ပညာပေးဆိုတာ
|727- Hits|ဒီအကြောင်းလေးကို ရေးဖို့ ခေါင်းထဲရောက်နေတာ အတော်ကြာပါပြီ။ တရက် အသိတယောက်နဲ့ စကားပြောရင်း သူက ဟော်မုန်းတွေအကြောင်းကို ပြောပြရင်း လူပြိန်းတွေပေါတဲ့ ဒီမှာဆိုရင် ဆရာဝန်များက ပစ်ပစ်နှစ်နှစ်ကို ပြောမှ အများစုက သိကြတယ်လို့ ပြောပါတယ်။ နားထောင်ရင်း စိတ်ထဲ စွဲသွားတာက ” လူပြိန်းတွေ ပေါတဲ့ ဒီမှာ ” ။ သူလည်း တချိန်က ဆေးလောက ကပါပဲ။ နောက် မစ္စတာဂီရဲ့ ပျားသကာလို ချိုပါစေ အပိုင်း ၂ မှာလည်း ဒီလို စကားလေး ထပ်တွေ့ပါတယ်။
နောက် တောင်ပေါ်မြို့လေးမှာ ( မန္တလေးနဲ့ သိပ်မဝေးတဲ့နေရာ) တာဝန်ကျနေတဲ့ ညီအမတွေလို ခင်တဲ့ အလယ်တန်းဆရာမလေးနဲ့ နောက်တယောက်က စစ်ကိုင်းတိုင်းဒေသကြီးမှာ ပါတဲ့ ရွာတခုမှာ အထက်တန်းပြလုပ်နေတဲ့ အဒေါ်ဆရာမတယောက်နဲ့ စကားပြောဖြစ်ပါတယ်။ ပိတ်ရက် ခဏလာလည်ကြတုန်းမှာပါ။ မထင်မှတ်ပဲ ကျမတို့ အားလုံးမှာ တူညီတဲ့ အတွေးတခု ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးက စလို့ ကျမတို့ မန္တလေးမှာ တိပ်ခွေဆိုင်တွေ ပိတ်ကုန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိင်မှုဆိုင်ရာ မှုခင်းတွေ မြင့်တတ်လာပြီး အဲ့ဒီလို အမှုတွေ ထူပြောလာလို့ပါတဲ့။ အဲ့ဒီလို မြင့်တက်လာတာဟာ မဟုတ်တရုတ်အခွေတွေ လွယ်လင့်တကူ ရလာလို့လို့ ပြောပါတယ်။ ကျမကြားမိသလောက်လည်း အရွယ်မရောက်သေးတဲ့ ကလေးငယ်များကို မတော်တရော်ပြုမူတဲ့ အမှုတွေ ပေါလာပါတယ်။ အကြောင်းတွေကတော့ ဖြစ်လာကြပါပြီ။ ကိုနိုဇိုမိ စကားနဲ့ပြောရရင်တော့ ချက်ကောင်းထိပါစေလို့ ရည်ရွယ်ပြီး ကျမလည်း ခဲတလုံးလောက်ပစ်ချင်စိတ်ပေါက်လာပါတယ်။
ဒီလို ကိစ္စတွေအတွက် ခွေတွေ ဖမ်းရုံ ပိတ်ရုံနဲ့ တော့ ရလိမ့်မယ်လို့ ကျမတော့ လုံးဝလုံးဝကြီးကို မထင်ပါဘူး။ ခွေတွေကရော ဖမ်းလို့ ပိတ်လို့ အမြဲတမ်းရမှာ မဟုတ်ပါဘူး။ ဒီထက်မက အရေးပါတဲ့ ကိစ္စတွေ ရှိနေပါသေးတယ်။ ခုခေတ်မှာ အဲ့လို မဟုတ်တရုတ်ခွေများက ခွေဆိုင်တွေကတင် ရနိုင်တာ မဟုတ်ပါဘူး။ သိတဲ့အတိုင်း အင်တာနက် ကစလို့ နေရာစုံ ဘက်ပေါင်းစုံ အမျိုးစုံကနေ ရနိုင်ပါတယ်။
ကလေးတွေရဲ့ mp4 မှာ အဲ့လို ဟာတွေကို အတန်းထဲမှာ မိပါတယ်လို့ ကျမကို အသိ ဆရာမ နှစ်ယောက်လုံးက ပြောသွားပါတယ်။ အလယ်တန်း အထက်တန်းကျောင်းသားများပါနော်။ ထည့်ပေးတဲ့ စီးပွားရေး လုပ်သောလူတွေ ကလည်း ငွေပဲ မြင်တတ်ပါတယ်။ ကျောင်းသားဆိုတာ တိုင်းပြည်အနာဂတ်လို့ ကိုယ့်မျိုးဆက်ရဲ့ အနာဂတ်လို့ မြင်တတ်တဲ့ အသိမရှိကြပါဘူး။
ခုဘယ်လောက်တောင် ဆိုးဝါးလာသလဲ ဆိုတော့ ချစ်သူများနေ့မှာတောင် အခန်းကို မဲဖောက်ပေးအုန်းမှာတဲ့။ နောက်တော့ ပြောင်းပြီး ခရီး သွားခွင့် စရိတ်ငြိမ်းတဲ့ ။ ဆိုတော့ ခုခေတ် လူငယ်တွေ၊ အတ္တကြီးသော စီးပွားရေးသမားတွေ ဘယ်သူ့ကိုမှ တားလို့ရမယ် မထင်ပါဘူး။ ဒါကလည်း ခေတ်ရေစီးကြောင်းတခုလို ဖြစ်လာနေပါပြီ။ ခုခေတ်လို အစစအရာရာ ပွင့်ပွင့်လင်းလင်းနဲ့ လက်တကမ်းအလိုမှာ ဘာမဆို လွယ်လွယ်ရနိုင်တဲ့ ခေတ်မှာ လူငယ်များကို ပိုလို့ ပိုလို့တောင် တားလို့ မရတော့ပါဘူး။ အဲ့ဒီတော့ လုပ်နိုင်တာက သူတို့ဘ၀လေးတွေ မနစ်မွန်းအောင် ဆောင်ရန် ရှောင်ရန် ပညာပေးပဲ လုပ်နိုင်တော့မယ် ထင်ပါတယ်။
ဒီလို လိင်ပညာပေး သင်ခန်းစာတွေ ဒီမှာ သင်မဲ့ အကြောင်းကို ကိုလင်းဝေ က ပိုစ့်တခု ရေးတင်ဖူးသလို သူကြီး ကလည်း poll တင်ဖူးပါတယ်။ မသင်သင့် သင်သင့်မှာ မဲအနည်းငယ်နဲ့ မလုပ်ချင်တဲ့ မသင်စေချင်တဲ့ ဘက်ကများသွားတယ်ထင်ပါတယ်။
