သတ်သူနှင့် စားသူ အပြစ်အတူတူပဲလား?
|192- Hits|
သတ်သူနှင့် စားသူ အပြစ်အတူတူပဲလား?
9 diamond ရေ…ဒကာမေးတာက ဘုရားရှင်က အသက်မသတ်ဖို့တော့ ပညတ်ပြီး အသားကြတော့ ဘာလို့စားရတာလဲ၊ ဗုဒ္ဒဘာသာဝင်တွေကလည်း ဘာလို့အသားစားကြရတာလဲလို့ မေးထားတယ်နော်။ (ဒကာကို ဘာသာခြားတွေက အဲလိုလာမေး မဖြေနိုင်လို့ ဦးဇင်းကို ပြန်မေးတယ်ဆိုတဲ့ သဘောနော်၊ ကွန့်မန့်ပေးသူတွေ ဆဲမနေကြနှင့်ဦး။)
“ဒကာကို မေးတဲ့ဘာသာခြားက တော်တော်ယဉ်ကျေးတဲ့ ဘာသာခြားဖြစ်ဟန်တူပါတယ်။ ဒါကြောင့် စကားလုံးကို အခုလို အမေးသဘောလေးပြောလိုက်တာ။ တကယ်က သူဆိုလိုချင်တာက “၀ယ်စားတဲ့သူရှိလို့ သတ်ရောင်းတဲ့သူရှိနေတာ ဒါကြောင့် သတ်သူနှင့် ၀ယ်စားသူ အပြစ်က အတူတူရှိတာပဲ´´လို့ ဆိုလိုချင်တာပါ။ ဦးဇင်းလဲ ဒီမေးခွန်းကို ခဏခဏမေးခံခဲ့ရဘူးပါတယ်။
ဦးဇင်း ဒကာနားလည်လွယ်မဲ့ အရပ်ပြောနဲ့ပဲ ရှင်းပြပေးပါ့မယ်။ ဒကာရဲ့ ဘုရားကသူများကပ်လှုတာကို ဘုဉ်းပေးတော်မူတာပါ။ ကိုယ်တိုင်ဝယ်စားတာ ချက်ပြုတ်စားတာ မဟုတ်ပါဘူး။ နောက်တစ်ခုက ဘုရားရှင်က သူဘာကြိုက်တတ်တယ်လို့ ဒကာဒကာမတွေကို ပြောထားတာလဲမရှိပါဘူး။
များသောအားဖြင့်တော့ ဘုရားရှင်ကို ဆွမ်းကပ်ကြတာကလည်း အရိယာတွေများတာမို့ ဘုရားရှင်ကိုကပ်ကြတဲ့ အသားတွက ပံ့သုကူသားတွေပါ။ ဘုရားရှင်ကို ကပ်လှုဖို့အတွက် တမင်တကာ သတ်ဖြတ်ပြီး ချက်ပြုတ်ထားတဲ့ အသားမဟုတ်ပါဘူး။ ကောင်းကောင်းမွန်ချက်ပြုတ်ကပ်ကြတယ်ဆိုရင်လည်း နို့ဃနာဆွမ်း ထောပတ်ဆွမ်းက (အခုခေတ်လိုဆိုရင် သတ်သတ်လွတ် ဒံပေါက်ဆွမ်း) များတာပါ။ အသားဟင်းတွေ ကပ်လှုတဲ့သူလည်း ရှားပါတယ်။ နောင်တစ်ချိန် ဒကာဘာသာရေးစာပေတွေ ဖတ်ရှု့လေ့လာတဲ့ အခါမှာတွေ့ပါလိမ့်မယ်။
ဒါကတော့ ထားပါတော့ အကြုံမ၀င်ပါဘူး။ ဘုရားရှင်အသားစားတယ်ဆိုလို့ အသားစားတာ များတယ်ထင်မှာမို့ ပြောပြတဲ့ သဘောပါ။ ဒီပြဿနာက ဘုရားသက်တော်ထင်ရှားရှိစဉ်ကထဲက ဖြစ်ခဲ့တာပြဿနာပါ အဖြေတွေလဲ ပေးခဲ့ကြပြီးသားပါပဲ အမှုမဲ့အမှတ်မဲ့နေကြလို့ မသိကြတာပါ။
