ဟိုရက်တွေက မမကြီးခင်ဇော်တင်တဲ့ပို့စ်မှာ အားလုံးဝိုင်းဆွေးနွေးနေကြတာလေးကို ကြည့်ပြီး ရေးမယ်ဆိုပြီး မရေးဖြစ်တဲ့အကြောင်းလေး ရေးရင်ကောင်းမလားလို့။ ကိုယ်ရေးကိုယ်တာ ခံစားချက်ဆိုတော့လည်း ရေးရမလား၊ မရေးရဘူးလားဆိုပြီး ဒွိဟဖြစ်နေလို့ပါ။ ရွာထဲက သူတွေအကုန်လုံး စာဖတ်အားကောင်းပြီး ဆွေးနွေးငြင်းခုံနိုင်တဲ့ အသိပညာတွေနဲ့ပြည့်နေလို့ အားကျစိတ်တွေလည်းဖြစ်မိပါရဲ့။ အဲဒီတော့ သူမအတွက် အကြံဥာဏ်ကောင်းတွေပေးနိုင်မယ်လို့ မျှော်လင့်ပြီး ရေးပါရစေနော်။

အရင်တင်ထားဖူးတဲ့ပို့စ်တခုမှာလည်း အဖေနဲ့ပတ်သက်ပြီး ရေးပြချင်ပါတယ်လို့ ဆိုထားခဲ့ဖူးလို့ အဖေ့အကြောင်း သူမရဲ့အမြင်ကို အရင်ရေးပြချင်ပါတယ်။ အဖေနဲ့ပတ်သက်ရင် သူမရဲ့အမြင်က အဆိုးမြင် ဝါဒီ ဖြစ်မှန်းမသိ ဖြစ်နေပါတယ်ဆိုတာတော့ ဝန်ခံထားပါရစေ။ အမှန်တော့ အဖေက လူရိုးလူကောင်း အညာသားတစ်ယောက်ပါပဲ။ မှတ်မိသလောက်ဆိုရင် အမျိုးတွေထဲမှာ ရန်ကုန်ကို တက်ပြီး စီးပွားဖြစ်ထွန်းခဲ့တဲ့အထဲမှာ အဖေက ဦးဆောင်သူပါပဲ။ ငယ်ငယ်တုန်းကတော့ အဖေက ရေခဲမုန့်ဗုံးလေး လွယ်ပြီး ရပ်ကွက်တကာပတ်ပြီး ပစ္စည်းတွေနဲ့အလဲအလှယ်လုပ်ပြီး ဈေးရောင်း ဖူးတာကို မှတ်မိနေပါတယ်။ မိုးတွင်းရောက်ပြီဆိုရင် ဝါးခမောက်တွေရောင်း၊ သီတင်းကျွတ်ချိန်ဆိုရင် လက်တွန်းလှည်းတွေ လုပ်ပြီး စီးပွားရှာခဲ့တာပါ။ မှတ်မှတ်ရရ အိမ်ပိုင်ဖြစ်တဲ့အချိန်က သူမ (၃)တန်းလောက် ဖြစ်မယ်ထင်ပါတယ်။ အဲဒီအချိန်မှာ ခေါင်းအုံး၊ မွေ့ယာလုပ်ငန်းကို နယ်တွေအထိ ဖြန့်နိုင်ပြီး စီးပွားရေး အဆင်ပြေနေတဲ့ကာလဆိုတော့ အသစ်ဝယ်လိုက်တဲ့အိမ်ကြီးမှာ အမျိုးတွေစုံပလုံ နေကြပြီး အိမ်အလုပ်တွေဝိုင်းလုပ်ဝိုင်းစားကြတဲ့ကာလပေါ့။ အဲဒီနောက်ပိုင်း အဖေက အရက်သမား လုံးလုံးကြီးဖြစ်လာပါတယ်။ စီးပွားရေးလည်း ဂရုမစိုက်၊ အမေတစ်ယောက်တည်း ဒိုင်ခံအလုပ်လုပ်၊ အဖေ့ညီတွေက ပစ္စည်းတွေခိုးရောင်း၊ အမေက ကြားထဲကအဆူခံ၊ အဆဲခံရ၊ အိမ်ပေါ်ကနှင်ချခံရနဲ့ အဖေအရက်မူးလာတဲ့အချိန်တိုင်း သူမကတော့ အိမ်ထဲမှာ ပုန်းနေတာပါပဲ။ အဖေက အမေ့ကို ငယ်နိုင်လိုဖြစ်နေခဲ့တာပါ။ အဖေရေချိုးမယ်ဟေ့ဆိုတာနဲ့ အမေ့မှာ အဖေရေချိုးဖို့ ရေပြင်ပြီး ဆပ်ပြာ တိုက်ပေးနဲ့ အကုန်လုပ်ပေးရတာပါ။ အဖေဘယ်လောက်ဆိုးဆိုး အမေက အတော်ကို သည်းခံပါတယ်။ အဖေရဲ့အဖေ သူမရဲ့အဘိုးကတော့ သူမကိုပြောပါတယ်။ ငါ့မြေးပြောရင် အဖေက စကားနားထောင်မှာတဲ့။ အရက်မသောက်နဲ့ပြောဆိုပြီး ခဏခဏသင်ပေးပါတယ်။ သူမကတော့ ဘယ်တော့မှ မပြောခဲ့ဖူးပါဘူး။ အဖေကအရက်သောက်၊ အမေက စီးပွားရှာနဲ့ သူမကတော့ အိပ်လိုက် စားလိုက်နဲ့ အိမ်မှုကိစ္စဆိုတာတွေတောင် သင်ပေးမယ့်သူမရှိလို့ လုပ်ရကောင်းမှန်းမသိခဲ့ပါဘူး။ အဲလိုနဲ့ သူမ (၅)တန်းအရောက်မှာတော့ အမေက အမွှာညီမလေး (၂)ယောက်မွေးပြီးချိန် အလုပ်ကလည်း မလုပ်နိုင်၊ အမေ့အမျိုးတွေက ဝိုင်းကူလုပ်ပေးရင်လည်း အဖေက သဘော မကျနဲ့ဆိုတော့ လုပ်ပေးချင်တဲ့ သူကမရှိ ဆွေမျိုးလုပ်ငန်း အပြိုင်တွေပေါ်လာတော့ စီးပွားရေးက အရင်လို အဆင်မပြေ တော့ပါဘူး။ သူမကတော့ ကလေး (၂)ယောက် တဖက်တချက်ချီပြီး ကလေးထိန်းတာဝန်ယူရတာပေါ့။ နောက်ဆုံး ဦးခင်ညွှန့်တို့ရဲ့ တဲပေါ်မှတိုက်ပေါ်သို့ တင်ပေးရေး ဆိုတဲ့အစီအစဉ်နဲ့ သူမတို့ အိမ်လေးလည်း အဖျက်ခံရတဲ့အထဲပါသွားပါကော။ သူမအခုထိလည်း အဲဒီအိမ်ကြီးကို အရမ်းနှမြောနေမိသေးတုန်း။ သူများတွေကတိုက်ခန်းတွေပြန်ယူတဲ့အချိန်၊ သူမတို့အဖေကတော့ တိုက်ခန်းဆိုရင် ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ သူ့မိသားစုတွေကို စိတ်မချပါဘူး၊ သဘောမကျပါဘူးဆိုပြီး လျော်ကြေးပိုက်ဆံလေးနဲ့ မြေကွက်ယူပြီး ဒီဘက်ရပ်ကွက်မှာ အိမ်ထပ်ဝယ်ကြတာပေါ့။ စီးပွားရေးကလည်းကျ၊ စားအိုးကလည်း ကြီး၊ မီးဖိုချောင်စရိတ်ကို မထိန်းသိမ်းတတ်တော့ အဲဒီအချိန်တုန်းက အတော်ကသီခဲ့တာပါ။ အဖေကတော့ စီးပွားရေး ကျတာကို အကြောင်းပြပြီး အသောက်အစားမပျက်ခဲ့ပါဘူး။ အိမ်က အမွှာလေးတွေလည်း တော်တော်ကြီးလာတော့ သူမလည်း အိမ်အလုပ်တွေကို ဝိုင်းကူလုပ်ပေး ရတာပေါ့။ ခေါင်းအုံးတွေ ထည့်ထားတဲ့အိတ်ကြီး မနိုင်တနိုင်သယ်၊ ရထားနဲ့ သိမ်ဈေးကြီးကိုသွားပြီး ပစ္စည်းပို့တဲ့အချိန် တွေကတော့ မမေ့စရာပါပဲ။ ရထားပေါ်ကအဆင်း ပစ္စည်းအိတ်ကြီး ခေါင်းပေါ်တင်ဖို့ အရေး သူများတွေလို ကိုယ့်ဘာသာကိုယ် မပင့်နိုင်တော့လည်း ကူညီပေးမယ့်သူလိုက်ရှာရတာလည်း အမောပါပဲ။ တခါတလေများ ပင့်ပေးမယ့်သူ အရိပ်အယောင်မမြင်ရရင် အိတ်ကို တပတ်လှည့်ပြီး