အဲ့ဒီပိုစ့်မှာ ပေးခဲ့တဲ့ တချို့ မှတ်ချက်ကို ကြည့်ပြီး ကျမတော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် ကျမတို့ဆီမှာ ခေတ်ကို နောက်ပြန်ဆွဲပြီး မရှက်သင့်တာ ရှက်နေတဲ့ သူတွေ အများကြီး ဆိုတာကို ပိုပိုပြီးသိလာပါတယ်။
ဒါကြောင့်လည်း လူပြိန်းတွေ နားဝေးသူတွေလို့ မှတ်ချက်ချခံရတာပါ။ အဲ့ဒီလို အသိမရှိခဲ့လို မိမိရဲ့ အရွယ်မရောက်သေးတဲ့ ကလေးကို တစိမ်းတရံစာအိမ်မှာ ရိုးရိုးတွေးပြီး စိတ်ချလက်ချ အပ်တာတို့ ၊ အမျိုးအရင်းကြီးတွေပဲ ဆိုပြီး ယုံယုံကြည်ကြည်ထားရာကနေ အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေအပေါ်မှာ မတော်တရောအမှုတွေ မိဘတွေရင်ကွဲလောက်တဲ့ အမှုတွေ ပေါလာတာပါ။ ကျမတို့ အခုလက်ရှိမျိုးဆက်ထိကို အမြင်တွေ မပွင့်လင်းကြသေးပါဘူး။ မိဘတွေကိုယ်၌က ရိုးရိုးတွေးပေမဲ့ ခေတ်ပြောင်းလာတာနဲ့ အမျှ ကြုံလာနိုင်တဲ့ အန္တရယ်များကို သတိမမူမိတတ်ပါဘူး။ ဖြစ်လာမှသာ ရင်ကွဲပက်လက်ဖြစ်ကြတာပါ။
ကျမအနီးစပ်ဆုံး ဒေသတွင်းက ထိုင်းကိုပဲ ပြောပါ့မယ်။ ကျမတို့နဲ့ ဘာသာယဉ်ကျေးမှု ဆင်တူသလို လောလောဆယ် ကိုယ့်ထက်လည်း သာနေတော့ အနောက်ထိအောင် အဝေးကြီး မယှဉ်ပဲ မြင်နိုင်တာလေးကပဲ စပြောပါ့မယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်လောက်က ရီးဒါးဒိုင်ဂျက် ကနေပြီးတော့ အထက်တန်း ကျောင်းတက်နေတဲ့ ကလေးများဆီကနေပြီးတော့ သူတို့မိဘများကို အမှတ်ပေးဖို့ မေးခွန်းလေးတွေ မေးပြီး စစ်တမ်းကောက်ကြပါတယ်။ အာရှစစ်တမ်းနဲ့ အနောက်စစ်တမ်းများကိုလည်း ယှဉ်ပြီး ပြောထားပါသေးတယ်။ မေးခွန်းတွေကတော့ အစုံပါပဲ ။
အကြောင်းအရာလည်း တော်တော်လေး စုံပါတယ်။ လိုရင်းလေးပဲ ပြောရရင် လိင်ပညာပေးနဲ့ ပတ်သတ်ပြီး ထိုင်းမိဘများကို သူတို့ သားသမီးများက ပေးတဲ့ အမှတ်က ဒေသတွင်းက တခြားသော အင်ဒို၊ လာအို ၊ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ စင်္ကာပူ စတဲ့ တိုင်းပြည်များထက်ကောင်းနေတာကို တွေ့ရပါတယ်။ ကျမလည်း အံ့သြသွားပါတယ်။ ဘာလို့လဲပေါ့ ။ အဲ့ဒီစစ်တမ်းက သားသမီးနဲ့ မိဘကြားက ဆက်ဆံရေးကို ဇောင်းပေး ထားတာ ဆိုတော့ အဲ့ဒီအကြောင်းကို အကျယ်တ၀ံ့တော့ ရေးမထားခဲ့ပါဘူး။ အဲ့ဒီမေးခွန်းအတွက်ရတဲ့ အမှတ်ကိုပဲ ပြောသွားတာပါ။ အာရှမိဘများက အကုန်ယေဘုယျတော့ တူပါတယ်။ ဒါပေမဲ့ သားသမီးတွေကို မိဘတွေက လိင်ပညာပေး အဲ့ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မဆွေးနွေးကြပါဘူးတဲ့။ အဲ့ဒီထဲကမှ ထိုင်းက ရမှတ်ကောင်းနေခဲ့တာပါ။
ကျမက လက်လှမ်းမီရာ ဟိုဟာ ဒီဟာလေးတွေ ရှာဖတ်ပါတယ်။ တွေ့တာကတော့ ထိုင်း က အားလုံးသိကြတဲ့ အတိုင်းပါပဲ ။ အပျော်ရှာလိုသူတို့အတွက်နာမည်ကြီးတယ်။ HIV ရောဂါပိုး ၊ AIDS ဆိုတဲ့ ရောဂါဆိုးကြောင့်လည်း စိုးရိမ်ရေမှတ်ရှိတယ်။ တိုင်းပြည်စီးပွားရေးကလည်း နိုင်ငံစုံ လူစုံ၊ ခရီးသွားလုပ်ငန်းက အရေးပါနေတယ်။ အဲ့ဒီလို အခြေအနေမှာ ထိုင်းကို ပညာပေးတွေ လာပြီး စနစ်တကျနဲ့ကို လူထုကြားမှာ ပညာပေးကြတော့တာပါ။ နောက်ပိုင်းမှာ အောင်မြင်လာတယ်ပြောလို့ရပါတယ်။
အဲ့ဒီရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့ အဆင့်ကို တဖြည်းဖြည်းတက်လာခဲ့ပါတယ်။ မိဘတွေရဲ့ လိင်နဲ့ပတ်သတ်တဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ အသိတွေလည်း တဖြည်းဖြည်းတက်လာခဲ့ပါတယ်။ ဒါက သူတို့ မျိုးဆက်အတွက် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုပါ။ သူတို့ကျောင်းတွေမှာ သင်မသင်ကိုတော့ ကျမအတိအကျမသိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုထိအောင်ကို သူတို့တိုင်းပြည်မှာ တရားမ၀င် ကလေးဖျက်ချမှု ( ကျောင်းသားလူငယ်များအပါအ၀င်) က ကမ္ဘာမှာ နံပါတ် ၃ အဆင့် လောက်ရှိနေလို့ပါ။ ဒီလောက်ပညာပေးတာတောင်မှ လိုအပ်ချက်ကတော့ ရှိနေဆဲပါ။ သို့သော် အများကြီးတော့ ကောင်းလာပါတယ်။
