ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခု A Passage to India
|594- Hits|
ဒီအပတ်ပိတ်ရက်မှာ ရုပ်ရှင်တစ်ကားကြည့်မိပါတယ်။ ဇာတ်ကားနံမည်က A Passage to India ပါ။ 1984 ခုနှစ်က ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ စကြည့်ကထဲက ကောင်းလိုက်တာလို့ စိတ်ထဲမှာခံစားလိုက်ရပါတယ်။ တစ်ကားလုံး စိတ်ဝင်တစားကြည့်မိပြီး ရုပ်ရှင်ပြီးတာတောင်မှ ၂ ရက်လောက် စိတ်ထဲစွဲနေမိတာမို့ ပြန်ပြီးရှယ်လိုက်ပါတယ်။
ဇာတ်ကားစစချင်းမှာ အင်္ဂလန်ကနေ သင်္ဘောစီးမယ့်အခန်းနဲ့စပါတယ်။ အင်္ဂလန်ကနေ ဘုံဘေမြို့ကို မိုင် ၅၀၀၀ သင်္ဘောစီးလာပြီး အိန္ဒိယမှာ တာဝန်ကျနေတဲ့ သားတစ်ယောက်ဆီလာလည်တဲ့ မိခင်ဖြစ်သူ Mrs. Moore နဲ့ ချွေးမလောင်း ကျောင်းအုပ်ဆရာမလေး Miss Adela Quested တို့ သင်္ဘောစီးလာပြီး ဘုံဘေဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့အခန်းမှာ အင်္ဂလိပ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုးတွေရဲ့ လူနေမှုအဆင့်အတန်းကို ထင်ဟပ်စေတဲ့ ရိုက်ကွင်းနဲ့ ပြထားပါတယ်။ ဘုံဘေကနေ မိုင်တစ်ထောင်ထပ်ဝေးတဲ့ Chandrapore မြို့ကို ထပ်သွားရသေးတယ်။ အဆင့်အတန်းမြင့်လှတဲ့ မီးရထားတွဲတွေနဲ့ စီးနင်းလိုက်ပါခဲ့တယ်။ မြို့ကိုရောက်တော့ ရုတ်ရုတ်သဲသဲ ကြိုဆိုနေကြပုံတွေက အံ့သြစရာပါပဲ။
Mrs. Moore ရဲ့သား Ronny Heaslop က အဲဒီမြို့ရဲ့ magistrate တရားသူကြီးတစ်ယောက်ဖြစ်ပါတယ်။ အဲဒီအချိန်က အင်္ဂလိပ်တွေ အိန္ဒိယကို အုပ်စိုးနေချိန်ဖြစ်ပါတယ်။ အဲဒီမြို့မှာ Dr. Aziz လို့ခေါ်တဲ့ အိန္ဒိယလူမျိုး မူဆလင်ကိုးကွယ်သူ တစ်ဦးနေထိုင်ပါတယ်။ ဖော်ရွေအေးဆေး သဘောကောင်းသူတစ်ဦးဖြစ်ပြီး ဇနီးသေဆုံးသွားပြီး သားသမီး ၂ ဦးကျန်ခဲ့သူ မုဆိုးဖိုတစ်ဦးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အိန္ဒိယလူမျိုးနဲ့ အင်္ဂလိပ်လူမျိုးတွေဟာ လုံးဝရင်းနှီးကျွမ်းဝင်မှုမရှိပါဘူး။ အဆင့်အတန်းခွဲခြားတဲ့သဘောပေါ့။
