ပန်းများနှင့်အလွမ်း
|149- Hits|နွေ… မိုး…ဆောင်း..ရာသီပတ်လုံးပွင့်သည့်၊ပန်းအမျိုးအပြားများစုံ
လင်စွာတို့အား ကျမတို့အိမ် နောက်ဖေးခြံဝန်းနှင့်အိမ်ရှေ့ပန်းခြံထဲတို့တွင်အဖေကစိုက်ပျိုးထားပါသည်။
ကျမတို့အိမ်နောက်ဖေးခြံဝန်းထဲတွင်တော့၊ အုန်းပင်များနှင့်အနီးတစ်ဝိုက်ပတ်ပတ်လည်များ၌ ဆလပ်၊ဇီဖ၀ါ(အထပ်တရာ)၊ခေါင်ရမ်း(သုံးပန်လှ) ၊ခေါင်ရမ်း(ခရမ်း)၊ခေါင်ရမ်း(အ၀ါ)၊ခေါင်ရမ်း(ကြက်သွေး) ၊ခေါင်ရမ်း၊ခေါင်ရမ်း(ခေါင်းလောင်း)၊စံပယ်(ကြက်ရုံး) ၊စံပယ်(ရိုးရိုး)၊စံပယ်(အိုးပုတ်)၊ခြင်းလုံး၊ပိန်းပန်းတို့အပြင် အိမ်နောက်ဖေးခြံစည်းရိုးတစ်လျှောက်တို့တိုက်ပန်း(ဖြူ)၊တိုက်ပန်း(ပန်း)၊ပုံနရိပ်(နီ)၊ပုံနရိပ်(၀ါ)တို့အား၊တဇောင်းဆူးပန်းပင်တို့အားစိုက်ထားပါသည်။
မိုးဥတုကာလရာသီရောက်၍ ၊ မြေသင်းရနံ့ လေးများရလျှင်တော့ ၊ အိမ်နောက်ဖေးခြံဝန်းထဲ မဆင်းရမနေနိုင်တာက ကျမပဲဖြစ်ပါသည်။ မိုးဖွဲဖွဲလေးတစ်ဖြိုက်နှစ်ဖြိုက်ကျလာပြီဆိုပါလျှင် မြေသင်းရနံ့လေးရှူရန် အိမ်နောက်းဖေးခြံဝန်းထဲဆင်းမိပါလျှင် လွန်စွာလှပကာ လှမ်းမြင်ရသည်က ခြင်းလုံးပန်းနီနီလေးများပင် ဖြစ်ပါသည် ။ လှမ်းတွေ့ ပြီဆိုတာနှင့်ပင် ကျမကအိမ်နောက်ဖေးမီးဖိုဆောင်မှ ဓားပါးလေးယူဆောင်ကာ ခူးရသည်မှာလည်း နှစ်စဉ်အမြဲပါပင် ၊ ပထမဦးဆုံးခူးခွင့်ရအောင် အမြဲကြိုးစားသဖြင့် မောင်နှမတွေထဲမှာတော့ ကျမကိုဘယ်သူမှနိုင်အောင် မပြိုင်နိုင်ရ သည်ကားအမှန်ပင်ဖြစ်ပါသည်။ ကျမကကြိတ်ပြီးဝမ်းသာရသည့်သူသာလျှင်ဖြစ်ပါသည်။ တစ်ခါတစ်ခါမှာတော့ ညီမလေးတွေက ယီကြည့်(ဒုတိယအမလတ်ဟုခေါ်ဆိုခြင်းဖြစ်ပါသည်) တအားဆိုးတာပဲဟုပြောတတ်ကြပါသည်။ ဘုရားကိုဦးဦးဖျားဖျားတင်ရတာကို ကျမကအရမ်းနှစ်ခြိုက်လှ၍ဖြစ်ပါသည်။ အစ်မကရံဖန်ရံခါဆိုသလို