၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ တစ်ရက်နေ့က စပြီး ရန်ကုန်မြို့ထဲမှာ ကားမောင်းသူတွေ ထိုင်ခုံ ခါးပတ် မပတ်ရင် အရေးယူ ဒဏ်ရိုက်မယ်။

အဲ့လို ကြေညာလိုက်ပြီးနောက် ဆယ့်ငါးရက်အကြာမှာတော့ ရန်ကုန်မြို့ထဲ မိန်း လမ်းမကြီးတစ်ခုပေါ်ကနေ မောင်းနေတဲ့ကားတွေကို တစ်နာရီလောက် ထိုင်ကြည့်နေမိတယ်။

ကားမောင်းသူ တော်တော်များများကတော့ ထိုင်ခုံခါးပတ်တွေကို ပတ်ထားကြပြီ။

အရင်တုန်းက ”စည်းမရှိကမ်းမရှိ ပစ်စလက်ခတ် မောင်းတယ်လို့ နာမည်ထွက်နေတဲ့ Taxi မောင်းသူတွေ”တောင်မှ ခါးပတ်လေးတွေ ပတ်ထားလျက်သား တွေ့ရတယ်။

(BRT ကလွဲရင် တခြား ဘတ်စ်ကား မောင်းသူတွေကတော့ ခါးပတ် မပတ်ကြဘူး။ ပတ်စရာ ခါးပတ်လည်း အဲ့ဒီဘတ်စ်တွေမှာ မပါလောက်ဘူး။
အင်မတန်မှ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ကားအို ကားဟောင်း အစုတ်ကြီးတွေကို မောင်းနေရတဲ့ ဘတ်စ် မောင်းသူတွေလည်း ဒဏ်ငွေရိုက်မှာ ကြောက်ပြီး ပတ်ချင်ရှာမှာပဲ။ ဒါပေမဲ့ ကားကိုက စုတ်ပြတ်လွန်းတော့ ခါးပတ်တောင် ဘယ်နား အစရှာရမှန်း မသိတဲ့ပုံ။ ရန်ကုန်မြို့ထဲက ဘတ်စ်တွေကိုတော့ ချွင်းချက်ထားရတော့မှာပေါ့။)

အစီးတစ်ရာလောက်ကို လိုက်ကြည့်မိတာ။ ၁၀၀ မှာ ၁၅ ယောက်လောက်က ခါးပတ် မပတ်ကြတာကို တွေ့ရသေးတယ်။

တွေ့ရသလောက်တော့ အခုလို ဖမ်းဆီးအပြစ်ပေးမယ်ဆိုတဲ့ ကြေညာချက် ထုတ်ထားတာတောင် ခါးပတ် မပတ်တဲ့သူတွေဟာ. . .
ပုံစံတမျိုး ကွဲထွက်နေတယ်။

များသောအားဖြင့် ခါးပတ် မပတ်ဘဲ မောင်းနေတာတွေက ကိုယ်ပိုင်ကား အိမ်စီးကား အသန့်တွေ။
ပြီးတော့ ပိုင်ရှင်ကိုယ်တိုင် မောင်းနေတာ တွေ့ရတယ်။
ကိုယ့်ကားအကောင်းစားကြီးကို ကိုယ်တိုင် မောင်းပြီး ဘယ်သူ့မ ဂရုမစိုက်တဲ့ပုံစံချို့ထားတဲ့ တချို့(တချို့)ပေါ့။

ကြည့်ရတာ. . .
သူတို့ကို ရဲက တားပြီး ခါးပတ် မပတ်တဲ့အတွက် ဒဏ်ငွေ ဆောင်ပါ လို့ ပြောရင် ရဲရဲ့စကားကိုတောင် အဆုံးထိ မစောင့်ဘဲ ရော့ အင့်ဆိုပြီး ငွေနဲ့ ပစ်ပေါက်သွားမယ့်ပုံစံလေးတွေ။
(ကျနော့် အထင်ပါ)

သူတို့က ခါးပတ် ပတ်ရတာ လွတ်လပ်မှု မရှိ/ သက်တောင့်သက်သာ မရှိလို့ . . .
ပြီးတော့ ဒဏ်ငွေ ဆောင်ရတဲ့ပမာဏကလည်း ချမ်းသာကြွယ်ဝသူတွေအတွက် မပြောပလောက်တာမို့ ခါးပတ် ပတ်ခြင်း/မပတ်ခြင်း/မပတ်လို့ ဒဏ်ရိုက်ခြင်းတွေကို ဂရု မစိုက်ဘူးပေါ့။