ခေါင်းပေါ်ရောက်ရင် ပင့်ရပါသေးတယ်။ တရက်တော့ သူမအထုပ်က သူမခေါင်းပေါ်မရောက်ဘဲ သူမအထုပ်ကို ပင့်ပေးတဲ့ စပယ်ယာ ရင်ခွင်ထဲကို သူမ လည်ထွက်ပြီး ရောက်သွားလို့ ကားဂိတ်တခုလုံးကို လှည့်မကြည့်ရဲပဲနဲ့ ရှက်ရှက်နဲ့ အထုပ်ကြီးရွက်ပြီး ထွက်ပြေးဖူးပါသေးတယ်။ တခါမှ အလုပ်မလုပ်ဖူးတဲ့သူမအတွက်တော့ မဖြစ်တော့တဲ့အဆုံး ကြိုးစားပြီး လုပ်ခဲ့ရတဲ့အချိန်တွေပါ။ လူကောင်က သေးသေး၊ အရပ်က ငါးပေမပြည့်တဲ့ ဂျပု အထုပ်ကြီး ရွက်ပြီး သွားရင် အစခံရတာလည်း မနည်းပါဘူး။ အဲဒီအချိန်တုန်းက အမေ့ကြောင့်သာ မဟုတ်ရင် သူမတို့ ငတ်ပြတ်နေမှာ အသေအချာပါပဲ။ အဲဒီလိုနဲ့ သူမက (၉)တန်းရောက်တဲ့အချိန် အဖေဆေးရုံရောက်ပါတော့တယ်။ အဲဒီနေ့က သူမကျောင်းကအပြန် လမ်းထဲက ကောင်လေး (၂)ယောက်က စက်ဘီးစီးပြီး သူမကို တိုက်မလိုဟန်လုပ်ပြီး စနောက်တာကို အဖေက မြင်သွားခဲ့တာပါ။ အဲဒီတညလုံး အဖေမှာ စိတ်ဂယောင်ချောက်ခြားဖြစ်ပြီး သူမတို့ သားအမိတွေကိုလည်း မမှတ်မိတော့ပါဘူး။ အမှန်တော့ အဖေက စိုးရိမ်စိတ်ကြီးတဲ့သူပါ။ စီးပွားရေးအဆင်မပြေ အရက်ဆက်သောက်၊ အပေါင်းအဖော် တွေကလည်း ရှိတုန်းကတမျိုး၊ မရှိတော့တမျိုးဆိုတဲ့ လောကဓံကို အဖေက ကြိတ်ခံစားခဲ့တာပါ။ အဖေက သူမကို အရမ်းချစ်လွန်းသလို ချုပ်ခြယ်လွန်း ပါတယ်။ ဘယ်လောက်ထိလဲဆိုရင် ဆွေမျိုးသားချင်းတွေနဲ့ စကားပြောရင်တောင် မကြိုက်တဲ့သူမို့ သူမမှာ ချစ်ခင်ရတဲ့ အကိုဝမ်းကွဲ ကိုတောင် စကားမပြောပဲ နေခဲ့ရတဲ့အထိပါပဲ။ ကျူရှင်အသွားအပြန် ဘယ်လောက်ပဲ အရက်မူးမူး ရအောင်လိုက်ပို့လိုက်ကြိုတတ်သူပါ။ တခါတလေ အဘိုးလည်း မနေရပါဘူး။ ဖိနပ်အမြင့် မစီးတတ်တဲ့သူမကိုတောင် ဖိနပ်အမြင့်မစီးဖို့ တဖွဖွ ပြောနေတတ် ပါသေးတယ်။ သူငယ်ချင်းတွေ အိမ်ခေါ်လာမိရင်လည်း အိမ်က စုတ်ပြတ်နေတာကို မရှက်ဘူးလား ခေါ်လာရမလားဆြို့ပီး ဆူပူနေတတ်သူပါ။ အဲဒီအချိန်တုန်းက (၈)မိုင်က တံတားလေးဆေးရုံ မှာ အဖေ့ကို (၁)လလောက် သွားထားထားရပါတယ်။

ဆက်ရန်……………………………..

Tawwin Pan

About Tawwin Pan

Tawwin Pan has written 12 post in this Website..

တချိန်တုန်းက ကိုယ်မှန်တယ်ထင်လို့ လုပ်ခဲ့တာဖြစ်ပြီး အချိန်ကျော်လွန်သွားတဲ့အခါမှာတော့ နောင်တရနေတတ်တဲသူ တစ်ယောက်