ကျမအားအနိုင်ပြန်ကျင့်တတ်ပါသည် ၊ကျမအားနင်တအားဆိုးသည် နှစ်တိုင်းပင်ခြင်းလုံးပန်းနီနီပွင့်လျှင် အရင်ဆုံးဦးအောင်ခူးပြီးတော့ နင်ပဲအမြဲတင်သည် ငါတို့ကမတင်ရဟုပြောတတ်ပါသည် ။ ပြီးလျှင် နောက်ကျမှရောက်လာပြီး ကျမလက်ထဲမြင်သောခြင်းလုံးပန်းနီနီပွင့်လေးများအား တောင်းယူပါသည်။ ကျမကမပေးရင်အစ်မက အနိုင်ကျင့်ကာလုယူတတ်ခြင်းပဲဖြစ်ပါသည်။ အဖေမြေကြီးထဲစိုက်ထားသော ခြင်းလုံးနီနီပန်းမျိုးဥက ဥတစ်လုံးလျှင် တစ်ကြိမ်သာပွင့်ပါသည်။ မိုးဥတုရောက်လာမှသာ (မိုးဥတုစစခြင်း)ပွင့်တတ်ခြင်းပင်ဖြစ်ပါသည် ။ မြေကြီးထဲမှရိုးတံရှည်ရှည်စိမ်းစိမ်းလေးနှင့်ထိုးထွက်လာကာ ပွင့်ဖတ်ကအတံနီနီအချောင်းကလေးများကခြင်း လုံးသဖွယ်လုံးဝန်းစွာဖြစ်၍နေပြီး ပွင့်ဖတ်ထိတ်ဆံက ၀ါဝါ၀တ်မှုံလေးတွေဖြစ်ကာ အလွန်ကြည့်ကောင်းလှသဖြင့် ဘုရားတင်ချင်ကြကာ မောင်နှမတွေက လုကြရခြင်းဖြစ်ပါသည်။ခြင်းလုံးပန်းနီနီက မြေသင်းရနံ့ရလာတာနှင့်ပွင့်တတ်ပါသည် ၊ နောက်ထပ်ပွင့် ခြင်းမရှိသဖြင့် ခြင်းလုံးပန်းနီနီကို ကျမတစ်အားလွမ်းပါသည်။ ဘုရားတင်လျှင်လည်း ခြင်းလုံးပန်းနီနီပွင့်လေးများအား တစိမ့်စိမ့်ကြည့်ရင်း ဖူးမျှော်တတ်ပါသည်။
မိုးကောင်းကောင်းလေးရွာလာပြီဆိုရင်တော့ အုန်းပင်ဘေးကပ်ရက်စိုက်ထားသည့် ဆလပ်ပန်းပင်၊ဇီဇ၀ါပန်းပင်(အထပ်တစ်ရာ)ပင်တွေ အများအပြားစိုက်ထားကာ အဖူးလေးများအားရေတွက်ရသည်မှာလည်း အမောပင် ၊ ပွင့်လာပြီဆိုလျှင်တော့ခူး၍မကုန် အိမ်ကဘုရားမှာဝေနေအောင်ကပ်ရသည် ။ အိမ်ဘေးနီးချင်းများအား လည်းဝေဌပေးပါသည် ။ တစ်ခါတစ်ခါလာတောင်းဝယ်ကလည်း ရောင်းပေးတတ်ပါသည်။ ပွင့်ပြီဆိုလျှင်တော့ တစ်ခြံလုံးမွှေးမဆုံးပါ ။ ဆလပ်ပန်းလေးများက ကျမတို့အတွက်ကစားစရာပန်းလေးများတောင် ဖြစ်ရသည်။ စံပယ်ကအပင်ပုမျိုးဆိုတော့ လောင်းရိပ်ကျတာမလွတ်သဖြင့် အပွင့်တော့အားနည်းပါသည်။ ဘုရားမှာပန်းကန်လုံးနှင့် အပွင့်များအားထည့်ကာ ကပ်ကြပါသည်။အုန်းပင်အောက်နား၌အုန်းခွံဖြင့် ကပ်၍သွတ်ကြိုးချည်ကာ စိုက်ထားသည့်ဖယောင်းသစ်ခွ၊ကြက်တူရွေးသစ်ခွ၊ ခိုင်ရွှေဝါသစ်ခွများကလည်း မိုးရာသီမှာပွင့်ကြပါသည်။
