images(11)

 

 

 

 

 

 

 

 

 

”လူ”

 

ဤမြို့ကလေးထဲမှာ

”အမှောင်ထုချင်း သတ်ပုတ်ရင်း နက်ရှိုင်းသည်ထက် ပိုနက်ရှိုင်းနေသည့်အချိန်”တွင် သူ. . . ရောက်လာခြင်းဖြစ်သည်။

 

အဝေးပြေးကားကြီးပေါ်မှ ဘုတ်ခနဲ ဆင်းလိုက်သည်နှင့် သူ့ကို လှမ်းနှုတ်ဆက်လိုက်သမျှမှာ. . .

၁။ ရိုးတွင်းချဉ်ဆီထဲထိ စိမ့်အေးသွားစေသော လေထု

၂။ မနီးမဝေးရှိ ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူသံ

၃။ စိမ်းရွှင်ရွှင် ရနံ့တစ်ခုခု

၎။ ကြောက်မက်ဖွယ်ရာ အေးစက်စက်(သို့သော် မကြာခင် တစ်စုံတစ်ခု ဖြစ်ပျက်သွားတော့မလိုလို ခံစားရစေသော) ငြိမ်သက်တိတ်ဆိတ်ခြင်း . . . စသည်တို့ ဖြစ်သည်။

 

အမှန်တော့ သူ မမြင်နိုင်သောအရာမျာလည်း သူ့အနီးအနားပတ်ချာလည်တွင် ရှိနေပြီး သူ့အား စိမ်းစိမ်းကြီး စိုက်ကြည့်ကာ ကြိုလင့်နေလေသည်။

 

သူကတော့ ထွေထွေထူးထူး တွေးတောမိခြင်းအလျဉ်းမရှိဘဲ မြို့ကလေး၏ ပူးနွေးအေးစက်သော မြေထုကို နင်းပြီး

တစ်လှမ်းချင်း စလျှောက်သည်။

သူ့ ခြေဦးတည်ရာသည်ကား. . .

. . .    . . .

____________________

 

”တည်းခိုခန်း”

 

အမှန်တော့ ဤတည်းခိုခန်းသည် မူလတုန်းက ကွင်းပြင်မြေကြီးသာ ဖြစ်သည်။

သို့သော် သာမန်ကွင်းပြင်မြေမဟုတ်။ ဤရပ်ရွာအတွင်းမှ နာမ်မဲ့ရုပ်ခန္ဓာအပုပ်အသိုးများကို မြှုပ်နှံသိမ်းဆည်းရာ နေရာဖြစ်ပြီး ဤမြေကွက်လပ်အား . . .

”သချိ င်္ုင်းကုန်း”ဟု လူတို့က

လျှာဖျားမှာ တံဆိပ်ကပ်ကာ ခေါ်ကြသည်။

 

လူသေကောင်အပုပ် အရိအရွဲမျာ မြှုပ်နှံသည်ဖြစ်စေ. . .အသီးအပွင့် ဝေဆာလာမည့်သစ်စေ့များ မြှုပ်နှံသည်ဖြစ်စေ မြေကြီးကတော့ မြေကြီးပီသစွာသာ ထာဝရ ဖြန့်ခင်း တည်ရှိပေးနေသည်။

 

မမြဲသော နိယာမအရ ဤရပ်ရွာတွင် လူဦးရေထူထပ်လာပြီး ခေတ်စနစ်တို့ ပြောင်းကုန်သည်။

 

လူသေများအတွက် နေရာသီးသန့်ပေးမည့်အစား ထိုနေရာကို အကျိုးရှိရာတစ်ခုခုအဖြစ် အသုံးချရတော့မည့်ခေတ်သို့ ရောက်ခဲ့ပြီ။

 

လူသေကောင်များကို ထပ်မံ၍ မမြှုပ်ကြတော့။ အခြားတစ်နေရာမှာ မီးလှောင်တိုက်ကာ ပြာချသည့် စနစ်ကသာ လူသေကောင်များအတွက် ဆုလာဘ် ဖြစ်စေခဲ့ပြီ။

 

ထို့နောက် သချိ င်္ုင်း မဟုတ်တော့သော

ထိုနေရာကို အပေါ်ယံ ကြည့်ကောင်းအောင် ရှင်းလင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ အသုံးချလာရာ. .. .

