ့ အဖြစ်ဆိုပါတော့ …။ ကျုပ်က ရဟန်းဘဝမရဘူးဆိုရင်
သာသနာ့ဘောင်မှာ မနေတော့ဘူးဆိုပြီး လူထွက်လိုက်တယ်။ လူထွက်ပြီး မန္တလေးကနေ
မိုင်းရှူးဘက်ကို ထွက်လာခဲ့တာ။ မိုင်းရှူးမှာ ဦးလေးတွေ ရှိတယ်လေ။
အဲ့ဒီမှာ ရေဒီယို ကက်ဆက်ပြင်သင်တယ်။ အလုပ်က လုပ်ရတယ်။ ဒါပေမဲ့
အလုပ်သမားတွေက ဆေးစွဲနေတဲ့သူတွေများတော့ အခြေအနေက မကောင်းဘူးပေါ့။
မိုင်းရှူးမှာ တစ်နှစ်နီးပါးနေပြီး အမေ့ရွာကို ပြန်လာ… ရေဒီယို
ကက်ဆက်ပြင်ဆိုင်လေး ဖွင့်တယ်။ မိုင်းရှူး ဖိုးချိုဆိုတဲ့ နာမည်နဲ့ပေါ့။
ခြောက်လ ခုနှစ်လလောက်ရှိတော့ ရွှေတော တင်ရွှေဆိုတဲ့ လူက ကျုပ်တို့ဆီမှာ
ဆိုင်လာဖွင့်တယ်။ သူက တီဗွီတွေပါ ပြင်တတ်တော့ ကျုပ်ဖောက်သည်တွေ
သူ့ဆီရောက်ကုန်တာပေါ့။ ကျုပ်က ရေဒီယို ကက်ဆက်လောက်ပဲ ရတာလေ။ အမယ်
ကျုပ်အမျိုးတွေက အစ ကျုပ်ဆိုင် မလာတော့ဘူးရယ်။ အကုန် ရွှေတော တင်ရွှေဆီပဲ
သွားပြင်ကြတော့တာ။ ဒီပုံအတိုင်းဆို မဖြစ်တော့ဘူးဆိုပြီး ဘာဆက်လုပ်ရမလဲ
တွေးရတော့တာပေါ့။ လူဆိုတာ ဖြစ်ချိန်တန်ရင် ဘယ်လိုမှ တားဆီးမရဘူးဆိုတာ
အာစိ ယုံလား။ တကယ်နော် အာစိ ဖြစ်ချိန်တန်ရင် တကယ်ကို ဖြစ်လာတာ။ ဒီလိုနဲ့
တစ်ရက်ကျတော့ ကျုပ် သင်္ကန်းဝတ်ခဲ့တဲ့ကျောင်းက ဦးပဇင်း ကျုပ်ဆီရောက်လာတယ်။
ဘဝတစ်ဆစ်ချိုးက အဲ့ဒီမှာ စတာပဲ . . . ” ပြောနေရင်း မောလာဟန်ရှိသည့်
ကိုဘခက် သူ့ရှေ့ အကြမ်းပန်ကန်ထဲမှ လက်ဘက်ရည်ကြမ်းကို
တစ်မော့သောက်လိုက်သည်။ ဘေးမှ နားထောင်နေမိသည့် ကျနော်ကတော့
ပင့်သက်မောတစ်ချက် မှုတ်ထုတ်လိုက်မိသည်။
” ဦးပဇင်း ကျုပ်ရဲ့ ကက်ဆက် ရေဒီယို ပြင်ဆိုင်လေးကို ရောက်လာပြီး …
ပစ္စည်းတွေက ပုံနေတာမြင်တော့ … ဟကောင် … မင့်ဆိုင်လေးက ဘယ်ဆိုးလို့လဲ
ပြင်ရသားပဲဆိုပြီး ပြောတယ်။ ကျုပ်က သိပ်အထင်မကြီးနဲ့ ဘုရား …
အရင်ကတော့ ဟုတ်တယ် … အခုတော့ မပြင်ရတော့ဘူး။ ရွာမှာ တပည့်တော်ထက်