မိဘတွေမှာ အဲ့ဒီလို အသိရှိရင် ကိုယ့်သားသမီးကိုယ် ထိန်းသိမ်းလာနိုင်မယ်။ လူငယ်များကိုယ်တိုင်လည်း ဘေးမဖြစ်အောင် ဆောင်ရန်ရှောင်ရန်များကို နားလည်ပြီး ကာကွယ်တတ်လာပါလိမ့်မယ်။ ဒီလို ပြောလို့လဲ လူငယ်များကို မြှောက်ထိုးပင့်ကော်လုပ်ပေးနေတယ် သင်ပေးနေတယ် မတွေးစေချင်ဘူး။ တကယ့်မျက်မြင်က သူတို့တွေရဲ့ ခေတ်ရေစီးကြောင်းကဘက်ပေါင်းစုံက တားမရတော့တာပါ။ တိုးတက်မှုရဲ့ နောက်က အကောင်းနဲ့ အဆိုးဒွန်တွဲမှုများထဲက အဆိုးတွေအတွက် ပြင်ဆင်နိုင်အောင်ပါ။ လူငယ်တွေကို တားမရတော့တာ အားလုံး မျက်မြင်ပါပဲနော်။
ဒီနေရာမှာ ဒေသတွင်း သူများနိုင်ငံက ကျောင်းတွေမှာ သင်တဲ့ လိင်ပညာပေးသင်ခန်းစာနဲ့ ပတ်သတ်လို့ နည်းနည်းလေးပြောပြချင်ပါတယ်။ အများစုက ပညာပေးလို့ ပြောလိုက်ရင် မဟုတ်က ဟုတ်က သင်ပေးမယ်လို့ ယူဆနေသူတွေ ရှိနေကြလို့ပါ။
ကျမကိုယ်တိုင် စာမလိုက်နိုင်တဲ့ ဘိုကျောင်းတက်တဲ့ ကလေးတချို့ကို ကျူရှင်သဘောမျိုး သင်ပေးခဲ့ဖူးလို့ တီးမိခေါက်မိနေတာပါ။ secondary I လောက်က စပါပါတယ်။
စစချင်း အင်ထရိုဝင်တာက
Sexual Reproduction in Human Beings ပါ။ (လူသားတွေလိင်ပိုင်းဆိုင်ရာ မျိုးဆက်ပြန့်ပွားမှုကနေ ဖြစ်တည်လာပုံကိုဖွင့်ဆိုတာပါ။)
သက်ရှိတွေ မျိုးပွားမှုကိုလည်း ပြောပြပါသေးတယ်။
နောက်တော့
reproduction system ဆိုတဲ့ ဖိုအင်္ဂါ မအင်္ဂါ မျိုးပွားအင်္ဂါတွေ အကြောင်းကို သင်တာပါ။
နောက် Stage in reproduction ဆိုပြီး
stage 1 – Fertilisation လို့ခေါ်တဲ့ မိတ်လိုက်ခြင်း။
stage 2 – Pregnancy လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ခြင်း။
stage 3 – Birth လို့ခေါ်တဲ့ မွေးဖွားခြင်း။
အဲ့ဒီနောက်မှာတော့ cloning လို့ခေါ်တဲ့ ပုံတူမျိုးပွားခြင်းအကြောင်းကိုလည်း လေ့လာခိုင်းထားပါသေးတယ်။
အဲ့ဒီနောက်ကမှ Heredity ( မျိုးရိုးလိုက်ခြင်း ) ဆိုပြီး လာပါတယ်။ အဖေနဲ့ ဘာတွေ တူတတ်တယ် အမေနဲ့ ဘာတွေ တူတတ်တယ် စသည်ဖြင့်ပေါ့လေ။
အဲ့ဒီနောက်ကမှ Why is my body changing ? ဆိုပြီး
ယောက်ျားလေး မိန်းကလေး အရွယ်ရောက်လာတာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အကြောင်းပြောပါတယ်။
အဲ့ဒီကမှတဆင့် သားဆက်ခြားနည်းအကြောင်းလာပါတယ်။ အရွယ်မတိုင်မှီ အိမ်ထောင်ပြုခြင်းမှ တဆင့် သားပျက်သားလျှော တဲ့ အန္တရယ်အကြောင်းကို လေ့လာခိုင်းပါတယ်။
နောက် ခေါင်းစဉ်တခုအနေနဲ့ ဖန်ပြွန်သန္ဓေသား ကို ဘယ်လိုလုပ်ယူတယ် ဆိုတဲ့ အကြောင်းလေ့လာရပါတယ်။
နောက်တဆင့်အနေနဲ့ လိင်မှတဆင့်ကူးဆက်တတ်တဲ့ ရောဂါတွေအကြောင်းကို လေ့လာရပါတယ်။
ကာလသားရောဂါအမျိုးမျိုးနဲ့ AIDS ရောဂါတွေ ဘယ်လိုအပြုအမှုကြောင့်ရတယ် ကူးစက်တတ်တယ်ဆိုတာ လေ့လာရပါတယ်။
အဲ့ဒီရောဂါတွေရဲ့ ဖြစ်ပွားပုံ အဆင့်ဆင့်ကိုလည်း လေ့လာရပါတယ်။
အဲ့ဒီလို ကူးစက်ရောဂါတွေ မဖြစ်အောင် မကူးစက်အောင် လည်းဆောင်ရန် ရှောင်ရန် အပြုအမူများကို သင်ရပါတယ်။
အဲ့ဒီနောက်မှာတော့ Stem Cells (ပင်မဆဲလ် )ရဲ့ အကြောင်းနဲ့ သူရဲ့ အကျိုးများပုံကိုသင်ရပါတယ်။
(အခုနောက်ပိုင်းဒီမှာတောင် ကလေးမွေးပြီးပြီးချင်းမှာ အဲ့ဒီပင်မဆဲလ်ကို သိမ်းထားတာမျိုး အူဝဲတို့ စုံတွဲက စလိုက်တာ ခေတ်စားနေပါပြီ)
ဒါက သူများနိုင်ငံရဲ့ အလယ်တန်းလိင်ပညာပေး သင်ခန်းစာပါ။ ဘာတွေများ မဆီလျော်တာတွေ့ပါသလဲ ????????????