ဂရုစိုက်ရင် ပတ်မှာပေါ့။ မပတ်တာဟာ အဲ့ဒါတွေကို ဂရုမစိုက်လို့ပေါ့။
(အဲ့လို ငွေဒဏ်လောက်ကတော့ ဂရုမစိုက်ဘူးဆိုသူတွေအတွက် ဂရုစိုက်ရလောက်တဲ့ ပြစ်ဒဏ်မျိုး ရှိသင့်ပါတယ်။ ဥပမာ ကြိမ်ဒဏ်။)

ဆိုတော့ ဂရုစိုက်လို့ ခါးပတ် ပတ်နေတဲ့ သူ. . .၁၀၀ မှာ ၈၅ ယောက်လောက် ရှိတယ် ဆိုပါစို့။

အဲ့ထဲမှာ . . .
(၁)ဒဏ်ရိုက်မှာ ကြောက်လို့
(အရင်က မပတ်ပေမဲ့ ) အခု ပတ်တဲ့သူတွေရယ်. . .

(၂)ကားမောင်းရင် ခါးပတ်ဆိုတာ ပတ်သင့်တယ်ထင်လို့/
မတော်တဆမှု ဖြစ်တဲ့အခါ ခါးပတ် ပတ်ထားရင် အနာတရ နည်းပါးစေနိုင်တယ်ထင်လို့/
အန္တရာယ်ကင်းအောင် အရင်ကတည်းက ပတ်တဲ့သူတွေရယ်. . . ဆိုပြီး
နှစ်မျိုး နှစ်စား ထွက်လာမယ်။

ကျနော့်အထင် ပြောရရင်
ဒုတိယ အမျိုးအစား(ခါးပတ်ကို အန္တရာယ်ကင်းဖို့ အစကတည်းက ပတ်သူတွေ)က အတော် နည်းပါတယ်။
နိုဝင်ဘာလ မတိုင်မီကနေ ဟိုးးးးး လွန်ခဲ့သော နှစ်များဆီထိ ပြန်မြင်ယောင်ကြည့်ရင် သိပါတယ်။
ကားမောင်းရင် ခါးပတ် ပတ်တဲ့သူဆိုတာ အတော် နည်းခဲ့တာပဲ။

ဆိုတော့. . .
ဒဏ်ရိုက်ခံရမှာ ကြောက်လို့ နိုဝင်ဘာလမှာမှ စပြီး မဖြစ်မနေ ခါးပတ် ပတ်တဲ့သူတွေက များပါတယ်။

=—————–=

ကျနော့် ကျေးဇူးတော်ရှင် ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ဆိုဆုံးမတဲ့ စကားတစ်ခွန်းကို ပြန် သတိရမိပါတယ်။

”ငရဲကြီးမှာ ကြောက်လို့ အကုသိုလ်အလုပ်ကို မလုပ်ဘဲနေတာထက်. . .
ကုသိုလ်အလုပ်ကို မြတ်နိုးလို့ အကုသိုလ်မဖြစ်အောင် (ကုသိုလ် ဖြစ်အောင်) အကုသိုလ်အလုပ်ကို မလုပ်မိအောင် ရှောင်တာက ပိုမြတ်ပါတယ်” တဲ့။

အခုလည်း ကြည့်. . .
ဒဏ်ရိုက်မှာ ကြောက်တဲ့စိတ်နဲ့ ခါးပတ် ပတ်ကြပြန်ပြီပေါ့လေ။

ဒဏ်ရိုက်မှာ ကြောက်တဲ့စိတ်နဲ့ မဟုတ်ဘဲ . . . .
ထိုင်ခုံခါးပတ်ဆိုတာ. . . ကားမောင်းသူတွေအတွက် မဖြစ်မနေ လိုအပ်လို့ ကား ထုတ်လုပ်တဲ့စက်ရုံတွေက မပါ/ ပါအောင် ထည့် ပေးထားတဲ့အရာ။
(သိပ်မလိုအပ်ရင် ကားအပိုပစ္စည်းအဖြစ် သီးသန့်ဝယ် တပ်နေရမှာပေါ့။) အခုဟာက လိုအပ်လို့ကို ကားထုတ်လုပ်ကတည်းက ထည့်ပေးထားတာ။ အဲ့ဒါကို ပတ်ပြီး ကားမောင်းရင် လူ့အသက် အန္တရာယ်ကို လျော့ပါးစေတယ်လို့ သိတဲ့အသိနဲ့ (ဒဏ် ရိုက်သည်ဖြစ်စေ မရိုက်သည် ဖြစ်စေ) ပတ်သင့်တာပါ။