တော်တဲ့ကောင် တစ်ကောင် ရောက်လာပြီ။ တပည့်တော်ဆိုင် အခြေအနေမကောင်းဘူး။
သူ့ထက်သာအောင်လုပ်မှ ဖြစ်တော့မှာ ဘုရား။ ဦးဇင်း မန္တလေးပြန်ရင်
တပည့်တော် လိုက်ခဲ့ချင်တယ် ဘုရား။ တပည့်တော် ရေဒီယို ကက်ဆက်ပြင်တာအပြင်
တီဗီအပေါ်စက် အောက်စက်ပြင်တာကိုပါ သင်ချင်တာ…။ ဦးဇင်းမှာ အသိရှိရင်
အပ်ပေးဦးလို့ လျှောက်ရတာပေါ့။ ဦးဇင်းက တစ်ချက်စဉ်းစားပြီး . . . အေးကွ
… ပုသိမ်ကြီးထဲမှာ ငါနဲ့ သိတဲ့ စက်ပြင်ဆရာတစ်ယောက်တော့ ရှိတယ်။
လိုက်ခဲ့ကွာ … ငါပြောပြီး မင့်ကို အပ်ပေးပါမယ်လို့ ပြောတော့..
ကျုပ်ပျော်လိုက်တာ ပြောမနေနဲ့တော့ …။ စိတ်ထဲကလည်း ပြန်လာခဲ့ရင်
တွေ့ကြသေးတာပေါ့ ရွှေတော တင်ရွှေရေလို့ ကြိမ်းဝါးနေမိတာ။ ဦးဇင်း မန
္တလေးပြန်ကြွတော့ ကျုပ် လွယ်အိတ်လေး တစ်လုံးထဲကို အဝတ်အစားလေး
သုံးစုံလောက်ထည့်ပြီး လိုက်ချလာတာ…။ မန္တလေးရောက်တော့ ဦးဇင်းက
သူ့အသိဆရာဆီမှာ အပ်ပေးတယ်။ ဆရာက ဦးဇင်းကို … တပည့်တော်
တပည့်မမွေးချင်ဘူး ဘုရား။ တပည့်တွေက ပညာလေးနည်းနည်း တတ်လာရင် ဆရာရင်ကို
စုန်ကန်သွားကြတာများတယ်လို့ လျှောက်တော့ … ဦးဇင်းက ဒီကောင့်ကို
ငါတာဝန်ယူတယ်။ ငါသေဆိုသေ ရှင်ဆို ရှင်မဲ့ကောင်ပါကွာ စိတ်ချစမ်းပါဆိုပြီး
ပြောတော့ ဆရာက ဒါဆိုလည်း တပည့်တော် ဒီကောင်ကို အခြေအနေစောင့်ကြည့်ဦးမယ်
ဘုရား .. မနက်ဖြန် ဆိုင်ကို လွှတ်ခဲ့လိုက်ပါဆိုပြီး လက်ခံလိုက်တယ်
ဆိုပါတော့ဗျာ။ ဦးဇင်းရဲ့ကျေးဇူးတွေ မနည်းဘူးဗျ။ မနက်ပိုင်း
ငါးနာရီခွဲဆို အိပ်ယာမထသေးတဲ့ ကျုပ်ကို လာနှိုး
ထမင်းချိုင့်လေးထည့်ပေးပြီး ဆိုင်သွားဖို့ လာလာပြောတာ…။ ကျုပ်နေတာက
ရေတံခွန်တောင်နားက ဘုန်းကြီးကျောင်းဗျာ… ပုသိမ်ကြီးအထိ
စက်ဘီးလေးနင်းပြီး သွားရတာ။ ဆရာက တစ်လလောက် ကျုပ်ကို စကားလည်း မပြောဘူး
ဘာပညာမှလည်း မသင်ပေးဘူး…။ မနက်ခင်းဆိုင်ရောက်သွား ဆိုင်လေးဖွင့်ပြီးရင်