ဘာတွေကများ ကလေးတွေကို မဟုတ်မဟပ်တွေ သင်ပေးနေတယ် လှုံ့ဆော်နေတယ်လို့ ထင်ပါသလဲ ?????????????
ဒီမှာ ကြော်ငြာတဲ့ အခန်းကံစမ်းမဲဖောက်ပေးတယ် ဆိုတဲ့ စာမျိုးကသာ လူငယ်တွေကို မဟုတ်တာလုပ်ချင်အောင် လှုံ့ဆော်ပေးတာ မဟုတ်ဖူးလား?????????????
ဒီသင်ခန်းစာ တွေက လူတယောက်အနေနဲ့ သိသင့်သိထိုက်တဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အသိတခု မဟုတ်ဖူးလား ??????
ဒီလို အသိမျိုးကို သူများနိုင်ငံက အလယ်တန်းကျောင်းသားက နောကြေနေပါပြီ။ ကျမတို့ ဆီက ရိုးရိုးသာမန် ဘွဲ့ရတောင် ဒီလို အသိမျိုး မရှိပါဘူး။
ဆိုတော့ သူများနောက်ကောက်ကို ကျမတို့ က အပုံကြီးနောက်ကျနေပါပြီ။ ဒါကြောင့်မို့ ကျမတို့ကို လူပြိန်းတွေလို့ မှတ်ချက်ပေးတာကို ခံရတာပါ။ ဒါက ကျန်းမာရေး အသိပဲ ရှိပါသေးတယ်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်အောင် သင်ပေးတဲ့ သင်ခန်းစာမျိုးကတော့ နောက်ကြုံရင် ပြောပြပါအုန်းမယ်။
သူများတိုင်းပြည်များကတော့ လူငယ်ဆိုတာ တိုင်းပြည်အနာဂတ်ပဲ ဆိုပြီး ပညာသင်စဉ်အခါကထဲက ဘက်စုံ အသိရအောင် လမ်းတွေ ဖွင့်အမြင်တွေပွင့်အောင် လုပ်ပေးသင်ပေးကြတာပါ။
ကျမတို့ဆီမှာကတော့ သင်သင့် မသင်သင့် ငြင်းကောင်းတုန်း ပဲ ရှိနေသေးတယ် ဆိုတော့ ………………………
Related posts:


အလှမ်းဝေးနေတာတော.အမှန်ပဲ–ကျွန်တော်တွေ.ဘူးတဲ.အမျိုးသမီးတစ်ယောက်ဆိုဘွဲ.ရခါနီးနေပြီ
ကိုယ်ဝန်ရတယ်ဆိုတာရေသောက်တဲ.အချိန်မှာအကောင်လေးမျောပါသွားတာတဲ.၊သူ.အမေပြောတဲ.
အတိုင်းယုံနေတာ။။ကျွန်တော်တို.အလုပ်ကပါ—ဒီတော.မိအေး ၁၅ ခါလောက်နာတော.မပေါ.။
ကျောင်းတွေမှာအခွေတွေဖမ်းမိတာလဲအမှန်ပဲဗျို.။မိဘတွေတောင်ခေါ်ပြီးအသိပေးရတယ်။
စနစ်တကျသင်ပေးတယ်ဆိုတာမြှောက်ပေးတာမှမဟုတ်ပဲ—-မဟုတ်လဲအပြင်မှာစနစ်မကျစွာသိသွား
မှာပဲလေ—မိဘနဲ.သားသမီးရင်းနှိးပွင်.လင်းတာကောင်းပါတယ်—-ဒီလိုဆွေးနွေးစရာပို.စ်တစ်ခုတင်တာ
ကောင်းပါတယ်–အမြင်မတူတာလေးတွေလဲတွေ.ရမှာပေါ.—ဘာပဲဖြစ်ဖြစ်ကာင်းစေချင်ကြမှာပဲလေ ။။
Was this answer helpful?
LikeDislikeဟုတ်ပါတယ် ကိုဆာမိ ကျမကလည်း တဖြည်းဖြည်းချင်းမိဘတွေကိုပါ အမြင်တွေ ပွင့်လင်းလာစေချင်ပြီး အရှိကို အရှိအတိုင်း လက်ခံနားလည်စေချင်တာပါ။
Was this answer helpful?