အိမ်ရှေ့ပန်းခြံထဲက ပုလဲပန်းပင်က အပင်ကြီးမျိုးဖြစ်ပြီးမိုးကုန်ကာနီးမှပွင့်ပါသည် နွေရာသီရောက်လျှင်ရွက်ခြောက်တို့အကုန်ကြွေပြီး အပင်မှာခွန်အားနည်းသွားကာ မိုးရောက်မှအားပြန်ယူပြီး အပင်ရွက်သစ်တို့စိမ်းလမ်းဝေဆာလာရကာ အပင်ခွန်အားပြန်ပြည့်ကာမှပင် အပွင့်ပွင့်ရသဖြင့် အပွင့်ပွင့်မှုနောက်ကျရခြင်းဖြစ်ပါသည် ။ အဖူးမရှိအပွင့်နှင့်အဖူးကအတူတူဟုပြောရမလိုပင်ဖြစ်ပါသည်။ တစ်ခိုင်တည်းတွင်အပွင့်ရိုးတံအချောင်းများ၏ထိတ်ဖျားအလိုက် ပုလဲလုံးလေးများဖြန့်ကားစီထားသကဲ့သို့ပွင့်ခြင်းဖြစ်၍လွန်စွာကြည့်ကောင်းလှပါသည်။ (အပွင့်မှာအလုံးလုံးလေးများဖြစ်ပြီးဖြူဖွေးဆွတ် ကာဥဥလေးများနှင့်တူပါသည်)
ပင်စည်မှာအခေါင်းပွမျိုးဖြစ်ပြီး အပင်ကြီးမျိုးဖြစ်၍ တံချူနှင့်ဆွတ်ခူးယူကြရပါသည်။ (မိုးကုန်ခါနီးမှပွင့်သဖြင့်စောင့်မျှော်ရသူအဖို့ မောရစမြဲပင်ဖြစ်ပါသည်)
ကျမကထိုပုလဲပန်းပင်အားအိမ်တိုင်းစိုက်ပျိုးနိုင်မှုကို မတွေ့ မြင်မိပါ၊ရှားပါးသဖြစ်နှစ်သက်မိပါသည် ။ အဖေကတော့ ကျမတို့ပေါ်ကျိုးကျမှာကိုစိုးရိမ်စိတ်နှင့် ခုတ်ပစ်ခဲ့ရာ ကျမမှာလွန်စွာနှမြောပြီး ထိုပုလဲပန်းအား စိတ်ထဲအမြဲလွမ်းမိပါသည်။ ခေါင်ရမ်းကအမျိုးများပြားလှကာ ရေလောင်းပေးရင်တော့ အမြဲလိုလိုပွင့်တတ်ပါသည်။
ခေါင်ရမ်း(သုံးပန်လှ)ကနေမွန်းတက်လာသည့်အချိန်တွင် သုံးရောင်စုံခြယ်သကာ အရောင်ပြောင်းလဲသွားတတ်သဖြင့် ငယ်ငယ်ကတော့အထူးအဆန်းသဖွယ် စိတ်ဝင်စားမိပါသည်။ အဖေကသူရုံးပိတ်သော နေ့ရက်များဆို ကျမတို့မောင်နှမတွေကိုခေါ်ပြ၍ ရှင်းပြတတ်ပါသည် သဘာဝတရား၏ဆန်းကျယ်မှု အားသိစေချင်၍ဖြစ်ပါသည်။ နေမြင့်တက်လာသည့်အချိန်တွင် ခေါင်ရမ်းပန်းလေးက