ဆိုင်ရှေ့ ကအပင်လေးအောက်မှာ ငုတ်တုတ်လေးထိုင် ညနေဆိုင်ပိတ်ရင် ပြန်လာနဲ့
တစ်လကျော်လောက်ရှိမယ်…။ ဆရာကတော်က ဆရာ့ကို ရှင့်ဟာက ကလေးကို
ပညာသင်ပေးရင်လည်းပေး မပေးရင်လည်း ပြန်လွှတ်လိုက်တော့လို့ ပြောတယ်တဲ့။ ဒါက
နောက်ပိုင်းမှ ဆရာကတော်က ကျုပ်ကို ပြန်ပြောပြတာ။ ဆရာက ကျုပ်ကိုမေးတယ်။
မင်းအချိန်ဘယ်လောက်ရသလဲတဲ့။ ကျုပ်က သုံးလလို့ ပြောတော့ …
မင်းသုံးလနဲ့တော့ ဒီပညာကို ဘယ်လိုတတ်ပါ့မလဲပြောတယ်။ အဲ့ဒီအချိန်က
ကျုပ်စိတ်ထဲမှာ ရွာက ရွှေတော တင်အောင်ဆိုတဲ့ လူထက် သာချင်တာပဲ ရှိတာလေ။
ကျန်တာတွေ သိပ်ပြီး ခေါင်းထဲမှာ မရှိဘူး။ ” ပြောနေရင်း ကိုဘခက်ဘေးမှ
တယ်လီဖုန်းလေးက မြည်လာသည်။ ကိုဘခက် သူ့ဖုန်းကို ကောက်ကိုင်ပြီး ” ဟယ်လို
…. သြော် … ဟုတ်ကဲ့ … ကျနော် ခုလောလောဆယ်ဆယ် အပြင်ရောက်နေလို့ …
အော်… ဟုတ်ကဲ့ … ထားခဲ့လိုက်ပါ … ရတယ်…. ရပါတယ်ဗျာ.. မကြာပါဘူး..
ခဏနေပြန်လာတော့မှာ … အင်းပါ … ပြင်ထားလိုက်ပါ့မယ်…။
ညပိုင်းလာယူလိုက်ပါ…။ စိတ်ချစမ်းပါဗျာ…။ ဘခက်ပါဗျ …။
ဟုတ်ပါပြီဗျာ.. ဟုတ်ပါပြီ..။ ဒါဆို ဒါပဲနော်…။ ကျေးဇူးပါဗျာ…။”
ဟုဆိုပြီး ဖုန်းကိုချလိုက်ကာ ” အာစိရေ … အပြင်ခဏ
လက်ဘက်ရည်သောက်ထွက်လာတာ စက်တစ်လုံး လာအပ်လာတာ ထားခဲ့ခိုင်းလိုက်တယ်။”
ကျနော့ဘက်လှည့်ပြီး ရှင်းပြသလိုပြောပြီး …. အေးနေပြီဖြစ်သည့် လက်ကျန်
လက်ဘက်ရည်ကို မော့သောက်လိုက်သည်။ ပြီးနောက် ရေနွေးဓာတ်ဘူးကိုကိုင်ပြီး
သူ့လက်ဘက်ရည်ခွက်ထဲသို့ လက်ဘက်ရည်ကြမ်း အနည်းငယ်ထည့်ကာ ခွက်ကို
လှုပ်ခါပြီး စားပွဲအောက်မှ အမှိုက်ခြင်းလေးထဲသို့ သွန်ချလိုက်သည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
(၂)
“အင်း … ခဏက စကားလေး ဆက်ပြောပြပါဦးဗျ။ ” ကျနော် စကားဆက်ဖို့
ပြောလိုက်တော့ …။ လက်ဘက်ရည်ခွက်ထဲမှ ရေနွေးပူကို မှုတ်လိုက်ပြီး
တစ်ကျိုက်မော့သောက်၏။ “အင်း … ဆက်ပြောပါ့မယ် … အာစိရယ်…..