ဒီတစ်ခါတုန်းက သမားတော်ကြီးဇီဝက.က “ရှင်တော်ဘုရားကို ရည်မှန်းပြီး အကြောင်းပြုပြီး သတ်အပ်သော အသားကို ရှင်တော်ဘုရားက သိလျက်စား၏လို့ တိတ္ထိတွေ ပြောနေကြတဲ့ စကားများဟာ မှန်ပါသလားဘုရား´´လို့ လျှောက်ထားတယ်။
“ဇီဝက (ငါ့ကိုကပ်လှုဖို့ သတ်သည်ဟု) မြင်အပ် ကြားအပ် ယုံမှားအပ်သော အသားကို မစားကောင်းဟု ငါဘုရားဟောကြားထား၏´´
“ဇီဝက (ငါ့ကိုကပ်လှုဖို့ သတ်သည်ဟု) မမြင်အပ် မကြားအပ် မယုံမှားအပ်သော အသားကို စားကောင်းသည်ဟု ငါဘုရားဟောကြား၏´´လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဘုရားရှင်ရဲ့ဆိုလိုရင်းက ရဟန်းတော်များဟာ “ကိုယ့်ရှေ့မှာ သတ်အပ်တဲ့အသားကို မစားရပါဘူး။ ဦးဇင်း(..)ကို ကပ်လှုဖို့ သတ်နေတာလေလို့ ပြောစကားကို ကြားရရင်လည်း အဲဒီအသားကို မစားရပါဘူး။ နောက်ပြီးတော့ ဒီတိရိစ္ဆာန်ဟာ ငါ့ကိုကပ်လှုဖို့ အသတ်ခံလိုက်ရတာလားလို့ သံသယဖြစ်မိရင်လည်း မစားရပါဘူး´´ လို့ ဆိုလိုတာပါ။
(အကယ်၍ ဆိုခဲ့တဲ့သုံးခုထဲက တစ်ခုခုဖြစ်နေရဲ့သားနှင့် စားခဲ့လျှင် အာပတ်သင့်ပါသည်။ သို့သော် ထိုသင့်သောအာပတ်သည် အသက်သတ်လို့ သင့်သောအာပါတ်မဟုတ်၊ သိလျက်နှင့်မစားရဟူသော သိက္ခာပုဒ်တော်ကို ကျူးလွန်ခြင်းကြောင့်သာ သင့်တဲ့အာပါတ်ဖြစ်ပါတယ်)
“ဇီဝက အကြင်ရဟန်းသည် မေတ္တာအမြဲပွားနေ၏။ ထိုရဟန်းကို ဒါယကာတစ်ယောက်က အိမ်ကိုပင့်၍ သားပြွမ်းဆွမ်းကို ကပ်လှု၏၊ ထိုရဟန်းက “ငါ့အားသားပြွမ်းဆွမ်းကို ကပ်လှုပါမူ ကောင်းလေစွ´´ဟု တောင်းတခြင်းမဖြစ်ခဲ့။ “နောင်အခါတွင်လည်း ဤကဲ့သို့သော သားပြွမ်းဆွမ်းကို ကပ်ပါမူကောင်းလေးစွ´´ဟု မျှော်လင့်တောင်းတမှုလည်း မဖြစ်ခဲ့။ ပစ္စ၀က္ခဏာ ဆင်ခြင်၍စား၏။ ထိုရဟန်းကို မေတ္တာဖြင့် အမြဲနေသောရဟန်းဟူ၍ ခေါ်ဆိုအပ်၏´´လို့ ဆက်လက်မိန့်ကြားခဲ့ပါတယ်။
ပါဏာတိပါတကံထိုက်တယ်ဆိုတာက “ကိုယ်တိုင်မသတ်ပေမဲ့ (ကိုယ်အမူအရာနှင့်ပဲံဖြစ်ဖြစ် နှုတ်အမူအရာနှင့် ပဲဖြစ်ဖြစ်) ဟေ့ကောင်မင်းအဲဒါကို သတ်လိုက်စမ်းလို့ စေခိုင်းခဲ့ရင်၊ သူ့ကိုသတ်ဖို့ အားပေးအားမြှောက် ပြုခဲ့ရင်၊ သူ့ဘာသာသတ်နေတာကို ကိုယ်ကမြင်ပြီး ၀မ်းသာမိခဲ့ရင်၊ သူတစ်ပါးက အသက်သတ်နေတာကို ကိုယ်ကမြင်ရတွေ့ရတယ်၊ ပြီးတော့ မသတ်ဖို့တားမြစ်နိုင်တဲ့ အနေအထားရှိရဲ့သားနဲ့ မတားမြစ်ခဲ့ဘူးဆိုရင် နှစ်ဦးစလုံး ပါဏာတိပါတကံထိုက်ပါတယ်´´