အဖြူမှအ၀ါရောင် ၊ အ၀ါမှပန်းဆီရောင် လေးကူးပြောင်းသွားတာက တစ်ဆက်စပ်တည်း(တစ်ချိန်တည်း)တွင် ပြောင်းလဲသွားသဖြင့် ငယ်ငယ်ကထိုသို့စောင့်ကြည့်ရတာကို လွန်စွာသဘောကျပြီး အဖေ့အား ကျေးဇူးတင်မိပါသည်။ ခေါင်ရမ်း(ခရမ်း)က မြေနေရာနှစ်သက်မှု အလွန်ရွေးကာ မြေသြဇာအား အလွန်ကြိုက်နှစ်သက်ပါသည် ။ ရှားပါးကာအိမ်မှာတစ်ပင်တည်းပဲရှိပါသည်။ ပွင့်လျှင်တော့ မောင်နှမတွေ အလှည့်ကျနှင့်မလုရအောင် အမေကစီစဉ်ပေးပါသည် ။ ၎င်းပန်းက ကျမတို့မြို့တွင်အလွန်ရှားသဖြင့် အတန်းပိုင်ဆရာမများက သိကာ တောင်းကြလျှင် ကျမတို့မောင်နှမတွေကယူသွားပေးကြရပါသည်။ ဆရာမများကထိုခေါင်ရမ်း(ခရမ်း)အားနှစ်သက် သဘောကျကြပါသည် သူငယ်ချင်းတွေကလည်းတောင်းကြပါသည်။ အဖေစိုက်ထားသဖြင့်သာ ကျမတို့မောင်နှမတွေ(အတန်းထဲမှာ)မျက်နှာပန်းလှကြပါသည်။ နောက်တစ်မျိုးကတော့ အင်္ဂလိပ်မရမ်းသီးပန်းပင် ဖြစ်ပါသည် ။ အဖေက နိုင်ငံခြားတိုင်းပြည်မှ အပင်ပေါက်ကလေးအားမှာယူရကာ ဂရုတစိုက်ကြီးထွားလာသည်အထိယုယကာစိုက်ထားရပါသည်။ အခုချိန်ထိတော့ ဘယ်မှာမှမြင်ဘူးခြင်းတော့ မရှိသေးပါ ၊ အခြားတစ်နေရာရာမှာရှိနေလျှင်တော့ မပြောတတ်ပါ။အပင်မကြီးခင်ခိုးယူခံရမည်စိုးကာ တစ်ရေးနိုးလျှင်တောင်ထကြည့်မိတတ်သည်ဟုအဖေ ကပြောပြပါသည်။ ကျမတို့အရွယ်ရောက်ချိန်မှာတော့အသီးသီးစပြုခဲ့ပါသည် ။ ထိုအင်္ဂလိပ်မရမ်းသီးပန်းကလေးများ အတွဲလိုက်သီးလျှင်တော့ ကျမတို့အိမ်ကိုဖြတ်သွားသူတိုင်းက ငေးမောကာကြည့်ကြစမြဲပင်ဖြစ်ပါသည်။ မျိုးတောင်းသော်လည်း
အစေ့ကစိုက်၍မရ၊အပင်မဖြစ်ထွန်းပါ။ အဖေကတော့ ကိုင်းကူးမျိုးဆက်ဖြစ်နိုင်သည်ထင်မြင်ယူဆမိတာပြောပြပါသည်။ ကျမတို့ဆီမှာတော့ဘယ်လိုမှစိုက်၍မရတာသေချာပါသည်။ မိုးနှင့်ဆောင်းကြားမှာပဲသီးပါသည်။ အပင်ကဆူးပါပြီး အသီးကကြက်ဥအလုံးဏ္ဌန်ပုံစံမျိုး