Aziz က Major Callendar လက်အောက်က ဆေးရုံတစ်ရုံမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ရိုးရိုးကျိုးကျိုးနဲ့ နှိမ့်ကျတတ်သူတစ်ဦးဖြစ်ပါတယ်။ Mrs. Moore တို့ရောက်ပြီး ပါတီကျင်းပနေတဲ့ညဘက်မှာ ပါတီလုပ်နေတဲ့ အဆောက်အဦးပတ်ဝန်းကျင်က ဗလီတစ်ခုမှာ Aziz က ရေကန်ထဲက လရိပ်ကိုကြည့်ပြီး ထိုင်နေတုန်း အမျိုးသမီးတစ်ယောက်ဝင်လာတာကိုမြင်လို့ လန့်အော်လိုက်မိတယ်။ Mrs. Moore ဖြစ်ပြီး စပ်စုချင်စိတ်နဲ့ ၀င်လာခဲ့တာကို Aziz က ဗလီထဲကို ဖိနပ်စီးပြီးဝင်ခွင့်မရှိကြောင်းနဲ့ အမျိုးသမီးများလည်း ၀င်လေ့မရှိကြောင်းပြောလိုက်တယ်။ Mrs. Moore က သူ့အပြုအမူအတွက် အရမ်းအားနာသွားပြီး ဖိနပ်ချွတ်ပြီးရင် ပြန်ဝင်လာလို့ရမလားလို့ တောင်းပန်လိုက်ရင်း သူတို့နှစ်ယောက် စကားစမြည်ပြောကြရင်း ရင်းနှီးသွားကြတယ်။
အဲဒီအကြောင်းကို Heaslop သိသွားတဲ့အခါ အလွန်စိတ်ဆိုးသွားပါတယ်။ Mrs. Moore က အိန္ဒိယလူမျိုးတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ချင်တယ်လို့ တောင်းဆိုတာနဲ့ Mr. Turton က သူ့အိမ်ခြံဝင်းထဲမှာ အိန္ဒိယလူမျိုးတစ်ချို့ကို ဖိတ်ကြားပြီး ပါတီတစ်ခုလုပ်ပေးပါတယ်။ အဲဒီပါတီက အလုပ်သဘောဆန်ပြီး ပွင့်လင်းရင်းနှီးမှုမရှိပါဘူး။ ဒါပေမယ့် အဲဒီပါတီပွဲမှာ Adela က Chandrapore မြို့က ကောလိပ်ကျောင်းအုပ်ဆရာဖြစ်တဲ့ Cyril Fielding နဲ့ တွေ့ဆုံခဲ့ပါတယ်။
Cyril က Mrs. Moore နဲ့ Adela ကို သူ့အိမ်ကို လက်ဖက်ရည်သောက်ဖိတ်ရင်း ဟိန္ဒူုပရော်ဖက်ဆာတစ်ဦးဖြစ်သူ Narayan Godbole နဲ့ မိတ်ဆက်ပေးဖို့စီစဉ်ပါတယ်။ Mrs. Moore က Dr. Aziz ကိုပါ ဖိတ်ကြားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Tea party မှာ အိန္ဒိယအကြောင်း ပြောကြရင်း Fielding နဲ့ Aziz တို့ ရင်းနှီးသွားကြတယ်။ Aziz က Mrs. Moore နဲ့ Adela ကို Marabar Caves ကို လိုက်ပို့ပေးမယ်လို့ ကတိပြုလိုက်တယ်။ အဲဒီတောင်တွေနဲ့ ဂူတွေအတိုင်း လူပြောများပေမယ့် တကယ်တမ်းရောက်ဖူးတဲ့သူ ခပ်ရှားရှားပါပဲ။ တကယ်တော့ Aziz က အလွယ်တကူပြောလိုက်ပြီး အလွယ်တကူပဲ ပျက်သွားတတ်တဲ့အစီအစဉ်ကို ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တာမို့လို့ အမျိုးသမီးတွေ သွားမှာမဟုတ်ဖူးလို့လဲ ထင်ခဲ့တယ်။
