အပိုင်း(၅)

         ထို့ကြောင့် ပိဋကတ်စာပေများကို လေ့လာရန် ပြင်ဆင်ရပါသည်။ ပြင်ဆင်ရာ၌လည်း ဘုရားဟောတိုက်ရိုက်ကိုလေ့လာမည်။ အဋ္ဌကထာ၊ ဋီကာများကို နောက်ထားမည်။ ပါဠိတော်၌လည်း ပါဠိပိဋကတ်ပါဋိတော်ကို လေ့လာလျှင် စကားလုံးနက်ပြဿသနာ၊ အသွားအလာပြဿသနာ၊ အမိ ဘာသာမဟုတ်၍ နှေးကွေးမှုပြဿနာ အစစများရှုပ်သည်။ မြန်မာပြန် ပိဋ ကတ်များကို မူထား၍ ပါဠိပိဋကတ်ကို အကူထားမည် ဤသို့ ဆုံးဖြတ်လေ့ လာပါသည်။ လေ့လာသောအခါ မြတ်စွာဘုရားသည် တပည့်တော်များ နား မလည်နိုင်သော ပုဂ္ဂိုလ်ဖြစ်၍နေသည်ကို ကွဲကွဲပြားပြားသိလာရပါသည်။ ဇာတ်နိပတ်နှင့် ဓမ္မအဘိဓမ္မာများ၌ မြတ်စွာဘုရား၏ ဝိသေသလက္ခဏာကို နားလည်၍မရနိုင်အောင် ဖြစ်ရပါသည်။ တမျိုးတဖုံစီ ကွဲပြားအောင် ခြားနား နေသကဲ့သို့ တွေ့ရပါသည်။

         မြတ်စွာဘုရား၏ ဘဝအမြင်၊ လောကအမြင်များသည်လည်း တပည့် တော်များ နားလည်၍မရနိုင်အောင် ဖြစ်နေခဲ့ကြပါသည်။ တပည့်တော်တို့ သည် လောကိုမြင်ရာ၌၊ လောကသည် မမြဲဟု မှတ်သားထားခဲ့ကြပါသည်။ မြတ်စွာဘုရားသည် လောကို မမြဲဟု မယူကြောင်း ဟောကြားခဲ့ပါသည်။ မြဲဟု ယူသလော ဆိုသောအခါ၌လည်း မြတ်စွာဘုရားသည် လောကကို မြဲသည်ဟု မယူကြောင်း ဟောကြားခဲ့ပါသည်။ ထို့ပြင်လည်း တပည့်တော်တို့ သည် သတ္တဝါသေပြီးနောက် ဖြစ်မည်ဟုယူဆသော်လည်း မြတ်စွာဘုရား သည် သတ္တဝါသေပြီးနောက် ဖြစ်မည်ဟုမယူကြောင်း ဟောကြားခဲ့ပါသည်။ တပည့်တော်တို့အမြင်၌ တရားပြီးဆုံးသူများ သေပြီးနောက် နိဗ္ဗာန်ရောက် မည်။ ဘာမျှမဖြစ်တော့ဟုယူသော်လည်း မြတ်စွာဘုရားသည် မယူကြောင်း ဟောကြားခဲ့ပါသည်။

         ထို့ကြောင့် တပည့်တော်တို့၏ လောကအမြင်နှင့် မြတ်စွာဘုရား၏ လောကအမြင် မတူပါ။ တပည့်တော်တို့၏ ဘဝအမြင်နှင့် မြတ်စွာဘုရား၏ ဘဝအမြင်လည်း မတူပါ။ ဤသို့ မြတ်စွာဘုရားနှင့် အမြင်ကွဲပြားနေခြင်းသည် မသင့်မြတ်ဟု တပည့်တော်တို့ထင်ပါသည်။ မြတ်စွာဘုရားနှင့် အမြင်ကွဲပြား နေခြင်းသည် မြတ်စွဘုရားကို မဖူးမြင်နိုင်ခြင်းပင် ဖြစ်သည်ဟု တပည့်တော် များ ထင်မှတ်ပါသည်။ မြတ်စွာဘုရားနှင့် တပည့်တော်များ ဤမျှ အမြင်ကွဲ ပြားနေသောကြောင့် မြတ်စွာဘုရားဟောကြားချက်များကို တပည့်တော်များ နားလည်နိုင်လောက်သော အခြေအနေမရှိခြင်းဖြစ်ကြောင်း သဘောပေါက် မှတ်ယူရပါသည်။ ထို့ကြောင့် ဤအမြင်ကွာဟချက် ဖျောက်ဖျက်နိုင်ရန် တပည့်တော်တို့ ဦးတည်လိုက်ပါသည်။