LikeDislikeပြဿနာက အိမ်ကလူကြီးတွေက ထကန့်ကွက်မဲ့နေရာကစပါလိမ့်မယ်။
ကလေးတွေကို ကျောင်းတွေကဘာတွေသင် မှန်းမသိဘူးပေါ့နော်။
ဆိုတော့ကာ လုပ်မယ်ဆိုရင် တပြိုင်နက်တည်း လူကြီးတွေကိုပါ စည်းရုံးဟောပြောပွဲ
တွေပါလုပ်ပေးရပါမယ်။ ဒါမှမဟုတ် အဲဒီနေရာက စ ရပါမယ်။
သူတို့နားလည်လက်ခံလာအောင် ကြိုးစားဖို့လိုအပ်ပါတယ်။
ဖြစ်အောင်လုပ်ရင်ဖြစ်မှာပါ။ လိုအပ်လို့ဆိုတာ သူတို့နားလည်လာတဲ့နောက်မှာ
ကျောင်းသင်ပညာရေးမှာ ထဲ့သွင်းပြီး သင်ကြားလို့ရသွားမှာပါ။
အဲဒီနေ့ကို ရောက်လာအုန်းမယ်လို့ ယုံကြည်ပါတယ်။
လက်လဲလက်ခံပါကြောင်းပါ။
ကျေးဇူးပါ။
Was this answer helpful?
LikeDislikeအဲ့ဒါအမှန်ပါပဲ ။ ပြသာနာက လူကြီးတွေဆီမှာ ရှိနေတာပါ။
Was this answer helpful?
LikeDislikeဟုတ်တယ်မမပူးခ်ျရေ ကိုသစ်ပြောသလိုပဲ မိဘတွေကို အရင်ပညာပေးလုပ်သင့်တယ်
Int’l School တစ်ခုမှာ Secondary 1, အစိုးရကျောင်းအဆင့် ၇တန်း၊ မှာ sexual education ကိုစသင်တယ်
စာအုပ်တွေ ကလေးတွေလက်ထဲလည်းရောက်ရော နောက်နေ့ မိဘ ၂၀လောက်ကျောင်းကိုလိုက်သွားပြီး သူတို့ကလေးတွေကို ကျောင်းထုတ်မယ်လုပ်ပါလေရော၊ ပုံနဲ့တကွ ကွက်ကွက်ကွင်းကွင်းပြထားလို့ပါတဲ့၊
တစ်ချို့အစိုးရကျောင်းတွေကိုလည်း UNICEF ကနေ ဖြန့်ဝေပေးထားတဲ့ ပညာပေးစာအုပ်တွေ၊ စာစောင်တွေရှိပါတယ် စာကြည့်တိုက်မှာ သိမ်းထားမယ်ထင်တယ်။
မြန်မာနိုင်ငံပညာရေး နိုင်ငံတကာအဆင့်ရောက်မယ့်တစ်နေ့တော့ မျှော်လင့်မိပါတယ်။
Was this answer helpful?
LikeDislikeအင်း ….ဆက်ရှူဝယ် အက်ဒျူကေးရွန်း ..ကို မားကတ်တင်းလုပ်ဖို့ လိုနေပီထင်ပါ့….
ကလေးကို အင်တာနေရှနဲလ်း ကျောင်းထားတဲ့ ခေတ်မှီတဲ့..(ခေတ်မှီချင်ယောင်ဆောင်တဲ့)
ကလေးမိဘတွေတောင် ဒါမိုး ဆို ….သူတို့ထက် နိမ့်တဲ့ ဆိုရှဲလ် ခလာစ့် က မိဘတွေက ပိုတောင်
ကွန်ဇာဗေးတစ်ဗ် ဦးမပေါ့…… ခက်ကပီ ….။
တနေ့တော့ တနေ့ပေါ့ဗျာ…
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeမိုးဇက်ရေ အမသင်ခဲ့တဲ့ ကလေးကတော့ အဲ့ဒီအခန်းကို လိုကယ်ဆရာက ကျော်သင်ပါတယ်တဲ့ ။ နောက်နိုင်ငံခြားသားဆရာ ၀င်မှသာ သင်ပေးတာပါတဲ့ကွယ်။
Was this answer helpful?
LikeDislikeဟုတ်ဒယ်..အန်တီပုခ်ျရေ
အပေါ်ကနှစ်အူးပြောသလိုပါ
အဓိကက မိဘတွေပေါ်မှာလဲ မူတည်ပါတယ်..
မိဘကစိုးရိမ်ပြီး ခြောက်ပြောပြောခဲ့ရာက ခလေးမတွေ အပျိုဖြစ်လာတဲ့အခါ၊စာဖတ်နည်းတဲ့အခါပေါ့လေ..
လေ့လာရမှာ ရှက်ပြီး အဟုတ်ကို..မဟုတ်ထင်..မဟုတ်ကို အဟုတ်ထင်ပြီး မဟုတ်ဂျပန်(မဟုတ်တရုတ် မဟုတ်ပါ)
(မဟုတ်ဂျပန်ပဲစိတ်ဝင်စားနေကြတာတွေ့ မိလို့ ပါ)တွေဖြစ်ကုန်ကြတာဘာ..
သများဆိုလဲ ဘာမှဗဟုသုတမရှိဘူး..အဲတာနဲ့  မဟုတ်ဂျပန်တွေဖြစ်ကုန်ကော
ဒီလိုဗဟုသုတမရှိကြတာ နယ်ဘက်တွေမှာ တော်တော်များပါတယ်.ဗျာ..
မြို့ ကြီးပြကြီး၊ရန်ကုန်ကခေးမတစ်ချို့ ကတော့ကိုယ့်ထက်ဆြာကျတာတွေ ရှိပါတယ်.
အကောင်အထည်ဖော်မယ်ဆို နယ်ဘက်တွေကို လှည့်လည်ပြီး အရင်ပညာပေးသင့်ပါတယ်..ထင်မိပါတယ်
Was this answer helpful?
LikeDislikeပေါက်ပေါက်ဖော်တို့ကတော့ ဆြာကျသူများကို ကြုံဖူးတယ်ထင်ပါ့
Was this answer helpful?