Aziz အတွေးမှားသွားခဲ့တယ်။ အမျိုးသမီးတွေက ခရီးသွားဖို့ အဆင်သင့်ပြင်ကြပါတယ်။ သူတို့နဲ့အတူ Fielding နဲ့ Godbole တို့လဲ အဖော်လိုက်ကြဖို့ စီစဉ်ထားတယ်။ တကယ်သွားဖြစ်တဲ့ နေ့မှာ မနက် ၅ နာရီခွဲ ရထားထွက်ချိန်မှာ Fielding နဲ့ Godbole ကို နောက်ကျသွားလို့ ရထားနဲ့မလိုက်နိုင်ခဲ့ပါဘူး။
ဇာတ်လမ်းရဲ့အဓိကအသားပေးက အဲဒီခရီးစဉ်ပါပဲ … သူတို့သွားရမယ့်ဘူတာရောက်တော့ ရထားပေါ်ကဆင်းကြပြီး ဆင်နဲ့ခရီးဆက်ကြရတယ်။ အရမ်းလှပြီး မြင့်မြင့်မားမားတဲ့ဆင်ကြီးတစ်ကောင်ကို အလှအပတွေလဲ ချယ်သထားတယ်။ အကူအညီပေးမယ့် အိန္ဒိယလူမျိုးတွေလဲ အများကြီး အနောက်ကနေ အထုတ်တွေထမ်းလို့ လိုက်ပါလာကြတယ်။ ရှုခင်းတွေက ရင်သပ်ရှုမောဖြစ်စေပါတယ်။ ပထမဆုံး လှိုင်ဂူတစ်ခုထဲကို ၀င်လိုက်ကထဲက Mrs. Moore အသက်ရှူကျပ်သလိုခံစားရတယ်။ လှိုင်ဂူထဲက ပဲ့တင်သံက အလွန်ခြောက်ခြားစရာကောင်းပြီး Mrs. Moore ရဲ့စိတ်ကို မွန်းကျပ်သွားတာနဲ့ အပြင်ဘက်ပြေးထွက်ပြီး အနားယူနေရပါတယ်။ အပေါ်မှာ လှိုင်ဂူတွေရှိသေးပေမယ့် Mrs. Moore မလိုက်နိုင်တော့တာမို့ Adela နဲ့ Aziz ရယ် လမ်းညွှန်တစ်ယောက်ရယ်ပဲ ခရီးဆက်ကြတယ်။ တောင်လမ်းကမတ်ဆောက်လို့ Aziz က Adela ကို ဖေးမတွဲခေါ်ပြီး သွားရပါတယ်။ လမ်းမှာ Adela က Aziz ရဲ့အိမ်ထောင်ရေးနဲ့ အချစ်အကြောင်းကို မေးမြန်းခဲ့တယ်။ ခရီးမထွက်ခင်တစ်ရက်တုန်းကလဲ Adela က စက်ဘီးစီးထွက်ရင်း ဟိန္ဒူကျောင်းပျက်ကြီးတစ်ခုထဲကိုရောက်ခဲ့ပြီး ယောက်ျားမိန်းမ ကာမစက်ယှက်ပုံ ရုပ်ထုတွေမြင်ခဲ့သေးတယ်။ သူမစိတ်ထဲကို လွှမ်းမိုးခဲ့တာ အိမ်မက်မက်တဲ့အထိပါပဲ။ အဲဒီလိုအကြောင်းအရာနဲ့ သူမစိတ် ပုံမှန်မရှိတဲ့အချိန်မှာ လှိုင်ဂူနားရောက်တော့ Aziz က စီးကရက်သောက်ချင်လို့ တောင်ကွယ်လေးဘက်ကို ခဏသွားနေတုန်း Adela တစ်ယောက်ထဲ ဂူထဲကိုဝင်သွားတယ်။ နဂိုက စိတ်ထဲမှာ ပုံမှန်မရှိတဲ့အချိန် ပဲ့တင်သံတွေရှိတဲ့ လှိုင်ဂူထဲမှာ မှောင်မဲနေချိန်မှာ စိတ်ခြောက်ခြားပြီး ထွက်ပြေးပါတော့တယ်။ တောင်အောက်ကို ကမူးရှူးထိုးဆင်းလို့ ဆူးပင်တွေနဲ့ညှိကုန်တယ်။ Aziz ကလဲ သူမကိုလိုက်ရှာရင်း မှန်ဘီလူးကိုတွေ့တယ်။ တောင်အောက်ကိုပြေးဆင်းသွားပြီး ကားတစ်စင်းပေါ်တက်သွားတာကိုလဲ တွေ့လိုက်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ သူဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ အောက်ကိုဆင်းလာတော့ Fielding ရောက်နေပါတယ်။ ကားနဲ့လာတာဖြစ်ပြီး ကားထဲမှာ Mrs. Callendar လဲ ပါပါတယ်။ Aziz က Adela တစ်ယောက် Mrs. Callendar ကားနဲ့ပါသွားတယ်ဆိုလို့ သူတို့အားလုံး နားမလည်နိုင်ဖြစ်ပြီး ရထားနဲ့ပြန်လာကြတယ်။
သူတို့မြို့လဲရောက်အောင် လူတွေအများကြီး စုရုံးနေကြပြီး ရဲတွေက Aziz ကို ဖမ်းဖို့လုပ်ပါတော့တယ်။ အမှုက Adela ကို မုဒိမ်းကျင့်ဖို့ ကြံစည်တဲ့အမှုဖြစ်ပါတယ်။ ဘယ်လိုမှ ရှင်းမရဖြစ်ပြီး ထောင်ကျနေပါတော့တယ်။ အယူခံဝင်ဖို့ တင်ထားစဉ်မှာ Mrs. Moore က အပြစ်မရှိကြောင်း သက်သေထွက်ပေးချင်ပေမယ့် ရောဂါဆိုးလာလို့ သူ့သားက သင်္ဘောနဲ့ အမြန်ပြန်ဖို့ စီစဉ်ပေးလိုက်ပေမယ့် သင်္ဘောပေါ်မှာတင်ပဲ သေဆုံးသွားခဲ့တယ်။
လူမျိုးရေးပါတဲ့ လူဖြူ လူမဲအမှုဖြစ်တာမို့ နိုင်ငံရေးကိုပါ ဂယက်ရိုက်ခဲ့တယ်။ ရုတ်ရုတ်သဲသဲ ဆန္ဒပြပွဲတွေအထိ ဖြစ်လာခဲ့ပါတယ်။ Aziz အတွက် ဆန္ဒပြတောင်းဆိုမှုတွေ လုပ်နေကြတယ်။ အမှုထုတ်တဲ့နေ့ရောက်တဲ့အထိ Adela က စိတ်တည်ငြိမ်မှုကောင်းကောင်းမရသေးပါဘူး။ သက်သေတွေတစ်ယောက်ချင်းမေးပြီး Mrs. Moore သက်သေလုပ်ဖို့ မရှိတဲ့အခါမှာလဲ Aziz ဘက်ကလူတွေ တော်တော်စိတ်ဆိုးကြတယ်။ ရှေ့နေက စိတ်ဆိုးလွန်းလို့ ရှေ့နေဆက်မလုပ်တော့ဘူးဆိုပြီး တရားရုံးထဲကတောင် ထွက်သွားပါတယ်။ Adela အလှည့်ရောက်တော့မှ စိတ်တည်ငြိမ်အောင်ထားပြီး သေသေချာချာစဉ်းစားခိုင်းတော့မှ Aziz တရားခံဆိုတာ မသေချာကြောင်း အမှုကို ပြန်လည်ရုတ်သိမ်းကြောင်းပြောလို့ Aziz တစ်ယောက် အမှုကနေ လွတ်သွားပေမယ့် လျှော်ကြေးငွေ ရူပီး နှစ်သောင်း ပေးလိုက်ရလို့ အင်္ဂလိပ်လူမျိုးတွေကို အလွန်မုန်းတီးနေပါတော့တယ်။ Fielding ကနေ Adela ကို အကူအညီပေးနေတာမို့ Fielding ကိုပါ မုန်းတီးနေပါတယ်။ အမှုပြီးတော့ Adela နဲ့ Fielding က အင်္ဂလန်ပြန်သွားတယ်။ Aziz က ဟိမ၀န္တာတောင်တန်းတွေဘက်က ဟိန္ဒူအုပ်ချုပ်တဲ့ မြို့ကလေးတစ်မြို့မှာ ဆရာဝန်သွားလုပ်နေပါတယ်။