         မြတ်စွာဘုရားကဲ့သို့ လောကကြီး မြဲလည်း မယူ၊ မမြဲလည်း မယူ၊ သေပြီးနောက် ဖြစ်သည်လည်း မယူ၊ မဖြစ်လည်း မယူသော အမြင်ဖြစ်ရန် သုံးသပ်ရပါသည်။ တပည့်တော်တို့သည် သေပြီးနောက်ဖြစ်သည်၊ တရားပြီး ဆုံးသူ သေပြီးနောက်မူ မဖြစ်၊ ရုပ်နာမ်ခန္ဓာလောကသည် မမြဲ၊ နိဗ္ဗာန်သည် သာ မြဲသည် ဤသို့ မြင်နေခဲ့ကြပါသည်။ ဤအမြင်ကို ဖျောက်နိုင်ရန်ဖြစ်ပါ သည်။ သတ္တဝါသေပြီးနောက် ဖြစ်သလောဟူသော အမေး၌ မြတ်စွာဘုရား တားမြစ်သည်။ အဘယ့်ကြောင့် တားမြစ်ရသနည်း။ အမေးမှားလျှင် တားနိုင် သည်။ အမေးမှားသလော၊ ဖြစ်သလောဟူသော ကြိယာမှ ထိုင်၍ ထွက်ကြည့်ပါသည်။ ဖြစ်လောဟူသော မေးရာ၌ အဘယ်အခါ ဖြစ်သလော ဟု မေးသနည်း။ သေပြီးသော နောက်အခါ၌ ဖြစ်သလောဟု မေးခြင်းဖြစ် သည်။ ဤအမေးတွင် သေပြီးနောက်ဟူရာ၌ သတ္တဝါသေခြင်းမရှိလျှင်၊ သေပြီးနောက် ဖြစ်သလောဟူသော အမေး၏ အဖြေလည်း အတားမြစ်ခံရ နိုင်ပါသည်။

         ထို့ကြောင့် သတ္တဝါ သေသလောဟူသော ပြဿနာကို စီစစ်ရပြန်ပါ သည်။ သေသလော ကြိယာ၏ ကတ္တားဖြစ်သော သတ္တဝါမရှိလျှင်လည်း သေ သလောဟူသော အမေးလည်း အတားမြစ်ခံရနိုင်ပြန်ပါသည်။ နောက်ဆုံး၌ သတ္တဝါဟူသည် အဘယ်နည်းဟူသော ပြဿနာ၌ ဆိုက်လာပါသည်။ သတ္တဝါသည် ခန္ဓာပဉ္စက၏ အမည်ဖြစ်သည်။ ခန္ဓာပဉ္စကသည် အဘယ်နည်း ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်သည် အဘယ့်ကြောင့် ခန္ဓာဖြစ်ရသ နည်း။ ဝေဒနာ၊ သညာ စသည်များသည် တချိန်၌ တစ်ခုတည်းသာဖြစ်လျှက် ဘယ်သို့ အစုအပုံဖြစ်သနည်း။ စိတ်လည်း ဤနည်းပင် တခုယုတ် ကိုးဆယ်ရှိသော်လည်း တခါဖြစ်လျှင် တစ်ခုသာဖြစ်လျှက် အဘယ်သို့ စုသ နည်း။ အတိတ်ဝေဒနာ၊ သညာ၊ စသည်သည် အတိတ်မှာပင် ချန်ခဲ့ပြီ။ ပစ္စုပ္ပန်ဝေဒနာ၊ သညာနှင့် အဘယ်သို့ စုသနည်း။ စသည်အားဖြင့် ရုပ်၊ ဝေဒနာ၊ သညာ စသည်များ ခန္ဓာလုပ်မရ ဖြစ်ရပါသည်။

         ဆက်လက်ဆင်ခြင်သောအခါ ဖြစ်ဆဲရုပ်၊ ဝေဒနာ၊ သညာ စသည်သည် မဖြစ်မှီ်ရှုထောင့်မှကြည့်လျှင် အနာဂတ်၊ ဖြစ်ဆဲရှုထောင့်မှ ကြည့်လျှင် ပစ္စုပ္ပန်၊ ဖြစ်ပြီးရှုထောင့်မှကြည့်လျှင် အတိတ်၊ တစ်ခုတည်းသော ရုပ်၊ ဝေဒနာ၊ သညာ စသည်၌ပင် ကာလသုံးပါး စုဝေးလျှက်ရှိပါတကား။ အနီး အဝေး၊ အတွင်း အပြင်လည်း ဤနည်းပင် ရုပ်၊ ဝေဒနာ၊ သညာ စသည် တစ်ခုခုသည် ဝေးသောအရာကိုထောက်လျှင် အနီး၊ နီးသောအရာကို ထောက်လျှင် အဝေး၊ အတွင်းကျသောအရာကိုထောက်လျှင် အပြင်၊ အပြင်ကျသောအရာကိုထောက်လျှင် အတွင်း ဤသို့ပင် တစ်ခုတည်းသော ရုပ်၊ ဝေဒနာ၊ သညာ စသည်၌ပင် ဆန့်ကျင်ဘက်အရာများဖြစ်သော အနီး၊ အဝေး၊ အတွင်း အပြင်များ စုဝေးလျှက်ပါတကား။ ကြမ်းနု၊ ယုတ်မြတ်၌ လည်း ဤနည်းပင်။