(တွေးကြည့်ပေါ့။ ဘုရားရှင်နှင့် ရဟန်းတော်များ ဘုဉ်းပေးတဲ့အသားက ဆိုခဲ့တဲ့ အင်္ဂါတွေက ဘယ်ဟာနဲ့ငြိစွန်းမှု မရှိဘူးလဲ ရှိသလဲဆိုတာ)
တကယ်တော့ ကတ်ကတ်သတ်သတ်တွေးလို့သာ စားသူရှိလို့ သတ်သူရှိတာလို့ တွေးမိကြတာပါ။ သေချာပြန်တွေးကြည့်စမ်းပါ။ ၀က်သတ်သူကလည်း နေ့တိုင်းဝက်ကို သတ်ရိုးသတ်စဉ် သတ်နေတာပါပဲ။ ကြက်သတ်သူကလည်း နေ့တိုင်းသတ်ရိုးသတ်စဉ် သတ်နေတာပါပဲ။ နွားသတ်သူ ဆိတ်သတ်သူ ငါးသတ်သူ စသဖြင့်ပေါ့လေ သူတို့ဘာသာ သတ်ရိုးသတ်စဉ်သတ်နေကြတာပါ။
ဝယ်စားသူကတော့ မနက်ဖြန်ငါတော့ ဘာဝယ်စားမယ်လို့ ကြိုတင်ပြီးပြောမထားပါဘူး။ အဲဒီလို တွေးလိုက်ရင် ၀ယ်စားသူရှိလို့ သတ်သူရှိတာဆိုတဲ့စကားဟာ ဘာမှကိုအဓိပါယ်မရှိတော့ပါဘူး။
လူအများကြီးကို ကျွေးစရာမွေးစရာရှိလို့ အသားသတ်ရောင်းတဲ့သူဆီကို မနက်ဖြန် အသားဘယ်လောက်လိုချင်တယ် လို့ ကြိုမှာရင်တော့ နှစ်ဦးစလုံးအပြစ်ရှိပါတယ်။ ကြိုမှာမထားပဲ ဈေးထဲမှာ သူတို့ဘာသာ သတ်ရိုးသတ်စဉ် သတ်ရောင်းတဲ့ အသားကို ၀ယ်ပြီးစားရင် ဘာမှမဖြစ်ပါဘူး။
ဘုရားရှင်ဆိုတာက သူများကပ်လှုတာကိုပဲ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘုဉ်းပေးတော်မူတာပါပဲ။ ဝေရဉ္ဖာပြည်ဝါကပ်စဉ်ကဆိုရင် မြင်းစာမုယောစပါးတွေကိုတောင် ဘုဉ်းပေးတာကို တွေးကြည့်ပါ။ ဘုရားရှင်ဟာ အစားအသောက်နဲ့ ပတ်သက်ရင် မကောင်းဘူးကောင်းတယ် ဘယ်လိုဟင်းမှထမင်းမှ ငါဘုရားဘုဉ်းပေးတယ်လို့ တစ်ခါမှကို မပြောခဲ့ဘူးပါဘူး။
တကယ်တော့ ဘုရားရှင်ကို အပြစ်ရှာတာ ရှာမတွေ့လို့ ပြောမိရာပြောရာ ပြောကြတဲ့စကားပါ။ ဘာမှအရေးစိုက်နေစရာမလိုပါဘူး။
ဘုရားရှင်အစရှိတဲ့ သူတော်ကောင်းမထေရ်ကြီးတို့ဟာ ဓမ္မိယလာဘ်ကိုသာ ခံယူသုံးဆောင်မူကြတာပါ။ အဓမ္မိယလာဘ် ကို ခံယူသုံးဆောင်ခြင်း မပြုကြပါဘူး။ အသားဟင်းမပြောနဲ့ အဓမ္မိယလာဘ်ဖြစ်နေရင် နို့ဃနာဆွမ်းတောင် ဘုဉ်းပေး တော်မမူပါဘူး။