၂ နှစ်ကြာပြီးနောက် Fielding တစ်ယောက် အိန္ဒိယကိုပြန်လာပြီး Aziz ကို လာရှာပါတယ်။ Aziz က Fielding တစ်ယောက် Adela ကို လက်ထပ်လိုက်တယ်လို့ ထင်နေလို့ စိတ်ဆိုးနေတာဖြစ်ပါတယ်။ Fielding က သူလက်ထပ်လိုက်တာ Mrs. Moore ရဲ့ သမီး Sydley ဆိုပြီး မိတ်ဆက်ပေးမှ စိတ်ပြေသွားပါတယ်။
နောက်ဆုံးခန်းမှာတော့ Aziz က Adela ဆီကို စာရေးလိုက်ပါတယ်။ စိတ်မဆိုးတော့ဘူးဆိုတဲ့အကြောင်းနဲ့ အကောင်းဘက်ကတွေးပြီး ကျေးဇူးတင်ကြောင်းရေးထားတဲ့စာကို Adela က ဖတ်ရင်း ဇာတ်သိမ်းသွားတယ်။
ဇာတ်လမ်းတစ်လျှောက် အိန္ဒိယရှုခင်းတွေက အရမ်းလှတယ် … လူမျိုးရေးခွဲခြားမှုတွေကိုလဲ ဗဟုသုတဖြစ်ဖွယ် တွေ့မြင်ရပါတယ်။ ဇာတ်လမ်းဆင်ထားတာကလဲ သဘာဝအလွန်ကျပါတယ်။ အင်္ဂလိပ်စကားပြောများကလဲ ပြတ်သားကြည်လင်တယ်။ ဘယ်ဘက်ကပဲကြည့်ကြည့် အလွန်ကြည့်သင့်သော ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာမို့ ဇာတ်လမ်းကို တတ်နိုင်သလောက်ပြန်ရေးပြရင်း ရှာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ် …..
Related posts:




ဇာတ်လမ်းကို အတိုချုပ်ရေးတာတောင် တော်တော်ရှည်သွားတယ် …
စိတ်ဝင်စားအောင် မရေးတတ်တာကတော့ ကျွန်မ၏ညံ့ဖျင်းမှုသာဖြစ်ပြီး ဇာတ်လမ်းက အလွန်စိတ်ဝင်စားဖွယ် ကောင်းပါတယ် …
Was this answer helpful?
LikeDislikeစိတ်ဝင်စားအောင် မရေးတတ်ဘူးတာပြောတယ်…….
ဖတ်နေရင်းနဲ့  ကိုယ်ကိုတိုင်ပဲ ရုပ်ရှင်ကြည့် နေသလားမှတ်ရတယ်
Was this answer helpful?
LikeDislikeစိတ်ဝင်စားပါတယ်
ရေးတာလည်းကောင်းပါတယ်။နောက်ရုပ်ရှင်ကြည့်ညွှန်းလေးတွေရေးပါအုံး
မဝေေ၀ကို အားပေးနေပါတယ်။
Was this answer helpful?
LikeDislikeဝေရေ…
တီချာ ဖတ်ရင်းနဲ့မှ ကြည့်ဖူးတာသတိရသွားတယ်။
ဟုတ်တယ်၊ ဟုတ်တယ်၊ စိတ်ဝင်စားစရာကောင်းတယ်။
အခု ကားအသစ်ထဲက Three Idiots လည်း ကောင်းတယ်တော့။
Was this answer helpful?
