မရှက်တမ်း ဝန်ခံကြေးဆိုရင်. . .
မနက် မိုးလင်းတာနဲ့ မသောက်ရရင် မနေနိုင်ဘူး ဖြစ်လာတာ။

မသောက်ရရင် ကတုန်ကယင်ကြီး။
အဟုတ်ပြောတာ။
(အခု ခေတ်စားနေတဲ့စကားနဲ့ ပြောရရင် အသားတွေတောင် တဆတ်ဆတ်တုန်တယ်တို့ ဘာတို့ပေါ့- *ဤကား စကားချပ်)
သောက်လိုက်တော့မှ ရွှင်မြူးတက်ကြွလာတာ။ အဟုတ်ပါဆို။
မနက် မနက် ရုံးကို ပြေးရချိန်ဆို အိမ်ကနေ ကားထုတ်ပြီး ပါရမီလမ်းပေါ် ရောက်တယ်ဆိုရင်ကိုပဲ လမ်းတွေက ပိတ်။ တိုးဟယ် ကျော်ဟယ် ခွဟယ်နဲ့ သွားကြိုရမယ့် ကိုယ့်ရုံးကအရာရှိအိမ် (တာမွေဘက်ကို) ရောက်ချိန်နဲ့ -ကိုယ့်အိမ်က ထွက်ချိန်ကြားမှာ ဆိုင်တစ်ဆိုင်ဆိုင်ထဲ ဝင်ပြီး ထိုင်သောက်ဖို့ အချိန်မရဘူး။
အဲ့တော့ ဆိုင်ကနေ ဝယ်လာ။ ကားပေါ်ရောက်တော့မှ မီးပွိုင့်မိတုန်း—- (ကားပေါ်မှာ ခွက်မပါတော့) ဆိုင်ကနေ ဝယ်လာတာလေးကို ဖောက်ပြီး ရေသန့်ဗူး အလွတ်တစ်ခုထဲ ထည့်။

အိမ်က ထည့်လာတဲ့ ရေသန့် ရေခဲရေနဲ့စပ်။
ပြီးတော့ ရေခဲရေနဲ့စပ်ထားတဲ့ဗူးကို အဖုံးပိတ်။ ဂလောက်ဂလက်နဲ့ ဗြောင်းဆန်အောင် ခလောက်လိုက်တဲ့အခါမှာတော့. . .
ရေခဲရေအေးလေးနဲ့ မျှမျှတတရောစပ် ပျော်ဝင်သွားပြီး အသင့်သောက်သုံးလို့ ရသွားရော။
အဲ့ကျတော့မှ ကားမောင်းနေရင်းနဲ့ မီးပွိုင့်မိချိန်တို့ဘာတို့မှာ ရေခဲရေနဲ့စပ်ထားတဲ့ ဗူးလေး ဖွင့်ပြီး ဂလု။

ဆယ်မိနစ်လောက်အတွင်းမှာ ဖန်ခွက်တစ်ခွက်စာလောက် ဂလုလို့ ပြီးသွားရော။ ကားပေါ်မှာတင် အချိန်မကုန် အမြည်းတွေဘာတွေ မကုန်ဘဲ ဂလုလိုက်ရတဲ့အဖြစ်ပေါ့။

အောင်မာ အဲ့ဒါလေး ဂလုပြီးတော့မှ လူက နေသာထိုင်သာရှိပြီး ရွှင်မြူး တက်ကြွလာတာ။
ရုံးက အထက်အရာရှိအိမ်ရှေ့. . .
ဝူးခနဲ ကားကို ထိုးရပ်. . .
သူ ကားပေါ်တက်လာပြီဆိုတာနဲ့ ကိုယ်က အစွမ်းကုန်တက်ကြွလန်းဆန်းနေတဲ့ပုံစံနဲ့. . .
(တကိုယ်လုံး ပြုံးပြရင်း)
”ဟဲလို. . .မင်္ဂလာပါ. . .အာယူအိုခေ?”
”အိုင်အမ်ဂွတ်။ သိုင်းခရူး။ အန်န်ယူ?” ဘာညာ သာလကာ ဘွတ်ဒတ်ရွှတ်ဒတ်… (တဦးနဲ့တဦး မတွေ့တာကြာပြီး လွမ်းနေတဲ့သားအမိတွေ အခုမှပြန်ဆုံသလိုမျိုး ပြေးဖက်လုနီးပါး) အပြန်အလှန်နှုတ်ဆက်။
(အမှန်က နေ့တိုင်း တချိန်လုံး ရုံးမှာ တွေ့နေရတာ)
ပြီးတော့မှ
ခါးပတ်ကို ကျကျနနပတ်။
အင်္ဂလိပ်သီချင်းကို တိုးတိုးဖွင့်ပြီး တစ်နေ့တာကို စလုံးရေး စရော။