အများလဲကြားဘူပြီးသား ဖြစ်မှာပါ။ အရှင်သာရိပုတ္တရာ လေနာရောဂါဖြစ်တော့ အရှင်မောဂ္ဂလာန်က ဘာစားရင်ပျောက်မှာလဲမေးတော့ “ငယ်တုန်းကတော့ ရေမရောတဲ့ နို့ဃနာဆွမ်းကို စားလိုက်ရင် ပျောက်သွားတာ ပဲ´´လို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။ (ပြန်ပြောတဲ့စကားကို သေချာဖတ်ပြီး တွေးကြည့်ပါ။ ဘယ်လောက်အပြစ်ကင်းတဲ့ စကားလဲဆိုတာ)
ဒါကို အနားကသစ်ပင်က ရုက္ခစိုးကကြားတော့ အရှင်မောဂ္ဂလာန်ရဲ့ ဆွမ်းခံအိမ်က လူတစ်ယောက်ကို ရောဂါဖြစ်အောင်လုပ်ပြီး ဒီရောဂါပျောက်ချင်ရင် မနက်ကျရင် အရှင်မြတ်ကို ရေမရောတဲ့ နို့ဃနာဆွမ်းလောင်း လှုရမယ်လို့ ပြောလိုက်ပါတယ်။
နောက်နေ့အရှင်မောဂ္ဂလာန်ကြွလာတော့ လောင်းလှုလိုက်တယ်။ အရှင်မောဂ္ဂလာန်က အရှင်သာရိပုတ္တရာကို ဆက်ကပ်တော့ အရှင်သာရိပုတ္တရာက သံသယဖြစ်လို့ ဆင်ခြင်ကြည့်တော့ ရုက္ခစိုးလုပ်ထားတာကိုမြင်တော့ လေနာရောဂါကြောင့် ဗိုက်ထဲကအူတွေအခွေလိုက် ပါးစပ်ကနေထွက်ကျသွားပါစေ ဒါမျိုးမတရားသဖြင့်ရတဲ့ ဆွမ်းကိုတော့ မဘုဉ်းပေးဘူးဆိုပြီး သွန်းပစ်လိုက်ပါတယ်။
ဘုရားအမှုးရှိတဲ့ အရှင်မြတ်ကြီးတွေဟာ အပြစ်မကင်းတဲ့ အလုပ်ကိုမလုပ်ကြသလို အပြစ်မကင်းတဲ့ အစားသောက်ကိုလည်း မစားသောက်ကြပါဘူး။ အသားဟင်းမပြောနဲ့ အပြစ်မကင်းရင် သတ်သတ်လွတ်လဲ မစားကြပါဘူး။ အသားဟင်းဆိုရင်တော့ ဆိုဖွယ်ရာမရှိတော့ပါဘူး။ “ဦးဇင်းတို့ဘုရားက အသားကြိုက်တဲ့ ဘုရားမဟုတ်ပါဘူး။ ကပ်လှုတာကို စားတဲ့ဘုရားရှင်ပါ။´´
ဒါကြောင့် ဦးဇင်းပြောချင်တာက စားသူရှိလို့ သတ်သူရှိတယ်ဆိုတာ အပိန်အဖျင်းစကားပါ။ စားသူမရှိလည်း သတ်သူတွေရှိနေတာပါပဲ။ မယုံရင် မှုခင်းဂျာနယ်တွေဖတ်ကြည့်ပေါ့။
(စာကို သေသေချာဖတ်ပြီး သဘောတရားတွေကို သေချာခြုံငုံပြီး စဉ်းစားကြည့်ပါ)
ဒီတော့ ဒီပြဿနာကရှင်းလောက်ပြီ နားလည်လောက်ပြီလို့ ထင်ပါတယ်။ မရှင်းသေးဘူးဆိုရင်လည်း ထပ်ပြန်ပြီးမေးပေါ့။
Related posts:


အရှင်ဘုရား….
