အညတရ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး ဒေါ်ဦးဇွန်း
|396- Hits|
အညတရ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး ဒေါ်ဦးဇွန်း
ကမ္ဘာကျော် ခေါင်းလောင်းကြီး၊ ကမ္ဘာကျော် ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ မြသိန်းတန်စေတီတော်ကြီး ရှိတဲ့ နေရာ၊ ဘုရားဟော ပိဋကတ်သုံးပုံ၊ ပိဋကတ်ပါဠိတော် စာမျက်နှာပေါင်း (၈၀၂၇) ကိုအာဂုံဆောင်နိုင်ကာ အဌကထာ၊ ဋီကာ စာမျက်နှာပေါင်း (၉၉၃၄) ကို ဖြေဆိုအောင်မြင်ပြီး တိပိဋကဓရ၊တိပိဋကကောဝိဒဘွဲ့တော်ရ၊ ကမ္ဘာ့မှတ်ဥာဏ် အကောင်းဆုံး ပုဂ္ဂိုလ်ထူးကြီး အဖြစ်မှတ်တင်းတင်ခံရတဲ့ သာသနာ့အာဇာနည် မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာ ဘိဝံသ ပေါ်ထွန်းခဲ့ရာ ကမ္ဘာကျော်တဲ့ မြန်မာ့ရွာကလေး မင်းကွန်းကိုတော့ လူတိုင်းသိကြပါတယ်။ (http://mandalaygazette.com/72360/travel )
မင်းကွန်းမှာ ရှိတဲ့ ကမ္ဘာကျော်ခေါင်းလောင်းကြီးရဲ့မြောက်ဖက် မလှမ်းမကမ်းလေးမှာ အုတ်ဂူလေးနှစ်ခု ရှိနေတာကိုတော့ မင်းကွန်းရောက်သူတိုင်းတော့ သတိမထားမိကြပါဘူး။ မင်းကွန်းခေါင်းလောင်းကြီးကနေ မြသိန်းတန်းဘုရားဆီ သွားတဲ့ လမ်းကလေးရဲ့ အနောက်ဖက်လေးမှာ ရှိနေတာပါ။ အဲဒီ အုတ်ဂူလေးနှစ်ခုထဲက တစ်ခုသော အုတ်ဂူလေးထဲမှာတော့ အညတရ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး တစ်ဦး ထာဝရ လျှောင်းစက်နေပါတယ်။ သူကတော့ မိမိပိုင်ဆိုင်ရာ အားလုံးကို စွန့်လွတ်လှုဒါန်းကာ မိမိရဲ့ဘဝကို မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံ (မင်းကွန်း ဘိုးဘွားရိပ်သာ) နဲ့ မြန်မာနိုင်ငံအနှံ့မှာ ဗုဒ္ဓဘာသာ လူအိုရုံ (ဘိုးဘွားရိပ်သာ) တွေ ပေါ်ထွန်းလာအောင် စွမ်းဆောင်ခဲ့တဲ့ အညတရ မြတ်ဒါနရှင် ဒေါ်ဦးဇွန်း ပဲဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ လူအိုရုံ (ဘိုးဘွားရိပ်သာ)တွေ ပေါ်ထွန်းလာအောင် စွမ်းဆောင်ခဲ့တဲ့ ဒေါ်ဦးဇွန်း
မင်းကွန်းဘိုးဘွားရိပ်သာကြီး ဖြစ်ပေါ်လာအောင် စွမ်းဆောင်ခဲ့သူ ဒေါ်ဦးဇွန်းကို ၁၂၃၀ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၅) ရက်၊ သောကြာနေ့မှာ ပိုးကုန်သည် ဦးအိ၊ ဒေါ်မြှင် တို့မှ မန္တလေးမြို့မှာ ဖွားမြင်ခဲ့ပါတယ်။
ဒေါ်ဦးဇွန်းဟာ ငယ်စဉ်ကတည်းက အလှအပ၊ ပကာသနတွေကို မခုံမင်၊ မိဘနှစ်ဦးကို စောင့်ရှောက်ရင်းနေလာခဲ့သူ ဖြစ်ပါတယ်။ မိဘနှစ်ပါး ဘဝတစ်ပါး ပြောင်းသွားတဲ့ အခါ စိတ်မှာမပျော်ရွှင်တော့ပဲ မိဘနှစ်ပါးကိုသာ သတိတရရ ရှိနေတော့တဲ့ အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင် ရန်ကုန်ကို ဘုရားဖူး ထွက်လာရင်း ပြင်သစ်ခရစ်ယာန်သီလရှင်များရဲ့ လူအိုရုံကို ဝင်လေ့လာ ဖြစ်ခဲ့ရာက ထိုလုပ်ငန်းကို သိပ်သဘောကျသွားပြီး မြန်မာ့ ဗုဒ္ဓဘာသာ လူအိုရုံများ ပေါ်ထွက်လာဖို့ မိမိကပဲ စလုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိဘနှစ်ပါးကိုယ်စား သက်ရှိထင်ရှား ရှိနေတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်တော့မယ်လို့ သံန္နိဌာန်ချလိုက်ပါတယ်။