နောက်ဆုံး  . လက်ရှိဤကာလမှာတော့ . . . အထည်အဝါကြီးမဟုတ်သော်လည်း အတန်အသင့်ကောင်းမွန်သပ်ရပ်သော တည်းခိုခန်းတစ်ခု ဖြစ်နေပြီ။

 

သို့သော် ဤတည်းခိုခန်းသို့ ဝင်လာဖူးသမျှ ဧည့်သည်တိုင်း သွေးပျက်ခြောက်ခြားစရာတွေ ကြုံဖူးသည်။ တချို့ဆိုလျှင် သွေးရူးသွေးတန်း ထွက်ပြေးဖူးသည်။ တချို့ကတော့ စကားမေးပင် မရတော့ဘဲ သွပ်ချာလှိုက်လှဲ. . .

 

အကြောင်းသိသူများနှင့် သတင်းအနံ့ခံကောင်းသူများက ဤတည်းခိုခန်းကို ရှောင်ကြပြီး . . .

အကြောင်းမသိသူများနှင့် အကြောင်းသိလျက် သတ္တိကောင်းသူများကတော့ ဤတည်းခိုခန်းကို တည့်တည့် တိုးဝင်ကြသည်။

 

ဤထဲခိုခန်းအတွင်းမှ အရာတစ်ချို့ကတော့ ဝင်လာသမျှ လူများကို စိမ်းစိမ်းကျက်ကျက်မရွေး လက်ယက်ခေါ်ကာ ကြိုဆိုသည်။

ထို့နောက်. . .ထိုလက်ကြီးများဖြင့်ပင်. . .

. . .

 

___________________________

 

”သရဲ”

 

ဤတည်းခိုခန်း မဖွင့်ခင်

ဟိုအရင် သချိ င်္ုင်းကုန်းလက်ထပ်ကတည်းက မကျွတ်မလွတ်သော သရဲအဖြစ် ရှိခဲ့သည်။

 

ဤတည်းခိုခန်းတွင်းမှ အခန်းနံပါတ်(9)သည် ဤသတ္တဝါ၏ အပိုင်စားနေရာ ဖြစ်သည်။

ဤနေရာကို . . . . . .

ကျူးကျော် ဝင်ရောက်လာသူ မည်သူ့ကိုမဆို ခြောက်လှန့် မောင်းထုတ်ရမည်မှာ ဤသရဲ၏ တာဝန်ဖြစ်သည်။

ဤနေရာသည် ငါ့နေရာ။

ဤနေရာကို ကျူးကျော်သူသည် ငါ့ရန်သူ။

 

ငါ့ရန်သူကို ငါ မောင်းထုတ်မည်။ မှုန့်မှုန့်ညက်ညက် ချေကြည့်မည်။ မရလျှင် ရသလောက်အတိုင်းအတာဖြင့် တတ်စွမ်းသလောက် ခြောက်လှန့်မည်။ အနည်းဆုံးတော့ ဤနေရာကို ရောက်လာသူသည် လိပ်ပြာလွင့်ခြင်းသော်လည်းကောင်း၊ လိပ်ပြာ လွင့်လုမတတ်သော်လည်းကောင်း ဖြစ်ကိုဖြစ်ရမည်။

 

ဤသည်မှာ ဤသရဲ၏ လေးနက်ခိုင်ကျည်သော သံဓိဌာန်ပင် ဖြစ်ပေတော့သည်။

________________________________

 

”သရဲနှင့် လူ”

 

ခက်သည်။ ခက်သည်မှ အတော့်အတော်ကို ခက်လှသည်။

 

ဤအခန်းထဲ ဝင် လာတည်းသူတွေထဲမှာ ဤသူသည် ခြောက်လှန့်ရ အခက်ခဲဆုံးလူ ဖြစ်သည်။

 

သရဲ စိတ်ညစ်သွားသည်။ ညနက်သည်နှင့် ဤလူ ဤအခန်းထဲ ဝင်လာကာ ကုတင်ပေါ် တုံးခနဲ ပစ်လှဲသည်။ သူ အိပ်မပျော်ခင်က ဤသရဲခမျာလည်း မှေးခနဲတစ်ချက် ငိုက်သွားသည်။ သရဲ ခြောက်ဖို့ သတိရ၍ ထ ခြောက်မည်ကြံတော့ လူက အိပ်နေလိုက်သည်မှာ အော်မကြား ခေါ်မကြား။

 