LikeDislikePooch ရေ…
လူပြိန်းတွေလို့ အခေါ်ခံရတာမှာ …အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။
ပြောလိုက်တဲ့ပုဂ္ဂိုလ် အနေနဲ့ (lay people) လို့များပြောချင်တာလား။
ဒါဆိုရင်တော့ ဟုတ်ပေသားပဲ၊ ဆေးလောကအသိပညာတွေဟာ တီချာတို့ လို
ပြင်ပလူတွေအတွက် နားလည်ရခက်ပေဦးမယ်ဆိုရင် ( lay people) လို့ သုံးတာ
လက်ခံရပေမယ်။ လူပြိန်းလို့သုံးမဲ့အစား သာမာန်လူတွေပေါ့နော။
သို့မဟုတ် (naive) လို့သုံးမယ်ဆိုရင်တော့ လူပြိန်းအမှန်ပါပဲ။ ဘာမှမသိ။
ရိုင်းရိုင်းပြောရင် S တုံးပေါ့နော။
သမီးပြောတဲ့ကျောင်းသူ/သားတွေနဲ့ Taboo clips တွေကိစ္စ တီချာလည်းဘဝင်မကျဘူး။
ကြယ်ငါးလေးတွေအကြိမ်ကြိမ်ပစ်ခဲ့တာ လက်မောင်းတောင်ကိုက်နေပါပြီ။
နောက် Sex education နဲ့ ပတ်သက်ပြီးတော့ကတော့ တို့ဗမာတွေရဲ့  rooted concepts
တွေ၊ ဘာသာရေးအရ လက်ခံမှုတွေ၊ငြင်းဆန်မှုတွေ၊ ခေတ်မမီနိုင်မှုလေးတွေ။ အများကြီးပါ
သမီးရယ်။ ဒီ Categories တွေ တီချာတို့ ဆွေးနွေးကြ ရေးဆွဲခဲ့ကြတာလေ။ ခရီးမရောက်
နိုင်သေးတာတွေ တောသုံးထောင်ပါတော်။
အော်မေ့တော့မလို့… Your writing is super, A+, and gorgeous.
Was this answer helpful?
LikeDislikeဟုတ်ပါတယ်တီချယ် လက်မောင်းတွေတောင် ကိုက်နေပါပြီ ။ ဒါပေမဲ့ လက်ကြောင်းမှန်ပေါ် မရောက်သေးသမျှကာလ ပတ်လုံး အနော်တို့တတွေ လက်ကိုက်ခံပြီး ဆက်ရေး ဆက်ပစ်နေရအုန်းမှာပါ။ ဒါကလည်း အနော်တို့ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ပါ။
thank you for your praise..
Was this answer helpful?
LikeDislikePooch,
ကလေးတွေဟာ သိလိုစိတ် အမြဲကိမ်းအောင်းနေကြတယ်။ သိလိုစိတ် ကို လူကြီးတွေက
ကူညီပြီးရှင်းပြပေးရပါမယ်။ ဘာသာရေး ရှု့ထောင့်မှာ လည်း
ငါးပါသီလမှာ သူများသားမယားမစော်ကားရဘူး ကာမေသုမိစ္စာစာရာ ဆိုတာဟာ
ဘုရားရှင် မြတ်ဗုဒ္ဓပေးခဲ့တဲ့ Sex Education ပါ။ မြန်မာပြည်နောက်မကျဘူး လူပြိန်းမဟုတ်ဘူး ချဲ့မတွေးတာပဲ.
Lateral thinking မလုပ် တာပဲ။ ကျွန်တော်တို့ လူကြီးတွေ က မရှက်တတ်အောင်ရှင်း ပြဖို့ လိုပါတယ်။
ကလေးတွေကို Sex Education သိတတ်စအရွယ် လက္ခံ နိုင်မဲ့အရွယ် မှာ စ သင်သင့်ပါပြီ။ အခုဆိုရင် မန်းလေးမှာ Private DVD ရုံလေးတွေမှာ ဆိုရင် အခု လူငယ်စုံတွဲလေးတွေ
ကိုရုံသွင်းပြီး ရုပ်ရှင် ပြနေကြတယ်။ Sex Education မသိသေးတဲ့ကလေးတွေပဲ။ ရုံကသေးသေး မှောင်ကမှောင်နဲ့။ အကယ်လို့သာ Sex Knowledge မရှိရင် အလွဲတွေဖြစ်ကုန်တော့မှာပဲ။ မန်းလေး လမ်း၃၀ ။ ၇၇၊၇၈ ကြား မန်းမြို့တော် ပေါက်စီဆိုင်အနောက်ဖက်မှာ DVD ရုံ
လေးရှိတယ်။သွားကြည့်လိုက်ကြပါ။ မတွေးဝံ့စရာ။ Young Couples without being trained to get familiar with sex education. Alarming!!! No doubt, we need sex education prescribed at our schools!! ချစ်ခြင်းအားဖြင့်…ကိုဆန်နီ
Was this answer helpful?
LikeDislikeကိုဆန်နီရေ……. အဲဒိရုံနာမယ်က အကယ်ဒမီလားဗျ ကျွန်တော်တို့ကျောင်းတက်နေတုန်းက ရောက်ဖူးတယ်…….။
Was this answer helpful?
LikeDislikeအခုအဲ့ဒီလို ရုံတွေ တော်တော်များများရှိတယ်မှတ်တာပါပဲ ။
Was this answer helpful?
LikeDislike၁၈ နှစ်အောက် မကြည့်ရတဲ့ ဟာတွေ ကို ၁၈ နှစ်အောက်တွေ ကို လုံးဝ ပေးမရောင်းရ ဆိုတာလေးတော့ လုပ်စေချင်တယ်ဗျာ ။ ဥပမာ ။ ။ ဆေးလိပ် ကန့် သတ်သလိုပေါ့ ။
Was this answer helpful?