အငယ်စားအရွယ်လေးပဲဖြစ်ပါသည်။ အရောင်မှာအဖြူနှင့်ပန်းရောင်(အရောင်နှစ်မျိုး)ပါရှိပါသည်။ အဖေက ထိုအင်္ဂလိပ်မရမ်းသီးအတွဲလိုက်ကလေးအား အလွန်လှသဖြင့်အပင်မှာပဲ အလှထားခိုင်းပါသည်။ လုံးဝပေးမခူးပါ။ထိတ်ပိုင်းကဖြူပြီးအလယ်က အောက်နားအထိပန်းနုရောင်အဖျော့စားလေးဖြစ်ပါသည်။ ချဉ်ပြုံးပြုံးအရသာရှိပါသည်။ ငယ်ငယ်ကသူများလာတောင်းလျှင်တော့ အပင်မှာအလှထားထားသည်ဟုငြင်းပယ်ကာပြောပြရပါသည်။ ကျမတို့မောင်နှမများကတော့ အဖေ့အလစ်မှာ ခူးကာငါးပိရေနှင့်တို့စားကြပါသည်။ ဆရာမများတောင်းယူလျှင်တော့ အဖေ့အားခွင့်ပြုပေးရန်မနည်းပင်ပြောပြကြရပါသည်။ အဖေကကျောင်းမှာမကြွားရန်ဆူတတ်ပါသည်။အဖေကမျက်နှာသိဖြစ်၍သိသူများလှပါသည်။ အိမ်ရှေ့ပန်းခြံထဲတွင်ပန်းမျိုးကစုံအောင်စိုက်ထားသဖြင့် အားလုံးကစိတ်ဝင်စားကြပါသည် ။
အိမ်ရှေ့ပန်းခြံထဲတွင်၊နှင်းဆီ(တစ်ခိုင်လုံးနှင်းဆီ)၊ နှင်းဆီ(အ၀ါ)၊နှင်းဆီအနီ(ရေမွှေးနှင်းဆီ)၊တိမ်ပြာ၊ ဒေလီယာ၊ဒေစီ၊ဂန္ဓမာ(ရောင်စုံ)၊ခြောက်လ၊ ဒန်းပန်းလေးများ(အရောင်စုံ)၊ လေးနာရီ(မြဉ္ဇူသော်က)၊စွယ်တော်(အဖြူ) ဒီဇင်ဘာပန်း(နှင်းပန်း)ဂေါ်သဇင်၊တို့စိုက်ကာထားရှိပါသည်။
ငယ်ငယ်ကတော့ကျောင်းကပြန်လာပြီးရေမိုးချိုးပြီးပြီဆိုလျှင်တော့၊အိမ်ရှေ့ပန်းခြံထဲမှာပုစဉ်းထိုးလေး များဖမ်းကာကြည်နှူးပျော်ရွှင် ဆော့ကစားကြပါသည်။လေးနာရီထိုးချိန်တန်ကာရောက်မှပွင့်အာလာသော လေးနာရီပန်းကလေးအား စောင်းစားကြည့်ရသည်ကပုံမှန်ဖြစ်နေပါသည် ။ အချန်တန်အရွယ်ရောက်လာသည့် အခါလေးနာရီအချိန်ရောက်လျှင် လေးနာရီပန်းကလေးအား သတိယကာ လွမ်းမိတတ်ပါသည်။ ပန်းတွေပွင့်တာများသည့်အချိန်ဆိုလျှင်ပိတုန်းနှင့် လိပ်ပြာလေးတွေအလာများပါသည်။ ပိတုန်းကိုတော့ကိုက်တတ်သဖြင့်ကြောက်မိပါသည်၊ဝေးဝေးက ရှောင်ပါသည်။ အဖေသိကကန်းခြံထဲမဆင်းရမှာ၊ ပုစဉ်းထိုးမဖမ်းရမှာစိုး၍ဖြစ်ပါသည်။ ပုစဉ်းထိုးလေးများဖမ်းတတ်ခြင်းကိုဘကြီးသိကာ ခေါ်ဆိုဆုံးမဘူးပါသည် ။ သူငယ်ငယ်ကပုစဉ်းထိုးမြင်လျှင်ဖင်ကလေးများအာိးုအမြဲညှစ်တတ်ဆိတ်မိတတ်သည်၊ကြီးလာ၍အိမ်ထောင်ပြုတော့ မိန်းမနှင့်ကတစ်လမှသာတစ်ခါအတူနေဖြစ်သည်၊ ထိုအကြောင်းအားစဉ်းစားမိသော် ငယ်ငယ်ကအပြစ်ကိုမြင်ပြီးဆင်ခြင်တွေးဆ၍ရခဲ့သည် (တသက်တာလုံးထိုသို့နေခဲ့၇သည်)။ ငရဲကြီးသည်ဟုခေါ်ယူ၍ုပြောဆိုဆုံးမဘူးပါသည်။
ကျမဘ၀ပန်းကလေးများနှင့်နဘမ်းလုံးကာ ကြီးပျင်းလာသည်ဖြစ်၍ ပန်းများနှင့်အလွမ်း ခံစားရမှုအပေါ်ရေးသားမိခြင်းဖြစ်ပါသည်။
(စာဖတ်သူတို့ခွင့်လွတ်နားလည်ပေးပါရန်နှင့် ဝေဖန်ဖင်မြင်ချက်များ ရေးသားပေးနိုင်ကြပါရန်တောင်းခံအပ်ပါသည်)
Related posts:


သတ်ပုံမှားသွားသည်ထင်မြင်ချက်ဟုပြင်ဖတ်ပေးပါရန်..
နားလည်ခွင့်လွတ်ပေးပါရန်တောင်းခံအပ်ပါသည်။
Was this answer helpful?
LikeDislikeအန်တီအေးစာဖတ်မိတိုင်း ငယ်ဘ၀ ပြန်ပြန်သတိရမိတယ်ဗျား..
နှစ်သက်မိပါတယ်..
စကားမစပ်..
ခေါင်ရန်းပန်းကို တစ်ချို့ တွေ မပန်ကြဘူးနော်..
ဘယ်လိုကွာသေးလဲ မသိဘူး..ပန်လို့ ရတာနဲ့ မရတာ ကွာသေးလားခင်ဗျ..
နားမလည်လို့ ပါ
Was this answer helpful?
LikeDislikeစိန်ပေါက်ပေါက်..
ခေါင်ရန်းပန်းကလူသေလျှင်ပန်းသည့်ပန်းဟု..
အန်တီကြားဘူးပါသည်၊ဟုတ်မဟုတ်တော့အန်တီမသိပါ..
ခေါင်ရန်း(ခရမ်း)၊ကအန်တီတို့ဒေသမှာမတွေ့ ရပါ၊အပွင့်ကနှင်းဆီပန်းမျှလောက်သာရှိပြီး..
ရိုးရိုးခေါင်ရန်းများနှင့်လုံးဝမတူပါ၊ပွင့်ဖတ်နည်းပါသည်။အန်တီတို့ခေတ်ကတော့၊အဲဒီပန်းကိုဆရာမများက
အလွန်နှစ်သက်တာအမှန်ပါ၊အန်တီတို့မောင်နှမတွေအားလုံးက..
အတန်းပိုင်ဆရာမတွေကိုပေးကြရတာတူနေလို့ပါ။အဖေတို့လူမျိုးတွေအတွက်တော်ဝင်ပန်းလို့သိရပါတယ်။
ဒေသကာလံအလိုက်ကွဲပြားကြပါတယ်၊ကြိုက်နှစ်သက်တာခြင်းမတူကြပါ…။
Was this answer helpful?