ဒေါ်ဦးဇွန်းဟာ မန္တလေးကို ပြန်ရောက်တာနဲ့ ဒီလုပ်ငန်းကို စတင်အကောင်အထည် ဖေါ်ပါတယ်။ ၁၁-၁-၁၉၁၅ ခုနှစ် တနင်္လာနေ့မှာ သီလရှင်ကြီး ဒေါ်ဥတ္တမစာရီ အကူအညီနဲ့ မင်းကွန်းခေါင်းလောင်းကြီးနားက အေးချမ်းသာယာလှတဲ့ မြေနေရာလေးမှာ နောင်တစ်ချိန် မင်းကွန်း ဘိုးဘွားရိပ်သာ ဖြစ်လာမယ့် အစ ကမ္မဌာန်းကျောင်း ၃ ကျောင်းဆောက်ကာ အသက် ၉၅ နှစ် အရွယ်ရှိတဲ့ ဘိုးဆင့်၊ အသက် ၉၈ နှစ် အရွယ်ရှိတဲ့ ဖွားစိုး နဲ့ အသက် ၈၅ နှစ် အရွယ်ရှိတဲ့ ဖွားမယ်တို့ ၃ဦးကို ဒေါ်ဦးဇွန်း ကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦးရဲ့ အကူအညီနဲ့ စတင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာ ဘိုးဘွား ၂၀ ဦးထိ လက်ခံလာနိုင်ကာ ကုန်ကျစရိတ်များ အားလုံးကို ဒေါ်ဦးဇွန်းတစ်ဦးတည်းကသာ ကျခံခဲ့ပါတယ်။
သီလရှင်ကြီး ဒေါ်ဥတ္တမစာရီက သူမ၏သားဖြစ်တဲ့ စာရေးကြီးဦးဘကျန်းကို အောက်ပြည်မှ ခေါ်ယူကာ တစ်တပ်တစ်အား ဝင်ကူစေခဲ့ပါတယ်။ မန္တလေးမှ BIA ဦးမောင်ကြီးလည်း ရောက်ရှိလာကာ မြန်မာဆေးဝါးများနဲ့ ဘိုးဘွားများကို ကျန်းမာရေး တာဝန်ယူခဲ့ကာ စာရေးကြီးဦးဘကျန်းနဲ့ အတူ ဘိုးဘွားများရဲ့ အဝတ်အစားများကို လျှော်ဖွတ် ကုသိုလ် ယူခဲ့ကြသည်မှာ လွန်စွာ အားကျဖွယ် ဖြစ်ခဲ့ပါတယ်။
၁၉၂၆ အရောက်မှာတော့ လက်ရှိနေရာလေးကို ပြောင်းရွေ့ခဲ့ပါတယ်။ ဒီနေရာလေးက အရှေ့ဖက်မှာ မြစ်မင်းဧရာနဲ့ နန်းတော်ကျွန်း ရွာကလေး၊ အနောက်မှာ ကမ္ဘာကျော်မင်းကွန်းခေါင်းလောင်းကြီးနဲ့ မင်းဝံတောင်တန်းကြီး၊ တောင်ဖက်မှာ ခြင်္သေ့ကြီးနှစ်ကောင်နဲ့ ပုထိုးတော်ကြီး၊ မြောက်ဖက်မှာတော့ မြသိန်းတန်စေတီတော်ကြီး ရှိပါတယ်။ ပူပြင်းတဲ့ အညာဒေသမှာ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနဲ့ မြစ်ပြင်ကို ဖြတ်သန်းလာတဲ့ သန့်ရှင်းတဲ့ လေနုအေးကို တစ်ဝကြီး ရှုခွင့်ရတဲ့ နေရာလေး ဖြစ်ပါတယ်။
ဒေါ်ဦးဇွန်းဟာ မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံ တစ်ခုတည်းနဲ့ ကျေနပ်အားရခြင်း မရနိုင်သေးပဲ ၁၉၂၇ ခုနှစ်မှာ သထုံ၊ ၁၉၂၈ မှာ ပေါင်းတည်၊ ၁၉၃၃ မှာ ရန်ကုန်(နှင်းဆီကုန်း)နဲ့ ၁၉၃၇ မှာ ပခုက္ကူမြို့များမှာ ဗုဒ္ဓဘာသာ လူအိုရုံများ တည်ထောင်ကာ ရှိရှိသမျှ မိမိပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာများကို လူအိုရုံများသို့ ရက်ရောစွာ လှူဒါန်းကာ လုပ်ကိုင်ခဲ့ပါတယ်။
ဖွားဦးဇွန်းဟာ အသက် ၆၀ အရွယ်မှာ လူဘဝကရုန်းထွက်ကာ သီလရှင်ဘဝကို ကူးပြောင်းပြီး လူအိုရုံလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ ဖွားဦးဇွန်းရဲ့ သီလရှင်ဘွဲ့မှာ ဖွားသုမာလာ ဖြစ်ပါတယ်။ ဖွားဦးဇွန်းဟာ အသက် ၇၆ နှစ်အရွယ် စစ်အတွင်းကာလ (၁၁-၅-၄၄) မှာ သူမြတ်နိုးတွယ်တာလှတဲ့ မင်းကွန်း လူအိုရုံမှာပဲ မရဏရှင်သေမင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။