မရှိတာထက် မသိတာခက် မသိချင်ယောင်ဆောင်တာ ပိုခက်တယ်ဆိုတဲ့ စကားလို ကိုယ့်ကိုယ်ကိုယ် လိမ်နေကြ၍ အချိ့အရာများ ရှင်းရှင်းလေးနှင့် ရှုပ်ရပါသည်။ ဘုရားပညတ်ခဲ့တာ မြင်ကြားသံသယ သုံးပါးသော အသားကို မစားရ၊ အဲဒါတွေနဲ့ တကယ်ညီသလား ကိုယ့်စိတ်ကိုယ် အသိဆုံးဖြစ်ပါမည်။ မမြင်တာလား မမြင်ချင်ယောင်ဆောင်တာလား၊ မကြားတာလား မကြားချင်ယောင် ဆောင်တာလား၊ မသိတာလား မသိချင်ယောင်ဆောင်တာလား၊ ကာယကံရှင်များသာ အသိဆုံးဖြစ်ပါသည်။ ဘုရားမိန့်ထားတဲ့ စည်းကမ်းများနဲ့ အတတ်နိုင်ဆုံး ညီအောင်နေရင် သာသနာ့ဘောင်ဝင်ဖို့ဆိုတာ မလွယ်လွန်းလို့ လျော့ပေးရင်းနဲ့ ယနေ့အခြေအနေ ဆိုက်ကုန်ပါသည်။
“ကိုယ်တိုင်မသတ်ပေမဲ့ မသတ်ဖို့တားမြစ်နိုင်တဲ့ အနေအထားရှိရဲ့သားနဲ့ မတားမြစ်ခဲ့ဘူးဆိုရင် နှစ်ဦးစလုံး ပါဏာတိပါတကံထိုက်ပါတယ်”
အထက်ပါ အရှင်ဘုရား စာအရဆိုလျင် အတော်ရှင်းပါသည်၊ မသိမမြင်မကြားယုံမျှနှင် မလုံလောက်ဘဲ ကိုယ်တိုင်လည်းအားထုတ်မှု ပါရမည်ဟုနားလည်ပါသည်။ လက်တွေ့တွင်မူ ထိုသို့တားသော ဘုန်းကြီးများ ဆွမ်းငတ်သည်များသောကြောင့်၊ ပဓါနကျသည့် ဝိနည်းသိက္ခာပုဒ်လည်း မဟုတ်သည့်အတွက် မသိကျိုးကျွံပြုရင်း အစဉ်အလာ ဖြစ်သွားပုံ ရပါသည်။
တဖက်မှ တွေးပြန်ရင် အသားမစားရ မဖြစ်နိုင်တဲ့ ခေတ်မှာ အပြစ်ပြောနေလို့ အကျိုးမရှိတာမို့ အရှိကိုအရှိအတိုင်း လက်ခံတာ အသင့်တော်ဆုံးဖြစ်ပါသည်၊သို့သော် အသင့်တော်ဆုံးသည် အကောင်းဆုံးမဟုတ်တာကိုတော့ သိထားရပါမည်။
Was this answer helpful?
LikeDislikeကိုကြောင်ကြီးပြောသလိုပါပဲ။ ”အသားမစားရ မဖြစ်နိုင်တဲ့ ခေတ်မှာ အပြစ်ပြောနေလို့ အကျိုးမရှိတာမို့ အရှိကိုအရှိအတိုင်း လက်ခံတာ အသင့်တော်ဆုံးဖြစ်ပါသည်၊” ဆိုတာလက်ခံသင့်ပါတယ်။ ဘုရားရှင်ဟော ခဲ့တာကလဲ ”မြင်သား၊ ကြားသား” လို့အဆိုရှိခဲ့တာမို့ပံ့သကူသား ( ဈေးမှာရောင်းသော အသေသား ) စားခြင်းဟာအပြစ်မများဘူးလို့ထင်ပါတယ်။ ကိုယ်ထိလက်ရောက်သတ်ရောင်းချသူများကိုတော့လဲ ဘာမှဝေဖန်စရာတော့မရှိပေမဲ့သူတို့လဲသူတို့ဘ၀ပေးအသက်မွေးဝမ်းကြောင်းမို့ အပြစ်များလဲသိပ်ပြီး မပြောချင်ပါဘူး။
Was this answer helpful?
LikeDislikeလျှောက်တင်ပါရစေဘုရား.
မြန်မာ့ဓလေ့ ရွာတွေမှာ ရှင်ပြုရဟန်းခံ ပြုလုပ်ကြတဲ့အခါ တစ်ရွာလုံးကို
မီးခိုးတိတ် ကျွေးလေ့ရှိပါတယ်ဘုရား။
အလှူအတွက်ဝက်သားကျွေးမယ်ဆို ဝက် တစ်ကောင် နှစ်ကောင် စသဖြင့်
ပေါ်ရပါသည်ဘုရား။
သံဃာတော်များကိုလည်း ဆွမ်းကပ်လှူကြပါသည်ဘုရား။
ထိုအလှူအကြောင်းကို ကောင်းစွာသိသော သံဃာတော်များမှာ
ထိုဆွမ်းကို လက်ခံဘုန်းပေးခြင်းကြောင့်အာပတ်သင့်ပါသလား ဘုရား။
အလှူအတွက် ဝက် သတ်ခြင်းကို တားမြစ်၍ရနိုင်သော်လည်း မတားမြစ်ဘဲ
အလှူဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီမှုများပင်တွေ့နေ ရပါသည်ဘုရား။
“သူ့ဘာသာသတ်နေတာကို ကိုယ်ကမြင်ပြီး ၀မ်းသာမိခဲ့ရင်၊ သူတစ်ပါးက အသက်သတ်နေတာကို ကိုယ်ကမြင်ရတွေ့ရတယ်၊ ပြီးတော့ မသတ်ဖို့တားမြစ်နိုင်တဲ့ အနေအထားရှိရဲ့သားနဲ့ မတားမြစ်ခဲ့ဘူးဆိုရင် နှစ်ဦးစလုံး ပါဏာတိပါတကံထိုက်ပါတယ်”
ထိုကိစ္စများသည် သံဃာတော်များ ထိမ်းသိမ်းပြုပြင်မှု ဆိုဆုံးမမှု နည်း၍ဖြစ်ခြင်းလော?