LikeDislikeအခုခေတ် စီးပွားရေးသမားကတော့ လောလောဆယ်ငွေပဲ ကြည့်တယ်လေ။ နောက်တော့ ခေတ်ပြောင်းရင် စနစ်ပြောင်းရင် အသိပြောင်းရင် မပြောတတ်ဖူး။
Was this answer helpful?
LikeDislikeလိင်ပညာပေးကတော့ ရှိသင့်သလို သိလဲသိသင့်ပါတယ်။
(သင့်တင့်သောအသက်အရွယ်မှာပါ)။
ဒီကိစ္စတြွေုဖစ်လာတာ နိုင်ငံခြားကလာသောခွေများ ဆင်ဆာမဲ့ခွေများကြောင့်လို့တစ်ဖက်သတ်ပြော၍မရပါ။
(1) လူဦးရေများပြားလာသောမြို့ပြများတွင် နေရာထိုင်ခင်းကျဉ်းကျပ် ဖြစ်သလိုနေ
ူလူခြေတိတ်အောင်ထိ မစောင့်နိုင်ကြသော ဖေဖေ မေမေ ကိုကို မမ ဦးဦးဒေါ်ဒေါ်တို့ကြောင့်လည်း
အချိန်မတိုင်မီ အရှင်လတ်လတ်မြင်ကြ ကြားကြ ရခြင်းသည်တစ်ကြောင်း
(ညမိုးချုပ်မှ မနက်လင်းအားကြီးထိ ရှိသော တီဗွီအစီအစဉ်များကြောင့်လည်းကလေးများစောစောမအိပ်ကြခြင်းသည်လည်း အကြောင်းတစ်ခု)
(2) ချိန်းတွေ့ကြသော စုံတွဲများ၏ ကဲကဲသဲသဲ ပုံရိပ်များက လည်း ကလေးများကို စောသိစေခြင်းများသည်လည်း
အမူတွဲထဲတွင်ပါဝင်သည်ဟု ထင်မြင်မိပါကြောင်း။
Was this answer helpful?
LikeDislikeဖြစ်စေချင်တာကတော့
လိင်ပညာပေးကို အကျဉ်းအကျယ် ပုံစံအမျိုးမျိုးနဲ့
ရှောင်လွှဲလို့မရတဲ့ (သတင်းစာလို) နေရာမျိုးတွေမှာ အဆက်မပြတ်ဖေါ်ပြပေးနေရင်
တနှစ်လောက်အတွင်းလူကြီးရောလူငယ်ပါ မျက်စိယဉ်နားယဉ်ပြီး
လိင်ကိစ္စဆိုတာ ထမင်းစားရေသောက်ဖြစ်သွားမယ်။
အဲဒီတော့မှ ကျောင်းမှာ လိင်ပညာပေးကို စံနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်သင်ရင်
ကန့်ကွက်သူနည်းသွားပါလိမ့်မယ်ထင်တယ်။
Was this answer helpful?
LikeDislikeမပုခ်ျပြောထားသလို ကျောင်းတွေမှာသင်ဖို့ pollလုပ်တုံးကလဲ သင်ဖို့ဖက်ကနေမဲပေးခဲ့သလို.
အခုထပ်ပြောရမယ်ဆိုရင်လည်းလုပ်နိုင်ရင် တာဝန်ရှိသူများအမြန်ဆုံးလုပ်ဖို့အားပေးတယ်ဗျာ..
ကလေးကျောင်းသင်ခန်းစာမှာသာ စနစ်တကျသင်ကြားပေးလိုက်ရင်.နားမလည်အသိမရှိသေးတဲ့မိဘတွေအဖို့လည်း
ကလေးရဲ့သင်ခန်းစာတွေကတဆင့်ပြန်သိလာမယ်.ကိုယ်ကလေးကိုသေချာဂရုပြုထိန်းသိမ်းလာနိုင်ကြမယ်..
ကျနော် ငယ်ငယ်ကဘေးအိမ်နားကလူတယောက်၃တန်းအရွယ်ကလေးမလေးကို
လုပ်ချထဲ့လိုက်တာမြင်ဖူးကြားဖူးတယ်ဗျ.အဲဒါ မိဘတွေကအသိပညာမရှိ.ကလေးတွေကအန္တရာယ်ကိုနားမလည်..
ပြီးတော့ကိုယ်တွေ့အနေနဲ့.ပြောရရင်.ရန်ကုန်မြို့မှာပဲကြီးပြင်းလာတဲ့နှုတ်ခမ်းချင်းနမ်းရင်.
ကိုယ်ဝန်ရတတ်တယ်လို့ ဘွဲ့ရပြီးချိန်တိုင်အောင်.ယုံကြည်နေခဲ့သောကလေးမမျိုးလည်းတွေ့ဖူးကြောင်းပါ.
Was this answer helpful?
LikeDislikeမ၀ံ့မရဲနဲ့ ၀င်ဖတ်သွားပါတယ်ဗျို့။
Was this answer helpful?
LikeDislikeကြောင်တွေပဲအေးတယ်။ ပြာသိုတလကလွဲရင် စိတ်မကစားဘူး…။ လူတွေသာ နေ့ညမရွေး နေပူမိုးရွာမရှောင် ကိလေသာထတာ။ ဒါနဲ့များ ငါတို့ကို အဟိတ်တိရစ္ဆာန်တဲ့…။ ဒွိဟိတ် တိဟိတ်တွေကိုလ်ွပြီး ဂွိဟိတ်ဖြစ်နေတဲ့ သဂျီးရေ…ခင်ဗျားလူတွေထက် ကြောင်တွေက ပိုစောင့်ထိန်းနိုင်တယ်ဗျို့….။
Was this answer helpful?