ဒီနေ့အပြီးပြောပြပါ့မယ်ဗျ….။ ကျနော်က သုံးလပဲ အချိန်ရတယ်လို့ပြောတာကို
ဆရာက သုံးလနဲ့တော့ မဖြစ်ဘူးဆိုပြီး ပြောတယ်။ အင်း … အဲ့ဒီနေ့က စပြီး
ကျုပ်ကို ဆရာ အလုပ်တွေ စခိုင်း စသင်ပေးတယ်။ ဆရာက ပညာမှာ တော်တော်ကို
တော်တဲ့ ဆရာပါ။ အနေအထိုင်ကအစ ရိုးတယ် အေးတယ်။ အစက သုံးလပဲနေပြီး
ရွာပြန်မယ် ကြံထားတဲ့ ကျုပ် သုံးလနဲ့ ဘယ်ပြန်ဖြစ်ပါ့မလဲ။
ခြောက်လလောက်ကြာလာတော့ ဆရာက ဆိုင်မှာ ကျုပ်ကို တစ်ယောက်တည်းထားခဲ့ပြီး
နေပြည်တော်က အဆောက်အဦးတွေကို ဝါယာရိန်းချိတ်ဆက်တဲ့ အလုပ်တွေ အော်ဒါရလို့
ထွက်သွားတာ။ အင်း ဆရာမရှိတော့မှ ကျုပ်ကောင်းကောင်း ရွာလည်တော့တာ။
ပစ္စည်းတွေက လာအပ်ကြ … ကျုပ်ကလည်း ကျွမ်းကျွမ်းကျင်ကျင် မရှိသေးတော့ …
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တော့တာပေါ့။ အခုခေတ်လို အဆက်အသွယ်ကလည်း
မကောင်းဘူးလေ။ ကြာတာကအရေးမကြီးဘူး …
ကောင်းသွားဖို့ပဲလိုတာပါဆိုတဲ့သူမျိုးတွေချည်းပဲ။ အခက်အခဲတွေတွေ့ရင်
ဆရာ့ဆီ ဖုန်းဆက်မေး သူကရှင်းပြ။ ဆိုင်သိမ်းပြီဆိုရင် လက်စမပြတ်သေးတဲ့
ပစ္စည်းတွေကို ဘုန်းကြီးကျောင်းကို သယ်သွားတာပဲ။ ကျောင်းကကိုယ်နေတဲ့
အခန်းလေးထဲမှာ ညပိုင်းပြင်ပေါ့။ မကျွမ်းကျင်ဘူးဆိုတော့ ပစ္စည်းတွေတပ်
ခဲဆော် … ကွဲတာပေါ့… ဖောင်း ..ဒိုင်း ….နဲ့လေ။ ညပိုင်းတိတ်နေတဲ့
အချိန်ဆိုတော့ ရယ်စစ်စတာ၊ ကက်စ်စီတာ၊ ကွန်ဒက်ဆာလေးတွေ
ပေါက်တဲ့အသံကတော်တော်မြည်တာ။ နောက်ပိုင်း ကိုယ့်အခန်းကို အသံလုံအောင်
အတတ်နိုင်ဆုံးလုပ်ရတော့တာ။ ဦးပဇင်းက ဒီကောင် ခြေထောက်တစ်ဘက် မသန်ရာကနေ
မျက်လုံးတွေပါ ကန်းကုန်တော့မှာပါကွာဆိုပြီး မှတ်ချက်ပေးတဲ့အထိပေါ့။ ”
“တော်တော် ခက်ခဲတဲ့ ကာလလို့ပြောရမှာပေါ့နော့။ တော်တော်လည်း စိတ်ညစ်ရမှာပဲ
…။ ဒီလိုတွေ ဖြစ်လာတော့ ပြန်ပြေးချင်စိတ်တွေ မပေါက်လာဘူး ကိုဘခက်ရ …”
ကျနော်စကားထောက်တော့ …..