သရဲက ရေချိုးခန်း အိမ်သာ တံခါးရွက်များကို ဝုန်းခနဲဒိုင်းခနဲမည်အောင် လုပ်သည်။

လူက မနိုး။ သရဲက လူအနားသွားပြီး အပုပ်နံ့ပေးသည်။ လူက တုတ်တုတ်မျှ မလှုပ်။

အပုပ်နံ့နှင့် မရသောအခါ သရဲ၏ အော်ဂလီဆန်ဖွယ်ရာ မျက်နှာ အပုပ်အပွကြီးကို လူ မျက်နှာနားကို ကပ်ပြီး ဗြဲခနဲ ဖြဲခြောက်သည်။ မလန့်ရေးချ မလန့်။ ဘယ်လန့်မတုန်း။ အိပ်မောကျနေလိုက်သည်မှာ သေနေသလားထင်ရသည်။ သည်လောက်တောင် ဖြစ်လှတာ. . .ကိုင်းကွာာာာ ဆိုပြီး ခြေထောက်ကနေ ဆွဲချပစ်လိုက်သည်။ သရဲခမျာ အားသွန်ခွန်စိုက် ဆွဲချလိုက်ရသော်လည်း လူကတော့ ကုတင်အောက်သာ ရောက်သွားသည်. . . အအိပ်မပျက်။

 

သရဲ စိတ်ညစ်သွားလေပြီ။ စိတ်ညစ်ညစ်ဖြင့် လူနံဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး လူကို စိတ်ပျက်လက်ပျက်ကြည့်နေမိတော့သည်။

တတ်သမျှ မှတ်သမျှနည်းတွေနဲ့ ခြောက်လှန့်နေပါသော်လည်း ခက်တာက ဤလူမှာ အအိပ်ကြီးလှသည်။ သူက ဘာလုပ်လုပ် နိုးပင်မနိုးသောအခါ ခြောက်သူမှာသာ မောလှသည်။

 

ဤသရဲ တစ်သက်နှင့်တစ်ကိုယ် ဤမျှ အအိပ်ပုပ်သောလူကို မမြင်ဖူးခဲ့ချေ။

ဘာတွေ ဘယ်လောက် အအိပ်ပျက်လာ၍များ ခြောက်သည့်သရဲ မောပန်းနွမ်းနယ်သည်အထိ မနိုးနိုင်ရပါသလဲ။

 

ဤညတော့ ဤသရဲ ဤအတွေးများ တွေးရင်းသာ စိတ်လက်ကုန်ခမ်း မောပန်းစွာ ထိုင်နေရပါတော့သည်။

 

ထိုစဉ်. . .

”ဗြုန်းခနဲ”

. . .

. . . . .

. . . . . . .

_________________________________

 

“လူနှင့် သရဲ´´

 

”ဒုန်း”

 

”ဟဲ့ သောက်ပလုပ်တုတ်”

 

*ဒုန်း ဆိုသည့်အသံမှာ . . .

အိပ်ပျော်နေသော လူက အအိပ်ဆိုးစွာ ဘယ်ညာလှည့်ချလိုက်သဖြင့် ကုတင်တိုင်နှင့် လူ့ခြေထောက် တိုက်မိရာမှ ထွက်လာသံဖြစ်သည်။

 

*ဟဲ့ သောက်ပလုပ်တုတ် ဆိုသည့်အသံကတော့

တိတ်ဆိတ်သော ညတွင် မှောင်မည်းကြီးထဲ ထူးဆန်းသည့် လူတစ်ယောက်ဘေးတွင် စိတ်ပျက်လက်ပျက် ထိုင်နေချိန်မှာပဲ

ရုတ်တရုက် ထွက်ပေါ်သံသည့် ဒုန်းခနဲအသံကြီးကြောင့် သရဲခမျာ လိပ်ပြာလွင့်မတတ် လန့်သွား၍ သောက်ပလုပ်တုတ် ဟု ထ အော်မိခြင်း ဖြစ်သည်။

 

________________________________

 

”လူ၊ တည်းခိုခန်း၊ သရဲနှင့် ည”

 

ဤလူတစ်ယောက်ကြောင့်

ဤတည်းခိုခန်းထဲမှ

ဤသရဲအတွက်တော့ . . .

ဤညသည်. . .သာမန် ပျင်းရိငြီးငွေ့ဖွယ်ရာ ညတစ်ည ဖြစ်သလို

သရဲဘဝဖြင့် နေလာသမျှကာလပတ်လုံးတွင် လိပ်ပြာလွင့်မတတ် လန့်ဖျပ်ကာ ထ ခုန်ခဲ့ရသည့် သာမန်ထက် ထူးသောညလည်း ဖြစ်ခဲ့ပါတော့သည်။

________________________________

 

သင့်အေးရိပ်

Aug 09/2016

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 605 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013