LikeDislikeခေါင်ရမ်းပန်းက ဟိုးရှေးရှေးတုန်းက (ဘယ်လောက်ကြာမှန်းမသိတဲ့ကာလကိုယခုလိုပြောပါ)
လူသေရင် လူသေအလောင်းကောင်ကိုရေချိုး သနပ်ခါးလိမ်းပြီး ခေါင်ရမ်းပန်းပန်၊ပါးစပ်ထဲ ကူးတို့ခ
ထဲ့ပေး။ “ဖုတ်သွင်း”လိုက်ရင်လူသေက သူ့ဟာသူ သင်းချိုင်းကို သွားတာတဲ့၊။သင်းချိုင်းရောက်ရင်
ဖုတ်ကထွက်သွားပြီး တုံးကနဲ၊လဲတယ်။ ကိတ်စပြီးပြီပေါ့နော်။
လိုက်ပို့စရာလဲမလိုလို့ တိုင်း(မ) ဆေ့ဗင်း တော့ အတော်ဖြစ်တာ။ အမယ် လမ်းကို လူကြုံပေးလို့ရသေး
တယ်။ ရွာထိပ်က ပေါက်ဖော်ကြီး ကုန်စုံဆိုင်မှာ ဒီအကြွေးလေးဝင်ပေးလိုက်ပါ။ စာလဲ လူကြုံယူသွား
ပေးပါ။ အမယ် အလုပ်ဖြစ်မှာ။
ဒါပေမဲ့ “မသာကောင်တွေ” များပြီး “ထရတ်ဖစ်ဂျန့်” ဖြစ်မှာလဲစိုးရတယ်။
မသာပီကယ် လဲ လိုမယ်၊
ရွှီ—-ညာဘက်ကမသာရပ်ပါ။ ရွှီ —ဘယ်ဘက်ကမသာသွားပါ။
အဝိုင်းပါတ်မသာ အား ဦးစားပေးပါ။
အနှေးမသာ (လူကြီးမသာ) မဝင်ရနယ်မြေ။
မသာများ ညအိပ်ရပ်နားပါက ပြင်းထန်စွာအရေးယူမည်။
မသာလိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ။
ဘာညာနဲ့ မသာရေးရာဝန်ကြီးဌာန တွေဘာတွေသီးသန့် ရှိခဲ့သလားဘဲ။
(မှတ်ချက်။ ရှေးခေတ် အကြောင်းသာဖြစ်ပါသည်၊ ယနေ့ခေတ်နှင့်မဆိုင်ပါ)
သီဟတင်စိုး
(အဲလေ)
မောင်သစ်မင်း(^^)
Was this answer helpful?
LikeDislikeကိုသစ်မင်း…
ဘယ်ပန်းမဆိုတန်ဘိုးထားတတ်ရင်ဖြင့်..
အဖိုးတန်လို့လူသေရင်၊ပန်းခွေတော့အဖြစ်ခံရတာချည်းပါ..
ငါသူမရှိတဲ့ရုပ်နံနှစ်ဖြာရှုလို့၊ဘုရားကိုအာရုံပြုပြီးကပ်လှူကာပူဇော်မိပါတယ်။
အားလုံးကတရားသဘောတွေချည်းပါပဲ..။
Was this answer helpful?
LikeDislikeရှေးခေတ်က မသာတွေက ခုခေတ် မသာတွေထက် ငွေကုန်ကြေးကျ သက်သာပြီး အင်မတန် ခေတ်မီကြတပဲဗျာ
Was this answer helpful?
LikeDislikeအန်တီအေးရေ စာဖတ်ရင်း ပန်းနံ့လေးတွေတောင်ရလာသလိုပါပဲ
စံပယ်ပန်းကို အရမ်းကြိုက်တယ်၊ စာထဲမှာ (၃) မျိုးတွေ့တယ်နော်
နောက်ထပ်ရှိဦးမလားမသိဘူး၊
Was this answer helpful?
LikeDislike