ဟော . . .
နေ့လည်လောက်ကျတော့ မနက်က အရှိန်က ပြေချင်ချင်ဖြစ်ပြီ။

ဒီတော့ နောက်ထပ်. . .
ဆိုင်ထိုင်ဖို့မှ အချိန်မပေးနိုင်သေးဘူးဆိုရင်. . .
အဲ့လိုပဲ ကားထဲမှာ ရောလိုက် စပ်လိုက် ဂလုလိုက်ပေါ့။
(ကားပေါ်မှာသောက်ဖို့ ရောဖို့စပ်ဖို့တော့ ဆိုင်ကနေ ကြိုဝယ်လာခဲ့ရတာပေါ့။)

ကားမောင်းနေရင်းနဲ့ ဘေးမှာ ရေအေးအေးလေးနဲ့ ရောစပ်ထားတဲ့ ဂလုစရာလေး ချပြီး ဂလုရတဲ့ အရသာကလေ. . . ဘာပြောကောင်းမလဲ။
တချို့ ဆိုင် ထိုင်ဖို့အချိန် မပေးနိုင်တဲ့ ကားမောင်းနေရသူများလည်း အဲ့ဒီနည်းကို လိုက် လုပ်စေချင်ပါတယ်။

ကိုယ်က ကြိုက်တတ်လို့ သောက်ချင်ပြီဆိုမှတော့ ဆိုင်ထိုင်ဖို့ အချိန် မပေးနိုင်တာနဲ့ မသောက်လိုက်ရ မရှိလေအောင် ဖြစ်တဲ့ နည်းနဲ့ သောက်ကြစေချင်ပါတယ်။
ကျနော် အခု ပြောတဲ့ ကားပေါ်မှာ ရေသန့်ဗူးထဲထည့် ရေနဲ့စပ်ပြီးသောက်တဲ့နည်းဆိုရင် အားသာချက်တွေတောင် ရှိပါသေးတယ်။
.
.
.
.
.
.

၁။ ဆိုင် မထိုင်ဘဲ ကားပေါ်မှာတင် သောက်လို့ရတဲ့အတွက် အချိန်ကုန် သက်သာခြင်း၊

၂။ဆိုင်မှာထိုင်မိရင် တခြား စားသောက်ဖွယ်ရာတွေပါ စားမိတတ်တာကြောင့် ငွေပိုကုန်မယ့်အလားအလာ မရှိခြင်း၊

၃။ဆိုင်မှာဆိုရင် အဲ့ဒီလို တစ်ခါသောက်ကိုပဲ ၂၀၀(သို့မဟုတ်)၃၀၀ ပေးရမှာဖြစ်ပြီး။ ကျနော်ပြောသလို ကိုယ့်ဘာသာ (ခွက်မရှိလည်း ရေနဲ့ရေသန့်ဘူးထဲ ထည့်ဖျော်) သောက်ရင် ဆိုင်က ဝယ်လာတဲ့အတွက် ကော်ဖီမစ်တစ်ထုပ်မှ တစ်ရာကျပ်သာ ကျသင့်ခြင်း။
.
.
.
ကဲ မကောင်းဘူးလား အဲ့နည်းလေး။

ဒီတော့ ကော်ဖီမစ်ကို ဆိုင်မှာ ထိုင်သောက်ဖို့အချိန် မပေးနိုင်သူများ. . .
အဲ့လို ရေသန့်ဗူးထဲ ကော်ဖီမစ်ဖောက်ထည့်ပြီး . . . .
ရေအေးနဲ့ပဲ ကော်ဖီအေး ဖျော်သောက်တဲ့နည်းကို စမ်းကြည့်နိုင်ပါကြောင်း . . .
သတင်းကောင်း ပါးလိုက်ရပါတယ်ခင်ဗျား။

ပုံ/ ကော်ဖီ မသောက်ရလျှင် မနေနိုင်သူ- မောင်သူရ

 

 

မသောက်ရ မနေနိုင်တဲ့အရာ

မသောက်ရ မနေနိုင်တဲ့အရာ

 

 

 

 

 

 

 

 

 

 

 

 

 

 

img_20161026_173237_1477482317428_1477482357989

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013