ဒေါ်ဦးဇွန်း စတင်တည်ထောင်ခဲ့တဲ့ မင်းကွန်းလူအိုရုံလုပ်ငန်းများကတော့ အရှိန်အဟုန်ကောင်းစွာနဲ့ လည်ပတ်နေပါပြီ။ ၄-၂-၉၈ မှာ မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံ အမည်မှ မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ အမည်သို့ ပြောင်းခဲ့ပါတယ်။ လာမယ့် ၁၁-၁-၂၀၁၅ ရောက်ရင် နှစ်တစ်ရာပြည့်မှာဖြစ်ပြီး ရာပြည့်ပွဲတော်ကြီးကိုလည်း ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။ မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ ဆိုတာကတော့ အခုအချိန်မှာ မင်းကွန်းနဲ့ အမြဲယှဉ်တွဲ ထာဝစဉ် သတိရနေမယ့် နေရာလေး တစ်ခု ဖြစ်နေပါတော့တယ်။
“လူအိုတို့အား ချမ်းသာပွားမှု ထောက်ပံ့ပြုကာ၊ အာယုသက်တမ်း ရှည်မြဲလမ်းတည်း၊ သက်ရွယ်အိုခါ၊ ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာ ကြပါစေ။”

မြစ်ပြင်ကို ဖြတ်သန်းလာတဲ့ သန့်ရှင်းတဲ့ လေနုအေးကို မင်းကွန်း ဘိုးဘွားရိပ်သာကနေ တစ်ဝကြီး ရှုခွင့်ရပါတယ်။
(မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ ရာပြည့်ပွဲတော်ကြီးကို ကြိုဆိုကာ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး ဒေါ်ဦးဇွန်းကို ရိုသေစွာဖြင့် ဂုဏ်ပြုရေးသား အပ်ပါသည်။)
စိန်သော့
(အချက်အလက်နှင့်ရှေးမှတ်တမ်း ဓါတ်ပုံများကို မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ မှတ်တမ်း နှင့် အ၇ှင်စန္ဒဇောတိ ၏ မင်းကွန်းမြေမှ ကမ္ဘာကျော် ကြီးငါးကြီး စာအုပ်မှ ရယူပါသည်)
Related posts:
- ကျောက်ဖြူတွင် တည်ဆောက်မည့် ဘိုးဘွားရိပ်သာ အကူအညီများ လိုအပ်နေ
- အမျိုးသမီး မဆင်းရတဲ့ မုဒုံကန်ကြီး
- မြန်မာနိုင်ငံတော်အလံ နှင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်
- နိုင်ငံခြားသူ လူမည်း အမျိုးသမီး ၂ ဦး မှ မြန်မာ အမျိုးသမီး များ အပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန် စော်ကား သည့် အပေါ် ကမာရွက် ရဲစခန်း ၏ တာဝန်မဲ့ လုပ်ရပ်
- အမျိုးသားနှင့်အမျိုးသမီး၊ ယောင်္ကျားနှင့်မိန်းမ (ဘာလဲဆိုတော့ ပေါက်တက်ကရ)














သားရွှေအိုးထမ်းလာပြီပေါ့။
မတွေ့တာကြာလို့ မျှော်နေတာ။
ပေါ်လာတော့လည်း ဒီလို ပို့စ်မျိုးကြီးနဲ့ဗျာ။
အားကျပါတယ် ကိုစိန်သော့ရေ။
Was this answer helpful?
LikeDislikeမရေးရရင် မနေနိုင်တာက လွဲလို့………….
Was this answer helpful?
LikeDislikeကိုကြီး စိန်သော့
ဖတ်သွားတယ်နော့
ကိုပေ လက်ဆောင်ပေးတဲ့ “မန္တလေးသူ မန္တလေးသား” စာအုပ်ထဲမှာလည်း ဘွားဦးဇွန်းအကြောင်းပါတယ်ဗျ
အခု ကိုစိန်သော့ရေးတာနဲ့ဆိုတော့ ပိုပြီပြည့်စုံသွားတယ်။
ကျေးဇူးပါ အစ်ကို။
Was this answer helpful?