”ခါးပတ် ပတ်လို့ ဒဏ်ရိုက်မယ်”ဆိုရင်တောင် ဒဏ်အရိုက်ခံပြီး ပတ်သင့်ပါသေးတယ်။

အဲ့ဒီ အခြေခံ အသိလေးကိုတောင်
ဒဏ်ရိုက်ခြင်း/အပြစ်ပေးခြင်း ဆိုတာကြီးနဲ့ ခြိမ်းခြောက်ကာမှ
ထ လုပ်မိကြတယ်ဆိုတော့. . .
သိပ်တော့ မကောင်းဘူးပေါ့နော်။

တခြားကိစ္စတွေလည်း
”လုပ်သင့် လုပ်ထိုက်တာကို လုပ်ကြဖို့/ မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်ကြဖို့. . . ဒီလိုပဲ ခြိမ်းခြောက်/ ဒဏ်ရိုက်နေရဦးမှာလား”လို့ မေးစရာ ဖြစ်လာပါတယ်။

ဒါ မမေးကောင်းတဲ့ အမေးပါ။
ဒါမျိုး မေးစရာ မလိုအောင် ပြုပြင် ပြောင်းလဲကြရမယ်လို့ ထင်ပါတယ်။

ဟိုဟိုဒီဒီ လက်ညှိုးလျှောက် ထိုးပြီး ”သူတို့ သူတို့တွေ ပြင်သင့်တယ်ကွ”လို့ ကျနော် ပြောမနေပါဘူး။
ကျနော်က စပြီး ပြင်ပါမယ်။

အယောက် ၁၀၀ ထဲမှာ ၁ယောက် ပြင်လည်း မရှုံးပါဘူး။ ၁၀၀ လုံး မပြင်ဘဲနေရင်သာ ရှုံးမှာပါ။

(လူကူးမျဉ်းကြားက ကူးပါ ဆိုရင် ဒဏ်ရိုက်ခံရမှာကြောက်တဲ့စိတ်နဲ့ မဟုတ်ဘဲ အန္တရာယ် ကင်းနိုင်ချေရှိတဲ့ (ကားတွေ အရှိန်လျှော့ပေးရမယ့်)နေရာမို့ ဆိုပြီး ကူးပါမယ်။

ဂငယ် မကွေ့ရဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတဲ့ နေရာတွေမှာ တန်းစီပြီး ကွေ့နေကြတာမျိုးကို ရှောင်ပါမယ်။
မကွေ့ရလို့ အမိန့်ထုတ်ထားလျက်နဲ့ ကွေ့တာကို ရဲက မိရင် ဒဏ်ရိုက်မှာ ကြောက်တဲ့ အကြောက်တရားကြောင့် ရှောင်မှာ မဟုတ်ဘဲ
စည်းကမ်း ဖောက်ဖျက်ရမှာကို ရှက်တဲ့စိတ်နဲ့ ရှောင်ပါ့မယ်။)

အဲ့လိုပဲ လိုက်နာကျင့်သုံးသင့်တဲ့ စည်းကမ်း ဟူသမျှကို အကြောက်တရားကြောင့် မဟုတ်ဘဲ
အရှက်တရားကြောင့် လိုက်နာကျင့်သုံးပါ့မယ်။

ကိုယ်က စ ပါမယ်။

————————————–
သင့်အေးရိပ်
၂၀၁၆ နိုဝင်ဘာ ၁၅

 

 

 

 

 

 

 

ဒါကတော့ ကမ္ဘာကျော် အပေါင်းလက္ခဏာ သင်္ကေတနဲ့ တန်ဖိုးကြီး ကားပါ။ (တစ်လမ်းမောင်းလမ်းထဲ လမ်းပြောင်းပြန်မောင်းဝင်သွားတာမို့ မောင်းသူရဲ့စိတ်ဓါတ်ကတော့အနှုတ်လက္ခဏာ။)

ဒါကတော့ ကမ္ဘာကျော် အပေါင်းလက္ခဏာ သင်္ကေတနဲ့ တန်ဖိုးကြီး ကားပါ။
(တစ်လမ်းမောင်းလမ်းထဲ လမ်းပြောင်းပြန်မောင်းဝင်သွားတာမို့ မောင်းသူရဲ့စိတ်ဓါတ်ကတော့အနှုတ်လက္ခဏာ။)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013