ဒီနေ့မနက်က ကျွန်တော် ထူးထူးခြားခြား စောစောစီးစီးနိုးနေတယ်ဗျ… အမြဲတမ်း အိပ်ရာထ နောက်ကျ တတ်တဲ့ ကျွန်တော့်အတွက်တော့ ထူးထူးခြားခြား ရက် (၁) ရက်ပေါ့ဗျာ… ဒါနဲ့ပဲ ကျွန်တော့်သူငယ်ချင်း မြေကြွက်ကို ၀င်ခေါ်ပြီး ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကို ထွက်လာမိတယ်…

ဆိုင်လဲ ရောက်တော့ သူငယ်ချင်း နှစ်ယောက် ထုံးစံအတိုင်း ညက ကစားခဲ့တဲ့ Dota ဂိမ်းအကြောင်းကို ပြန်ပြီးစမြုံ့ပြန်မိတာပေါ့… ဟုတ်တာတွေရော မဟုတ်တာတွေရော၊ ပြောလဲပြော ငြင်းလဲငြင်းပေါ့၊ ဒါလဲ Gamer ဘ၀ရဲ့ အရသာတစ်မျိုးပဲလေ… ပြောနေရင်း၊ ငြင်းခုံနေရင်းနဲ့ ဆိုင်ထဲကို အကျီဆင်တူနဲ့ ချာတိတ်တွေ (ချာတိတ်တွေဆိုပေမယ့် ကျွန်တော်တို့ အရွယ်တွေပါပဲ) ၀င်လာပြီး စာရွက်တွေလာကမ်းတယ်… ကမ်းတဲ့စာရွက်တွေက လာမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့စာရွက် တွေပါပဲ… ဒီလို စာရွက်ကမ်းတာတွေ၊ ကျွန်တော် ကြုံတာ ကျွန်တော်တို့ ရပ်ကွက်မှာတင် ၃ခါရှိပြီ။ ဒီတစ်ခါ လာကမ်းတဲ့ ချာတိတ်တွေက တူညီဝတ်စုံတွေနဲ့ (တူညီဝတ်စုံဆိုတာက အပေါ်က တီရှပ်ကိုပဲပြောတာပါ၊ တီရှပ်မှာ သူတို့ပါတီရဲ့အမှတ်သင်္ကေတနဲ့ ပါတီနာမည်ကို ရေးထားခြင်းဖြစ်သည်)၊ ချာတိတ်မတွေဆို ပါးမှာ သနပ်ခါး အဖွေးသားနဲ့… ဒါနဲ့ပဲ ကျွန်တော်တို့ ငြင်းခုံနေတဲ့အကြောင်းကနေ ပါတီစုံရွေးကောက်ပွဲဘက်ရောက်သွားတယ်။တစ်ခြားဝိုင်းတွေကလဲ တီးတိုးတီးတိုးနဲ့ ပြောနေကြတာပါပဲ။ ဟိုပါတီ ဒီပါတီ စသဖြင့်ပေါ့လေ…

အဲဒါနဲ့ မြေကြွက်က `intro, မင်း ဘယ်ပါတီ ကြိုက်လဲ´

`ငါလား၊ အင်း ချပါတီပဲ ကြိုက်တယ်၊ စားရင်ဗိုက်ဝတယ်ဟ၊ ဟီးဟီး´

`အာ၊ ဒီကောင် အကောင်းမေးနေတာ၊ ရွေးကောက်ပွဲကျရင် မဲထည့်ရမှာ၊ မထည့်လို့လဲ မရဘူး၊ ပြသနာ တတ်လိမ့်မယ်နော်´

`အေး၊ ငါကြားတာကတော့ ငွေဒဏ်ရော၊ ထောင်ဒဏ်ရောဆိုပဲ၊ ဟုတ်လား၊ ဒါထက် မင်းရော ဘယ်ပါတီထည့်မှာလဲ´