သိပင်သိသော်ငြားလည်း လာဘ်လာဘ ကို မျှော်ကိုး ကြခြင်းလော?
ဝိနည်းသိသဖြင့် “ဝိနည်းတတ် ကြက်သတ် ” လုပ်နေကြပါသလားဘုရား ?။
လူပရိတ်သာတ် ဒကာ ဒကာမ အလှူရှင်များ သဘောပေါက်အောင် သွန်သင်ဆုံးမ
ဟောပြောညွှန်ပြ ပြီး သန့်ရှင်းသော အများက ပြောစရာမရှိသော သာသနာ အဖြစ်
ထွန်းပစေချင်ပါသည်ဘုရား။
Was this answer helpful?
LikeDislikeအပေါ်ပိုဒ်က သံဃာတော်တွေ သူတို့ကပ်မယ်လို့ သတ်တာသိရဲ့နဲ့ စားတာမှန်ရင် အာပါတ်သင့်တယ်။
တားမြစ်နိုင်ရဲ့သားနဲ့ မတားမြစ်ပဲနေတာဆိုရင် သံဃာတော်တွေလဲ ပါဏာတိပါတထိုက်တယ် (သေချာပေါက် တား၇င်ရမယ်ဆိုမှနော်။ အထင်လောက်နဲ့ သွားမတားနဲ့ ကိုယ့်ပါ ဓားနဲ့ထိုးလွှတ်နေမယ်)
အထိန်းအသိမ်းနည်းတာလဲဖြစ်မယ် ထိန်းသိမ်းရဲ့သားနဲ့ လူတွေမလိုက်နာတာလဲဖြစ်မယ်
လာဘတ်ကိုမျှော်ကိုးတာလဲဖြစ်မယ်
ကြောက်ရတာဖြစ်မယ်
တကယ်တားမရလို့ လက်ပိုက်ကြည့်နေရတာလဲဖြစ်မယ်
ဝိနည်းတတ် ကြက်သတ်ကတော့ ဒီနေရာသုံးတဲ့စကားပုံမဟုတ်ဘူး
အဲဒါက ဥပဒေကို လက်တလုံးခြားလုပ်ပြီး ကျူးလွန်တဲ့နေရာမှာ သုံးတာ
Was this answer helpful?
LikeDislikeဒါမျိုးတရား များများဟောပါ ဘုရား
တပြည့်တော်တို့ ထေရ၀ါဒတွေ အဝေဖန်ခံနေရပါတယ် …
အမြင်မတော်တာတွေ့ရင်လဲ ၀င်ဖတ်ရုံပဲ ဖတ်မသွားပါနဲ့
နဲနဲပါးပါး ဆုံးမခဲ့ပါဦး …………
Was this answer helpful?
LikeDislikeဘုရားရှင်ရဲ့ဆိုလိုရင်းက ရဟန်းတော်များဟာ “ကိုယ့်ရှေ့မှာ သတ်အပ်တဲ့အသားကို မစားရပါဘူး။ ဦးဇင်း(..)ကို ကပ်လှုဖို့ သတ်နေတာလေလို့ ပြောစကားကို ကြားရရင်လည်း အဲဒီအသားကို မစားရပါဘူး။ နောက်ပြီးတော့ ဒီတိရိစ္ဆာန်ဟာ ငါ့ကိုကပ်လှုဖို့ အသတ်ခံလိုက်ရတာလားလို့ သံသယဖြစ်မိရင်လည်း မစားရပါဘူး´´ လို့ ဆိုလိုတာပါ။
ခုလို ဦးပဇင်းက လွယ်ကူရှင်းလင်းပေးထားပီမို့ 
နားလည်သဘောပေါက်လွယ်သွားပါပီ။
Was this answer helpful?
LikeDislike