LikeDislikeပြီးခဲ့တဲ့လ ၂၄ ရက်နေ့က .. ဟို တွေ့တာနဲ့ ရိုက်ပစ်မယ် ဆိုတဲ့ လူနှစ်ယောက်နဲ့ မင်းကွန်းကို ရောက်ခဲ့တယ် ဖရဲရေ။ (ပေါက်နဲ့လု တို့လေ) (ပေါက်လုစိန်မင်း ရိုက်ပွဲဆင်းတာ)။

အဲဒါ ဥက္ကဌကြီး ပေါက် မန္တလေးက ကြွရောက်လာမယ့် ဘိုးဘွားရိပ်သာ ဆိပ်ကမ်း မှာ အကြိုတော်ထောက်နေရင်း ရေးစရာ ရှာလာတာ
(ပေါက်လုစိန်မင်း ရိုက်ပွဲဆင်းတာကို တော့ မကြာမှီလာမည်………. မျှော်)
Was this answer helpful?
LikeDislikeလေးစားအားကျစရာ အမျိုးသမီးကြီး ဒေါ်ဦးဇွန်းအကြောင်း ပိုပြီးပြည့်ပြည့်စုံစုံ သိသွားရပါတယ်။ ဓာတ်ပုံမှတ်တမ်းနှင့်တကွ အသိပညာ အချက်အလက်တွေကို ပေးနိုင်ပါပေသည်တကားးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeအဲ့သည်အုတ်ဂူလေးတွေက ထိမ်းသိမ်းထားတာလား ကျေးဇူးကြီးပါပေ့
( အဲဒီ အုတ်ဂူလေးနှစ်ခုထဲက တစ်ခုသော အုတ်ဂူလေးထဲမှာတော့ အညတရ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး တစ်ဦး ထာဝရ လျှောင်းစက်နေပါတယ် )
ဆိုတာလေးကတော့
ဓမ္မသဘောလေးကိုမှီလိုက်လျှင် ( ထာဝရ လျှောင်းစက်နေပါတယ် ) ဆိုတာက အံဝင်ဂွင်မကျဖြစ်နေပါတယ်ခင်ဗျ
…………….
ပြေးဘီ………………………………………………………….
Was this answer helpful?
LikeDislikeကျေးကျေးပါ ကြက်ဖင်ရာ………….. ဓမ္မသဘောလေးကိုမှီလိုက်လျှင် ရေးသင့်တဲ့ စကားလေး လည်း မစပေးပါလား………… ဓမ္မသဘောလေးကိုမှီနေသူ တစ်ယောက် အနေနဲ့လေ………..
Was this answer helpful?
LikeDislikeအလို.
ဘိုးဘွားရိပ်သာ အစ ဒေါ်ဦးဇွန်က ပါကလား..အူးစိန်တော့ရဲ့
ပြည့်ပြည့်စုံစုံလေးသိရတာ ကျေးကျေးဇူးဇူး တင်ပါရဲ့
အဲလိုပြောမှပဲ ကျုပ်တို့  သိရတာကလား..
အဲဒီ ဘိုးကြီးဘွားကြီးတွေ..အသက်ကြီးလာတဲ့အခါ သားသမီးမြေးမြစ်တွေနဲ့  ပျော်ပျော်ရွှင်ရွှင် သူငယ်ပျံပြီး နေချင်ကြမယ်ထင်တာပဲ
ကျနော်ဆိုလဲ မြေးတွေမြစ်တွေချီပြီး ကာရာအိုကေဆိုမယ်..ခလေးတွေကိုကခိုင်းမယ်..ပုံပြောပြမယ်..တူတူဘုရားသွားကျောင်းတက်မယ်..
အဲလိုပဲ နေချင်တယ်..
အခုတော့
ပုံထဲမှာကြည့်ရတာ ရေလည် အထီးကျန်သဗျာ
တစ်ယောက်ကိုတစ်ယောက်ကြည့်တော့လဲ အိုမင်းမစွမ်း(အိုတဲ့အခါ မင်းတို့ မစွမ်းတော့ ဆိုလားပဲ )
ဖြစ်နေကြတာ..ကြည့်ပြီး..စိတ်ထဲ မကောင်းလှ
စိတ်ထဲမကောင်းလှသော်လဲ
တစ်ချိန်ကျရင် ကျုပ်ကိုလဲ အဲလိုပဲ ပို့ ကြမယ်ထင်တာပါပဲဗျာ..
သြော်..လကော.လောက..လူဖြစ်ရတာ..မအို မနာ မသေ ရင် သိပ်ကောင်းမှာပဲ
အိုခြင်းနာခြင်းသေခြင်း ကင်းတဲ့ နိဗ္ဗာန်သာလျင် မျက်မှောက်ပြုရာဖြစ်ပေတယ်..အိုလူသားတို့ …
သြကာသ..သြကာသ..သာဓု
Was this answer helpful?
LikeDislikeစိန်ပေါက်ပေါက် ကြီး
သက်တော် ခြောက်ရာကျော် ရှည်ပါစေတော်
Was this answer helpful?