LikeDislikeအစ်မပုခ်ျရေ ထောက်ခံအားပေးပါတယ် … ဒီလို မီးမောင်းထိုးပြတဲ့ပို့စ်မျိုး များများရှိသင့်ပါတယ် ။
သင့်ဧ။် မသင့်ဧ။် ငြင်းနေတာနဲ့ … အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေ တဖြုတ်ဖြုတ်ပဲ့ကြွေရင်းနဲ့ပဲ … လုံးပါးပါးတော့မယ် … ။
မိဘတွေကတော့ သူတို့ရဲ့သားသမီးကို ဘယ်အရွယ်ပဲ ဖြစ်ဖြစ် ငယ်သေးတယ်ထင်ပြီး … ဒီလို မျိုးဆက်ပျံ့ပွားရေးဆိုင်ရာ အသိပေးဗဟုသုတတွေပြောဖို့ စောသေးတယ်ထင်မှတ်ကြတယ် … ။ သူတို့ရဲ့ အတ္တနဲ့ စေတနာတွေကြောင့် … လူငယ်လေးတွေ မသိပဲ ၊ ပိုးဖလံမျိုး မီးကို တိုးနေတဲ့ အဖြစ်တွေ များသထက်များလာတာကို ရင်နာနာနဲ့ပဲ ကြည့်နေရတော့တယ် … ။
ညီမတို့ လုပ်ပေးနိုင်တာဆိုလို့ … မီဒီယာဘက်ပိုင်းကပဲ ပို့စ်တွေ ၊ သလော့တွေမှာ ဆောင်ရန် ရှောင်ရန်လေးတွေလောက်ပဲ ရေးနိုင်မှာလေ … ဒါကလည်း ဖတ်မိတဲ့ လူမှ ၊ မဖတ်မိပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ ၊ သားသမီးများ ၊ တစ်ခုလပ် ဘယ်နှစ်ယောက်များ ဖြစ်သွားကြပြီလဲ …ဒါ့ပြင် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ … ဘယ်လောက်များ ရှိနေခဲ့ပြီလဲ … တွေးရင်းတောင် စိတ်မကောင်းဘူး … ။
Was this answer helpful?
LikeDislikepooch ရေ ဒီပို့စ် အတွက် ကျေးဇူးပါ ၊ ထိချက်မှန်တဲ့ ခဲ တစ်လုံး ဖြစ်ပါစေ
ကျွန်တော် ၇ တန်း နှစ်ကျမှ သူငယ်ချင်း တစ်ယောက် ယူလာလို့ ရင်တုန်ပန်းတုန် ပုံလေး တစ်ပုံ စတွေ့ဘူးပါတယ် ဒါတောင် ခိုးကြောင် ခိုးဝှက် ကြည့်ကြရတာပါ ။ အခုခေတ်မှာတော့ အလွယ်တကူ ကို တွေ့နေမြင်နေကြရပါတယ် ( ဒါကို ဘယ်လိုကန့်သတ်မလဲ ဆိုတာ က တစ်ခု )
သူကြီးပြောသလို ဒါစားကောင်းတဲ့ အသီး များများစားကြဆိုတာမျိုးတော့ အားမပေးချင်ပါဘူး ၊ တတ်နိုင်ရင် အိမ်ထောင်ပြုတဲ့ အထိ ထိန်းသိမ်းသွားစေချင်တာပေါ့ ၊ ဒါပေမဲ့ ဒါ မိဘတစ်ယောက်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒပါ အခုအချိန်တောင်မှ အဲဒီဆန္ဒက ပြည့်ဘို့ မလွယ်တဲ့အတွက် နောင် ၁၀၊၁၅ နှစ် ပိုဆိုးတော့မှာပေါ့
အဲဒီအတွက် အခုကတဲက သူတို့ အရွယ်နဲ့လိုက်မဲ့ နားလည်လွယ်မဲ့ ပညာပေးမှုမျိုးလုပ်သွားရတော့မှာပဲ ၊ နောက် ဒါ သဘာဝပဲ ဖြစ်တတ်တယ် ရှက်စရာမဟုတ်ဘူး မိဘကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း သူငယ်ချင်း တစ်ယောက်လို တိုင်ပင်တတ်တဲ့ အခြေအနေလေး ဖန်တီးပေးထားရမယ် ၊ တချို့ မိဘနဲ့ သားသမီးကြား ပွင့်လင်းမှု မရှိလို့ ခြေလွန် လက်လွန်ဖြစ် ကိုယ်ဝန်ဖျက်ချ မိခင်အသက်ပါဆုံး ဆိုတာတွေ ကြားနေရတယ်
ပွင့်လင်းမှုသာ ရှိမယ်ဆို ၊ အရွယ်ရောက်လို့ ရည်းစားရှိလာရင် ရည်းစားကို အိမ်ခေါ်လာခဲ့ ( ကြို အကဲ ခတ်လို့ ရမယ် ၊တခြားသွားလို့ မဖြစ်သင့်တာ ဖြစ်မဲ့ရာခိုင်နှုန်းလျော့သွားမယ်) ၊ မတော်တဆ အတူနေဖြစ်ရင် အကာအကွယ် သုံးရမယ် ဆိုတဲ့ အသိတရား ပေးထားနိုင်မယ် ၊ ဒီကြားထဲက ကိုယ်ဝန်ရှိလာရင်တောင် သူတို့ ဘာသာ ခိုးကြောင်ခိုးဝှက်ဖြေရှင်းတာထက် မိဘနဲ့တိုင်ပင်ပြီးဖြေရှင်းရင် အမှားနဲတာပေါ့
ငါ တို့ကတော့ ဒါမျိုး မရဘူး အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး အရှက်နဲ့လူလုပ်တာ ဒီကောင်မ အသေကို သတ်ပစ်မယ် ဆိုတဲ့ မိသားစုတွေမှာ အမှားတွေ အများကြီးတွေ့နေရတယ် ၊ အပ်နဲ့ထွင်လို့ ရတာကို ပေါက်စိန်နဲ့ ထွင်းနေကြရတယ်
ဒီလိုတွေ ပြောလို့ အားပေး အားမြှောက်ပြုနေတာ မဟုတ်ပါဘူး ၊ ရ လာမဲ့ အကျိုး အပြစ်ကို မိဘတွေ အနေနဲ့ ကြိုတွေ ကြိုပြင်ထားစေချင်တာပါ
Was this answer helpful?
LikeDislike