” ပြန်ပြေးချင်စိတ်တော့ မပေါက်ဘူးရယ်။ ကိုယ့်ပညာအခြေအနေကို
ကိုယ်သိလိုက်တယ်လေ။ ဒီလိုပုံစံနဲ့ လုပ်စားလို့ မဖြစ်သေးဘူးဆိုတာကို …။
ပိုကြိုးစားရမယ်ဆိုတာလည်း သိလာတယ်။ အခက်အခဲက အခွင့်အရေးလည်း
ဖြစ်နိုင်တယ်ဆိုတာ တကယ်မှန်တဲ့ စကားပဲ အာစိရ …။ ကျုပ်စာအုပ်တွေ
ဝယ်ဖတ်တယ်။ လိုတဲ့ ပစ္စည်းတွေကို ဆိုင်မှာ သွားဝယ်တဲ့အခါ
ရောင်းတဲ့သူကိုလည်း မေးတယ်။ ပစ္စည်းလာဝယ်ရင်း ဆုံတဲ့
တခြားဆရာသမားတွေကိုလည်းမေးတယ်။ သူတို့ကို လက်ဘက်ရည်ဆိုင်ကိုခေါ်
လက်ဘက်ရည်တိုက်ပြီး မေးရမြန်းရတာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း
အဆင်ပြေလာတယ်။ ဆရာက ကျုပ်ကို နှစ်နှစ်လောက် ဆိုင်နဲ့
ထားပစ်ခဲ့တဲ့အတောအတွင်း တော်တော်လေးကို ပညာတွေရလိုက်တာ။
နှစ်နှစ်ကျော်တော့ ဆရာ ပြန်ရောက်လာပြီး သူ့ဆီက ပညာတွေ ထပ်သင်ပေး
ထပ်ရပေါ့။ သုံးနှစ်ကျော် လေးနှစ်လောက်ရောက်တော့ … ဆရာက ဟေ့ကောင် …
မင်းဆိုင်ခွဲရင်လည်း ခွဲတော့လို့ပြောတယ်။ ကျုပ်လည်း မခွဲသေးပါဘူး
ဆရာရယ်… ဆရာ့ကို အလုပ်အကျွေးပြုပါဦးမယ်ဆိုပြီး နောက်ထပ်
နှစ်နှစ်ကျော်နေပေးခဲ့တာ။ နောက်ပိုင်းတော့ ဆရာက ကျုပ်ကို သူ့ဆိုင်က
ပစ္စည်းတွေအကုန်ပေးလိုက်တာ… သူက ပြင်ဆိုင်မဖွင့်တော့ပဲ
အိမ်တွင်းဝါယာရိန်းရိုက် မီးဆင်တဲ့လုပ်ငန်းဘက်ကို ပြောင်းသွားတော့တာလေ။
ကျုပ်က လောလောဆယ်ဆယ်လည်း ဆိုင်မဖွင့်နိုင်သေးတော့ … ပစ္စည်းတွေကို
ဘုန်းကြီးကျောင်းကို သယ်လာပြီး ကျောင်းအောက်မှာ ပုံထားလိုက်တာ…။
ကျောင်းမှာ အောင်းပြီး အနီးနားက လာအပ်တဲ့ ပစ္စည်းတွေကို ပြင်တာပေါ့။
အဲ့ဒီလိုနေလာပြီး တစ်နှစ်ခွဲလောက်ကြာတော့ ငါဒီအတိုင်း ဆက်သွားလို့
မဖြစ်ဘူး ဆိုင်တော့ဖွင့်မှ ဆိုပြီး ဆိုင်ဖွင့်ဖို့ ကြံတယ်။ ခက်တာက
ကျုပ်လက်ထဲမှာ ဆိုင်ဖွင့်နိုင်လောက်အောင် ငွေကြေးမပြည့်စုံဘူး။