LikeDislikeအယ်.. မြေးအရွယ်မြစ်အရွယ်လေးတွေ ချီပြီး ကာရာအိုကေဆိုမယ်လား…
………ခလေးတွေနဲ့လည်း ကျောင်းအတူတူတက်အုံးမယ်ပေါ့ ……..
Was this answer helpful?
LikeDislikeပေါက်ဖော်ရေ အသက်ကြီးလာတာနဲ့အမျှ စိတ်လည်း ရင့်ကျက်ပြီး တရားနဲ့ မွေ့လျော်သွားတတ်ရင် တယောက်ထဲနေရတာကို အထီးကျန်တယ်ခြောက်သွေ့တယ် မထင်မှတ်တော့ပါဘူး။ အနားမှာ ရှုပ်နေရင်တောင် ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်တယ်ထင်လာတာပါ။
အဲ့ဒီကိုပို့ခံရရင်တောင် စိတ်မကောင်းမဖြစ်ပါနဲ့ ။ ဘ၀ကူးကောင်းဖို့အတွက် ကိုယ်ကိုယ်ကို ဆောက်တည်ပြီး ကြိုးစားလို့ရပါသေးတယ်။
ကိုစိန်သော့ရေ အခုမှပဲ ပေါ်လာတော့တယ်။ ကျမ ကင်မရာ ၂ လုံးအပ်ထားတာလေး ဘယ်တော့ ပေါ်လာနိုးပေါ်လာနိုးနဲ့ လည်ပင်းတောင် သစ်ကုလားအုတ်ဖြစ်နေပြီ။ ပြောရတာလည်း အားနာပါတယ်။ အားရင်ရေးတင်ပါအုန်းရှင်။ ကိုစိန်သော့သင်တန်းမတက်ရတာလည်း အတော်ကြာလှပေါ့။
ဒါနဲ့ ရှေးပုံလေးတွေ တကူးတကသေချာရှာတင်ပေးထားတာပဲ ။
Was this answer helpful?
LikeDislikeမကြာခင်မှာ လာမှာပါ ခင်ဗျာ
Was this answer helpful?
LikeDislikeဆောင်းပါး တစ်ပုဒ် ဖြစ်သွားတယ်။ သဘာ ဆိုတာ အဲဒါပဲ …. သင်လဲ သင်ပေး..ထမင်းလဲကျွေး … ကျေးဇူးပါ ဦး စိန်သော့, ဦး ပေါက်နဲ့ ကို ရွှေမင်းသား ရေ .. ခရီးသွား မှတ်တမ်း ပိုစ့် တင်မလို့ ဟာ .. ပေါက်လုစိန်မင်း ရိုက်ပွဲဆင်း တင်ပြီး တစ်ပတ် လောက် ခြားမှ ပဲ တင်တော့မယ် ဗျို့  ….
Was this answer helpful?
LikeDislikeအဲဒီလောက်ကြီး မကြာနဲ့လေ။ ဥက္ကဌကြီး…ပေါက်ပို့စ်…. ပြီးရင်… လုပ်တော့
Was this answer helpful?
LikeDislikeပေါက်လုစိန်မင်း ရိုက်ပွဲဆင်း ဆိုပဲ …
စိတ်ဝင်စားထှာ …
လုပ်ပါဗျ ….
ခရီးသွား ဒါ့ပုံကောင်းကောင်း ငတ်ပြတ်နေလို့ပါ ….
ဆြာသော့ရေ …လှိုက်လှိုက်လှဲလှဲကို အားပေးသွားပါတယ်ဗျ….
သမိုင်းဝင် နေရာ သမိုင်းဝင် ဖြစ်ရပ်နဲ့ သမိုင်းဝင် ပုဂ္ဂိုလ် အကြောင်းကို
သမိုင်းထဲကို အလည် ခေါ်သွားပြတဲ့ ဆြာ့ ကိုလေးစားပါကြောင်း …..။
ဒါ့ပုံသမားတွေဟာလည်း တနည်းတော့ သမိုင်းဆြာတွေပဲနော့ ….။
ဆြာ သော့ တူးဆွတဲ့ သမိုင်းဟာ နောင်တချိန်မှာ သည်သမိုင်းကိုပြန်ပြောတဲ့အခါ
အကိုးအကားပြုရမယ့် ….တကယ့် မော်ဒန်ကလပ်စစ်ဖြစ်မှာ….။
ခင်တဲ့
Inz@ghi
Was this answer helpful?
LikeDislikeကျေးဇူးပါဗျာ၊ ခရီးသွားပုံတွေက ကိုပေါက်နဲ့ M-လုလင် တစ်လှည့်စီ လာပါမယ်
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါဗျာ။ခုလို လေ့လာခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeလေးစားပါတယ်ဆရာသော့ရေ အကြောင်းအရာတွေကလဲပြည့်စုံလို့ပိုပြီးသိရှိရပါတယ်ဗျာ
Was this answer helpful?