LikeDislikethree idiots ကြည့်ဖူးတယ် … ရွာထဲမှာတော့ မရွှေတုတ်က ညွှန်းထားသေးတယ် …
ရုပ်ရှင်ကောင်းတာလေးကြည့်မိတော့ ရွာသူားတွေကို သတိရတယ် … အင်္ဂလိပ်ရုပ်ရှင်ကြည့်တာ အင်္ဂလိပ်စာအတွက်လဲ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်တယ် … ပြည်ပဗဟုသုတလဲ တိုးတယ် … ကောင်းသောအပန်းဖြေခြင်းပေါ့နော် …
Was this answer helpful?
LikeDislikeအခုကားကိုတော့ မကြည့်ဘူးသေးဘူး
မှတ်ထားပြီးခွေရှာကြည့်ရမယ်..။
အချိန်မပေးနိုင်တာနဲ့ကို ရုပ်ရှင် ဗီဒီယို သိပ်မကြည့်ဖြစ်တော့တာ။
ကြည့်ရင်လဲ drama တွေပဲရွေးကြည့်ဖြစ်တယ်။
ငယ်ငယ်တုန်းက အသည်းစွဲကြိုက်တဲ့
လက်သီးတွေ သေနတ်တွေ ထူးဆန်းထွေလာတွေ သိပ္ပံကားတွေ
အခုဘယ်လိုမှ မကြိုက်တော့ပြန်ဘူး။
လူ့စိတ်ဆိုတာ အတော်ဆန်းတာပဲနော်….။
Was this answer helpful?
LikeDislikeအခုလောလောဆယ်တော့ကိုရီးယားကားတွေကြည့်ပြီးလှိမ့်ဆဲနေပါကြောင်း။
Was this answer helpful?
LikeDislikeမဝေရေ
အဲဒီအရင်ပေါ်တဲ့ မြသန်းတင့်ဘာသာပြန်ခဲ့တဲ့
ရွှေပြည်တော်မျော်တိုင်းဝေး( သည် ဖားပေဗလီယမ်)ဆိုတဲ့ကားလေးပြန်ရှာကြည့်ဗျာ.
Was this answer helpful?
LikeDislikeအရင်က ဘယ်မဂ္ဂဇင်းလဲတော့ မသိတော့ဘူး။ စန္ဒာ လို့တော့ထင်တယ်။ အဲဒီမှာ အခန်းဆက်ပါဖူးတယ်။ တော်တော်ကောင်းတယ်။
Was this answer helpful?
LikeDislikeမမဝေ ကျမ တပိုင်းတစတော့ ကြည့်ဖူးတယ် အကုန်တော့ မကြည့်ဖူးဘူး ပြန်ရှာကြည့်ပါအုန်းမယ်။
Was this answer helpful?
LikeDislikeဒီလိုပို့စ်မျိုးက ရုပ်ရှင်ကဏ္ဍအနေနဲ့ ရွာထဲမှာသိပ်မတွေ့ရလို့ ကြည့်မိတဲ့အထဲက ကောင်းတယ်လို့ သေချာတဲ့ ဇာတ်ကားတွေကို ရွေးထုတ်ပြီး အချိန်ကုန်ခံ ဇာတ်လမ်းပြန်ရေးထားတာပါ …
ဂေဇက်ထဲမှာ မှတ်တမ်းလေးတစ်ခုလဲကျန်စေချင်တဲ့ စေတနာနဲ့ … ကွန်မန့်လဲ မမျှော်လင့်ပါဘူး ..
ဒါပေမယ့် ပို့စ်ကို လက်မအောက်စိုက်တာ တွေ့လိုက်တော့ တကယ်စိတ်မကောင်းဖြစ်မိတယ် ..
ဒါမျိုးရေးတာမကြိုက်ရင် ပြောပါ … ဘာ့ကြောင့်လဲဆိုတာ သိချင်လို့ပါ …
Was this answer helpful?
LikeDislikeနောက် ကုလားကား water ဆိုတာလေးလဲ ရှာကြည့်ပါ။
ဓလေ့ထုံးစံရဲ့သားကောင်ဖြစ်သွားတဲ့မိန်းကလေးအကြောင်းပါ။
Was this answer helpful?
LikeDislike