         ဤသို့ သဘာဝတစ်ခု၌ တစ်ဆယ့်တထွေသော အခြေအနေများ စုဝေးနေကြသည်။ ဤတစ်ဆယ့်တထွေသည်လည်း ချုံလိုက်လျှင် အချိန်ကာလပြ အခြေအနေ၊ နေရာဌာနပြ အခြေအနေ၊ ပြုပြင်ဖြစ်ပွားမှု ပယောဂပြ အခြေအနေဟူ၍ သုံးပါးသာရှိကြောင်း ဆက်၍ထင်မြင်ပါသည်။ ဤအတွေးများမှာ တပည့်တော်များ တွေးမိတွေးရာ ရှောက်၍တွေးနေခြင်း များသာဖြစ်ပါသည်။ ဆက်၍လည်း မဆုံးနိုင်အောင် တွေးပြန်ပါသေးသည်။ ရုပ်၊ ဝေဒနာ၊ သညာ စသည်တို့၏ ခန္ဓအဖြစ် အခြေအနေ၊ ကာလ၊ ဌာန၊ ပယောဂနှင့် ရုပ်၊ ဝေဒနာ၊ သညာ စသည်တို့၏ လက္ခဏာဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ အစပ်အဟပ်များ ရှိသလောဟူ၍ ဖြစ်ပါသည်။ အနိစ္စ မမြဲဟူ သည် အချိန်ကာလနှင့်စပ်သော စကားဖြစ်သည်။ ဒုက္ခ ဆင်းရဲဟူသည်လည်း ပြုပြင်မှု ပယောဂနှင့်စပ်သော စကားဖြစ်သည်။ အနတ္တ အနှစ်သာရမရှိဟူ သည်လည်း နေရာဌာနနှင့်စပ်သော စကားဖြစ်သည်။

         အနိစ္စ မမြဲဟူသည် အချိန်မရှိမှဖြစ်မည်၊ ရှိလျှင် ရှိသောအချိန်၏ တစ်ဝက်နှင့်စာက မြဲနေဦးမည်၊ ထို့ကြောင့် အနိစ္စဟူသည် အချိန်ကိုငြင်းဆို ချက်ဖြစ်ရမည်။ ဒုက္ခ ဆင်းရဲဟူသည်လည်း ပယောဂမရှိမှ ဖြစ်မည်၊ ရှိလျှင် ရှိသောပယောဂထက် ဆင်းရဲသည်ထက်စာ၍ ချမ်းသာနေဦးမည်၊ ထို့ကြောင့် ဒုက္ခဟူသည် ပယောဂကိုငြင်းဆိုသော စကားဖြစ်မည်။ အနတ္တ သာရမရှိဟူ သည်လည်း သာရတည်ရာဌာန မရှိမှဖြစ်မည်၊ ရှိလျှင် ရှိသောအထည်ကို ထောက်ပြီး တည်ရာဌာနများ ထွက်နေဦးမည်။ ထို့ကြောင့် အနတ္တဟူသည် ဌာနကိုငြင်းဆိုသော စကားဖြစ်မည်။

         ဤသို့ တွေးမိသောအခါ မြတ်စွာဘုရားသည် ရုပ်၊ ဝေဒနာ၊ သညာ စသည်၌ ကာလ၊ ဌာန၊ ပယောဂများကို ငြင်းဆိုခဲ့သည်။ တပည့်တော်တို့ သည် ရုပ်၊ ဝေဒနာ၊ သညာ စသည်၌ ကာလ၊ ဌာန၊ ပယောဂများကို လက်ခံခဲ သည်။ အဘယ်သို့နည်းဟူ၍လည်း ဖြစ်ပြန်ပါသည်။ ထို့ကြောင့် ရုပ်၊ ဝေဒနာ၊ သညာ စသည်များ၌ ကာလ၊ ဌာန၊ ပယောဂ ရှိ မရှိ သိနိုင်ရန် ထိုရုပ်၊ ဝေဒနာ သညာ စသည်ကို လေ့လာရပါသည်။

           စေ့စေ့ငုငု ဆင်ခြင်သုံးသပ်နိုင်ကြပါစေ။ ဆက်လက်၍လည်း……………………

 

 

မောင်မိုးပြာ

About မောင်မိုးပြာ

has written 14 post in this Website..