LikeDislikeမြန်မာ့လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တစ်ခုကို စတင်အကောင်အထည်ဖော်ပေးခဲ့တဲ့ ဘွားဦးဇွန်းကိုရော၊ ဖော်ထုတ်တင်ပြပေးတဲ့ ကိုစိန်သော့ကိုရော ကျေးဇူးတင်ပါတယ်..။
Was this answer helpful?
LikeDislikeကိုစိန်သော့ရေ၊ ငယ်ငယ်က ဖတ်စာအုပ်မှာ သင်ခဲ့ရတဲ့ ဒေါ်ဦးဇွန်း နှင့် မင်းကွန်းလူအိုရုံ အကြောင်းပြန်ဖေါ်
ထုတ်ပေးလို့ ၊မေ့စရာမဟုတ်သောသမိုင်းများ အသစ်ဖြစ်စေပါသဗျား။ မကြာခင် နှစ်တစ်ရာတောင်ပြည့်တော့မယ်လို့သိရပါတယ်။
သည်လဆန်းပိုင်ကရောက်ခဲ့ပါတယ်၊ အဖိုးဆောင်(အ၀င်ဝအဆောင်) မှာ၊အပေါ့သွားဘို့လိုက်ရှာရင်းရောက်ခဲ့တာ၊ အဲသည်မှာ အိမ်သာ ၊ရေချိုးခန်း၊ဘေစင်တွေ တော်တော်အခြေနေဆိုးနေတာတွေ့ရပါတယ်၊ဒါ့ကြောင့် နီးစပ်တယ်ဆိုရင် ၀ိုင်းဝန်း ဒါနပြုနိုင်ဘို့ ကူညီကြပါလို့၊ ဘယ်လိုလှူရတယ်၊ဆိုတာလေး၊ရွာသားများကောင်းမှုပြုကြဘို့လည်းတိုက်တွန်းပါတယ်ဗျား။
လေးစားလျှက်။ ရွာထဲမှ၊မန္တလေး၊စစ်ကိုင်းသားများဦးဆောင်ဘို့ကိုအထူးအားကိုးပါ တယ် ဗျား။
Was this answer helpful?
LikeDislikeဘကြီးရေ၊ လိုအပ်တာလေးတွေ ထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ မင်းကွန်းဘိုးဘွားရိပ်သာမှာ ရှိရှိသမျှ အဆောက်အဦးတွေကို ရာပြည့်ပွဲတော် အမှီ အားလုံးပြုပြင်နေပါတယ်။ ရှေးသမိုင်းဝင် အဆောက်အဦးတွေပဲ ချန်ထားပြီး အားလုံးကို ခေတ်မှီဆောက်လုပ်လျှက်ရှိပါတယ်။ လက်ရှိမှာလည်း ဘိုးဘွားဆောင်တွေ ပြီးသင့်သလောက် ပြီးနေပါပြီ။ နောက်လက်ကျန်တစ်ဆောင်ပြီးသွားရင် အခုလက်ရှိ အဆောင်လေးတွေ မှာနေတဲ့ ဘိုးတွေလည်း အဆောင်သစ်ကို ပြောင်းကြမှာပါလို့သိထားပါတယ်။ မင်းကွန်းဘိုးဘွားရိပ်သာ အတွက် အလှုပြူမယ်ဆိုရင် မင်းကွန်းဘိုးဘွားရိပ်သာ အုပ်ချုပ်ကြီးကြပ်မှုကော်မတီရုံး၊ ၃၁ လမ်း၊ ၈၃ x ၈၄ လမ်းကြား၊ မန္တလေးမြို့။ ဖုန်း ၀၂ ၆၀၅၆၄ မှာ ဆက်သွယ်လှုဒါန်းလို့ ရပါတယ်။ မင်းကွန်းဘိုးဘွားရိပ်သာမှာလှုဖို့အတွက် ဆက်သွယ်ကူညီဖို့ လိုရှိရင် ကျွန်တော့် mail seinthort@gmail.com ကိုလည်း ဆက်သွယ်ရင် ကူညီပါမယ်။
Was this answer helpful?
LikeDislikeဦးဦး စိန်သော့ ခင်ဗျား ….။ ခေါင်းစဉ်လေးတော့ ပြန်ပြင်သင့်တယ်…။ ဒီလောက်ကြီးကျယ်ခန်းနားတဲ့ အလှူကို အညတရ မြတ်ဒါနရှင်လို့ ပေးထားတာ ဘ၀င်ကျစရာမကောင်းပါ….။
Was this answer helpful?