ကံကောင်းချင်တော့ ကျုပ်နေတဲ့ ကျောင်းက ဆရာတော်က ဆိုင်ဖွင့်နိုင်ဖို့
ငွေကို အတိုးမဲ့ ချေးပေးတယ်။ ဒါနဲ့ ကျုပ် ဒီရွာလေးမှာ တီဗီပြင်ဆိုင်လေး
ဖွင့်ဖြစ်တာပဲ …။ ဆိုင်ခန်းငှားပြီးတော့ပေါ့။ အခုနေရာမဟုတ်သေးဘူး။
အရင်က ရွာလယ်ပိုင်းမှာ … ဆိုင်ခန်းငှားခက ဈေးများလာတော့ …
သက်သာမဲ့နေရာလေးရဖို့ ကြံရင်းဖန်ရင်း အခု ဒီနေရာကို ရတာပဲ။
ဒီနေရာလေးကတော့ လစဉ်ကြေးပေးရတာပေါ့။ အဲ … ပြောဖို့ကျန်သွားတာရှိတယ်။
ဒီရွာလေးထဲရောက်ပြီး တစ်နှစ်လောက်နေတော့ ကျုပ်အခုမိန်းမနဲ့ ညားတာပဲဗျ…
ဟဲ ဟဲ။ အင်း … အခုတော့ သားလေးတစ်ယောက်ပါ အဖတ်တင်ပြီး အဆင်ပြေတယ်လို့
ပြောလို့ရပါတယ်။ ကိုယ့်ဆိုင်လေးနဲ့ ကိုယ်၊ ကိုယ့်မိသားစုလေးနဲ့ ကိုယ် …
ဆိုတော့လေ ”
“ဟုတ်ပါပြီဗျာ …ကျနော် အခု ခင်ဗျား အမျိုးသမီးနဲ့ ဘယ်လိုတွေ့ပြီး
လက်ထပ်ဖြစ်လဲဆိုတာကို သိချင်တယ်။ နောက်ပြီး ကိုဘခက်ဆိုတာက ခင်ဗျား
နာမည်အရင်း မဟုတ်ဘူးနော်… ဒီရွာက လူတွေပေးထားတာလား ဘာလို့
ဒီနာမည်တွင်တာလဲဆိုတာလေးတော့ ပြောပြဦး”
” ဟားဟား အာစိရာ … အထူးအဆန်းကြီးမဟုတ်ပါဘူး။ ရိုးရိုးလေးပါပဲ။
ပြောပြရင် ဆုံးနိုင်မှာ မဟုတ်လို့ ထားလိုက်ပါစို့ …။ ဟုတ်တယ် …
ဘခက်ဆိုတာက ကျုပ်နာမည်အရင်းမဟုတ်ဘူး … ဒီနာမည်က ဒီရွာက လူတွေပေးတာလည်း
မဟုတ်ဘူး အာစိရ ….။ ကျုပ်ရေဒီယို ကက်ဆက်ပြင်တဲ့ အချိန်က အမြဲဖွင့်တဲ့
ကက်ဆက်ဇာတ်လမ်းလေး အာစိ ကြားဘူးမလားတော့ မသိဘူး … ယုနဲ့ ဘခက်ဆိုတဲ့
ကက်ဆက်ဇာတ်လမ်းလေးလေ … အဲ့ဇာတ်လမ်းထဲက ဇာတ်ကောင် ဘခက်ဆိုတာကို
သဘောကျလို့ ကိုယ့်ဟာကိုယ် ဘခက်လို့ နာမည်ပေးထားတာပါ”
စကားပြောနေကြရင်း သူ့ဖုန်းလေးက မြည်လာပြန်သည်။
ဖုန်းကိုကောက်ကိုင်လိုက်ရင်း “အာစိရေ … ကျုပ်ရဲ့ ယုဖုန်းခေါ်လာပြီ …..