`အေး၊ ငါကတော့ ဟိုရောက်မှပဲ စိတ်ကူးပေါ်တာ လုပ်လိုက်တော့မယ်ကွာ၊ ဒါထက် မင်းသိလား၊ ဒီရွေးကောက်ပွဲကြောင့် ငါ့အဒေါ်ဆိုင် က အိုကေ စိုပြေနေတယ်ကွ၊ တစ်နေ့တစ်နေ့ ဟိုပါတီက မိတ္တူလာကူးလိုက်၊ ဒီပါတီက မိတ္တူလာကူးလိုက်နဲ့၊ ဒီတစ်လထဲနဲ့ ငါ့အဒေါ် သူဌေးဖြစ်သွားနိုင်တယ်ကွ၊ ဟီးဟီး´

ဟုတ်တော့ဟုတ်သည်။ မြေကြွက်အဒေါ်က ကွန်ပျူတာ စာစီစာရိုက်နဲ့ မိတ္တူဆိုင်ဖွင့်ထားသည်။ ကျွန်တော်တို့ ထိုင်နေသော လက်ဖက်ရည်ဆိုင်က ကြည့်လျှင် သူ့အဒေါ်ဆိုင်ကို မြင်ရသည်။ လူကတော့ အများသား၊ သူ့အဒေါ် စီးပွားရေး ဖြောင့်နေတယ်ထင်သည်။ သူ့အဒေါ်ဆိုင်က မိတ္တူကူးခ သက်သာသည်မို့ ဒီနားပတ်ဝန်းကျင်ကတော့ များများကူးချင်ရင် မြေကြွက် အဒေါ်ဆီမှာပဲ သွားသွားကူးကြတာ များသည်။ ဒီရက်ပိုင်းအတွင်း သူ့အဒေါ်မိတ္တူဆိုင် အလုပ်ဖြစ်နေတာကတော့ အသေအချာပင်။

`ဟဲ့၊ နင်စားလို့သောက်လို့ မပြီးသေးဘူးလား၊ ငါဒီမှာ မိတ္တူကူးဖို့ စက္ကူပြတ်သွားလို့ သွားဝယ်ပေးစမ်းပါဦး´

`ဗျာ.. ဟုတ်၊ ခဏလေးနော်၊ ကဲ intro ရေ၊ ချစ်မငြီးတဲ့ ဒေါ်ဒေါ်ကြီးက အခေါ်တော်ပါးလိုက်တဲ့ အတွက် ငါ ဒိုးရတော့မယ်ကွယ်၊ ဟဲဟဲ.. သွားပြီနော်´

`ဟေ့ကောင်နေဦးလေ၊ ဒီမှာ ရှင်းသွားဦးလေ´

`အချိန်က စက္ကန့်နဲ့အမျှ အရေးကြီးနေလို့ ငါ့ရဲ့ချစ်မငြီးတဲ့ ဒေါ်ဒေါ်ကြီး အငြိုငြင် မခံနိုင်လို့ ငါ ဒိုးပြီဟေ့၊ မင်းပဲ ရှင်း၊ မင်းပဲရှင်းလိုက်တော့ intro ရေ´

`ဟေ´

About intro

Lionel Intro has written 156 post in this blog.

အသက်က (၂၁)၊ ဖြစ်ချင်တာက Software Developer ဖြစ်နေတာက မိုးလင်းမိုးချုပ် Game ကစားနေတတ်တဲ့ Gamer!

Related posts:

  1. intro တို့ရဲ့ ရေဒုက္ခ ဝေဒနာ
  2. အိမ်သာခွက်ထဲမှာလည်း မင်းမျက်နှာကို မတွေ့ခဲ့ရပါလား အချစ်ရယ်
  3. အမှိုက်ထဲမှ စိတ်ဓါတ်များ
  4. NLD ဗဟိုကော်မတီဝင်အချို့စုစည်း၍ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် ပါတီထောင်မည်
  5. မန္တလေးမြို့ရှိ ရပ်ကွက်အသီးသီးတွင် မိုးခေါ်လွန်ဆွဲပွဲများပြုလုပ်