LikeDislikeအညတရ မြတ်ဒါနရှင် လို့ အတမင်ပေးထားတာက အခုခေတ်လို လှုတာနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ မရခဲ့ပဲ အညတရ သာမာန် ဘဝနဲ့ပဲ မိမိမှာရှိတဲ့ ငွေတွေ၊ မြေတွေ၊ တိုက်တွေကို အားလုံး စွန့်လွတ်ကာ လှုတာ၊ မိမိဘဝကိုပါ ဒီလုပ်ငန်းအတွက် ဘဝနောက်ဆုံးချိန်အထိ ပေးဆပ်ခဲ့တာ၊ ဒီမြင့်မြတ်လွန်းတဲ့ အလှုကြီး ကို ပြုခဲ့တာ ပေါ်လွင်အောင်လို့ပါ။
မြတ်ဒါနကြီး ပြုခဲ့သူကို ဘ၀င်ကျစရာမကောင်းအောင် အညတရ လို့ ပေးမိတာက ကျွန်တော် စကားလုံးရှာ ညံ့တာပါ လို့ပဲ မြင်ပေးပါဗျာ ။
Was this answer helpful?
LikeDislikeကျနော်မြန်မာ့ရုပ်သံမှာလုပ်စဉ်က ဘိုးဘွားရိပ်သာကိုအသေးစိတ်ရိုက်ပေးခဲ့ဘူးပါတယ်။
အင်မတန်မှစိတ်ဝင်စားစရာကောင်းပါတယ်ဗျား .. ။ အဘိုးအဘွားတွေနဲ့အင်တာဗျူးရင် ပိုပြီး
သူတို့ငယ်ငယ်ကဘ၀တွေ ဒီကိုရောက်လာရတဲ့အကြောင်းတွေ အမျိုးမျိုး သိခွင့်ရပါတယ်။
တချို့ဆို သူငယ်တောင်ပြန်နေကြပါပြီလေ သနားစရာပါ။ ကိုဒိုင်းမွန်းကြီးအခုလိုတင်ပေးတာ အကျိုးရှိလှ
ပါသဗျာ .. ။
Was this answer helpful?
LikeDislikeငယ်ငယ်က ဖတ်စာထဲမှာပါဖူးပါတယ်။
အခုကလေးတွေရဲ့ သင်ခန်းစာမှာတော့ ပါမပါမသိပါ။
ကျောင်းသုံးစာအုပ်ကော်မတီနဲ့ နီးစပ်သူများပါရင်တော့ ဒီလိုမြန်မာ့ ရှေ့ဆောင်တွေ အကြောင်း ကလေးတွေကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ပေးသင့်တယ်လို့ အကြံပေးပေးကြပါအုံး။
ဖွားဦးဇွန်း ရဲ့ မင်းကွန်း ဘိုးဘွားရိပ်သာပြုပြင်ရေး အလှူကို ကိုပေါက်၊ကိုစိန်သော့၊မောင်ပေနဲ့ နန်းမတော်မယ်ပုတို့ကို ဦးဆောင်စေချင်ပါတယ်။
စကားမစပ် ဖွားဦးဇွန်းလည်း အပျိုကြီးပဲနော။
Was this answer helpful?
LikeDislikeလူတစ်ယောက်ရဲ့ ဘဝ နေဝင်ချိန် ကို စိတ်အေးချမ်းအောင် ပံ့ပိုးပေးသင့်တာ အမှန်ပါဘဲ။
သားသမီး မြေးမြစ် ခြံရံ သူတွေ နဲ့ ပိုက်ဆံချမ်းသာသူ တွေ က အကြောင်း မဟုတ်ပေမဲ့ ဆင်းရဲ လို့ ကြည့်ရှုစောင့်ရှောက် မဲ့သူ မရှိလို့ ထမင်းတောင် နပ်မှန်အောင် မစားရ၊ ကျောချစရာ တောင် နေရာ မရှိတဲ့ သူ တွေ အတွက် ဒီလို စောင့်ရှောက် မဲ့ အဖွဲ့အစည်း တွေ လိုကိုလို ပါတယ်။
ဘကြီး ပြောသလို အဆောင်တွေကို ထိမ်းသိမ်းဖို့ ဝိုင်းဝန်းပံ့ပိုးပေးဖို့ အတွက် အားပေးသင့်ပါတယ်။
အစ်မ ပဒုမ္မာ ထီအကြီးကြီး ပေါက် ရင် ပြန်လာပြီး မရှိဆင်းရဲ တဲ့ လူအို တွေ အတွက် ဘိုးဘွားရိပ်သာ ဖွင့်မယ်။ ဝင်ပြီး ဦးဆောင် ပူးပေါင်းကြပါနော်။
ဒီလို စိတ်ကို ပီတိပွါးစေ တဲ့ Post လေးအတွက် ကျေးဇူးပါ ကိုစိန်သော့ ရှင့်။
Was this answer helpful?
LikeDislikeမလတ်ရေ- အခုလည်း ကိုကျော်သူတို့အဖွဲ့က ဆည်းဆာရိပ် ဆိုပြီး လုပ်နေတယ်။ မြောက်ဒဂုံဘက်မှာပဲထင်တယ်။ မလတ်တို့ စိတ်ဝင်စားတယ်ဆိုလို့ ၀မ်းသာပါတယ်။ အပြင်ကလူတွေတောင် ပြန်လာလုပ်နိုင်ရင် ကျမတို့လိုလူတွေက နိုင်သလောက် ၀ိုင်းဝန်းရမှာပေါ့။ အုတ်သယ်ခဲသယ်လောက်တော့ ဖြစ်ပါတယ်။
Was this answer helpful?