ပြန်မှဖြစ်တော့မယ် ” ကျနော့ဘက်လှည့်ပြောရင်း ..” အင်း … ပြော …
မိန်းမ …. သြော် …. အေး အေး … လာပြီ … မကြာဘူး ခဏပဲ … အေးပါ
…အေးပါ” ဟု ပြောကာဖုန်းချလိုက်သည်။ ” ကဲ … အာစိ … သွားကြစို့ ….
ကျုပ်ကို မိန်းမကြောက်တဲ့ကောင်လို့ မထင်နဲ့နော် … မိန်းမကို
ချစ်တဲ့ကောင်ပါ … ဟဲ ဟဲ ” ရယ်ကျဲကျဲနှင့် ပြော၏။
@@@@@@@@@@@@@@@@@@@@@@@@@@
(၃)
မသန်ပေမဲ့ စွမ်းသူများဆိုသည့် စာလေးကို ကျနော် ကြားသိ မှတ်သားဘူးသည်။
ဟုတ်ပေသည် … ကိုယ်လက်အင်္ဂါမသန်စွမ်းသော်လည်း လောကအလယ်တွင် အခက်အခဲ ဒုက္ခ
သုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ရင်း ဘဝကို တည်ဆောက်ပြီး
ဖြတ်ကျော်နေထိုင်နိုင်သူများစွာ ရှိနေသေးသည်။ ထိုသူများထဲတွင်
ကိုဘခက်သည်လည်း တစ်ဦးအပါအဝင်မဟုတ်ပါလား။ သူ့မှာ ညာဘက်ခြေထောက် တစ်ဖက်
မသန်ပါ။ သို့သော် ထိုမသန်မှုကို အားငယ်မနေ … စိတ်ပျက်မနေပဲ … ဘဝကို
ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ်ရင်း ဘဝကို စိတ်တိုင်းကျ ပုံဖော်နေနိုင်သူ
တစ်ဦးဖြစ်နေပေပြီ။ သူ့မှာ ဝမ်းရေးအတွက် နေ့စဉ်ဝင်ငွေရမည့် ပညာရပ်ကိုလည်း
ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် လုပ်ကိုင်နေနိုင်သူတစ်ဦး ဖြစ်သလို
လူသားတစ်ဦးဖြစ်သည့်အလျှောက် လူသားတာဝန်ကို ကျေပွန်သည့် သားကောင်းဖခင်
တစ်ဦးလည်း ဖြစ်နေပေပြီ။ သူတွေ့ကြုံဖြတ်သန်းခဲ့သည့်
ဘဝအတွေ့အကြုံများကလည်း နောက်ထပ်တွေ့ကြုံလာမည့် အခက်အခဲတွေကိုလည်း
ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်လိမ့်မည်ဆိုတာကလည်း မြေကြီးလက်ခတ်မလွဲပင်။
မသန်ပေမဲ့ စွမ်းသူ ကိုဘခက် သူချစ်သော ဇနီး၊ သားလေး ထို့ပြင်
နောက်ထပ်တိုးပွားလာဦးမည့် သားသမီးရတနာတွေနှင့် ပျော်ရွှင်နိုင်ပါစေဟု
ဆုတောင်းရင်း ……
မသန်ပေမဲ့ စွမ်းသူ ကိုဘခက်အား ဂုဏ်ယူလေးစားစွာ ဒီစာလေးနဲ့
ဂုဏ်ပြုလိုက်ပါတယ်…….။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ ……
ထွန်းဝင်းလတ်

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။