LikeDislike( အဲဒီ အုတ်ဂူလေးနှစ်ခုထဲက တစ်ခုသော အုတ်ဂူလေးထဲမှာတော့ အညတရ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး တစ်ဦး ထာဝရ လျှောင်းစက်နေပါတယ် )…ဆိုတော့…နောက်အုတ်ဂူလေးတစ်ခုက
ဘယ်သူ့အုတ်ဂူများဖြစ်မလဲသိချင်သား(သဂျီးလေသံဖြင့်)…
ပုံတွေကြည့်ရလို့ သင့်ခရုပါ..
Was this answer helpful?
LikeDislikeဒီမေးခွန်းလေး ဘယ်သူမေးမှာလဲဆိုပြီး စောင့်နေတာပါ။
အုတ်ဂူလေးက နှစ်လုံးပါ။ ကျန်တစ်ခုက ဒေါ်ဦးဇွန်းနဲ့ အတူတူ မင်းကွန်းဘိုးဘွားရိပ်သာလူအိုရုံ ကိုလုပ်ကိုင်ခဲ့သူ၊ ဒေါ်ဦးဇွန်း ကွယ်လွန်ပြီးတဲ့နောက်မှာ ဆက်ပြီး ဘဝနောက်ဆုံးချိန်အထိ ဒီတာဝန်တွေ ယူခဲ့သူ ဘီအိုင်အေးဦးမောင်ကြီးရဲ့ အုတ်ဂူလေးပါ။ ဒေါ်ဦးဇွန်း အုတ်ဂူလေး ဘေးမှာပဲ ဂူသွင်းကာ မင်းကွန်းမြေမှာ ဂုဏ်ပြုထားတာပါ။
Was this answer helpful?
LikeDislikeဦးစိန်သော့ကြီးရေ ဗဟုသုတအနေနဲ့ရော ကိုယ်မရောက်ဖူးတဲ့ နေရာမြင်ကွင်းလေးနဲ့ပါ ဖတ်သွားပါတယ်နော် ။
သူမြတ်နိုးတွယ်တာလှတဲ့ မင်းကွန်း လူအိုရုံမှာပဲ မရဏရှင်သေမင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ် ဆိုတာကြီး ဖတ်ပြီးတော့ ကြက်သီးထမိတယ် …
Was this answer helpful?
LikeDislikeဂလိုကိုး..ဖြေကြားပေးတာကျေးဇူပါဗျာ..ငယ်ငယ်က ဖတ်စာထဲမှာပါဖူးပါတယ်။ဒါပေသိ ခုကိုရင်သော့
တင်ပြသလောက်တော့ မပြည့်စုံဘူးလေ…နောက်ပီးတော့ဗျာ..
(ဒေါ်ဦးဇွန်းဟာ မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံ တစ်ခုတည်းနဲ့ ကျေနပ်အားရခြင်း မရနိုင်သေးပဲ ၁၉၂၇ ခုနှစ်မှာ သထုံ၊ ၁၉၂၈ မှာ ပေါင်းတည်၊ ၁၉၃၃ မှာ ရန်ကုန်(နှင်းဆီကုန်း)နဲ့ ၁၉၃၇ မှာ ပခုက္ကူမြို့များမှာ ဗုဒ္ဓဘာသာ လူအိုရုံများ တည်ထောင်ကာ ရှိရှိသမျှ မိမိပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာများကို လူအိုရုံများသို့ ရက်ရောစွာ လှူဒါန်းကာ လုပ်ကိုင်ခဲ့ပါတယ်။)
အံ့ဘွယ်စေတနာပါဘဲ…အကူအညီမဲ့ ဘိုးဘွားတွေအတွက်..နောက်ဆုံးပိုင်းလို့ဆိုရမဲ့…အချိန်လေးတွေကို
လူလူသူသူနေထိုင်ရင်း ဘာသာတရားအလုပ်နဲ့ မွှေ့လျှော်နေနိုင်အောင်ကြံစီအားထုတ်လှူဒါန်းပေးခဲ့လို့
ယနေ့တိုင်ကြည်နူးစရာ ပီတိဖြစ်စရာ အားကျစရာအဖြစ် ကျန်နေဆဲပါ..မေ့မေ့လျော့လျော့ဖြစ်နေတာကို
လှပစွာဓါတ်ပုံများနဲ့တကွ ပြန်တူးဆွပေးသူ ဆြာသော့လဲ ကုသိုလ်တွေတပုံကြီးရမှာပါ…
ခင်မင်လေးစားလျှက်….
Was this answer helpful?
LikeDislike